|
MNL ပွဲစဉ် (၁) ဇန် ၅၊ ၁၃။
၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ စည်းမျဉ်းသစ်များ စတင် အကျုံးဝင်သော နေ့လည်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲကို အသင်းပေါင်း (၁၂)သင်းဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်ပြိုင်ပွဲတွင် အသင်း (၁၄)သင်း ပါဝင်ခဲ့သော်လည်း ပြိုင်ပွဲအား ပိုမိုကျစ်လျစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန် စေလိုသည့် အတွက် အောက်ဆုံး (၂)သင်းကို တန်းဆင်းစေခဲ့ပြီး MNL -2 အဖြစ် ဖေဖော်ဝါရီ လတွင် စတင် ယှဉ်ပြိုင်မည် ဖြစ်သည်။ အခြား ပြိုင်ပွဲ စည်းမျဉ်းများကို ပြောင်းလဲခြင်း မရှိသော်လည်း ပြည်တွင်း ကလပ်များ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်စေရန် အတွက် နိုင်ငံခြားသား အသုံးပြုသည့် စည်းမျဉ်းကို ပြင်ဆင်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံး ရာသီက တစ်သင်းလျှင် နိုင်ငံခြားသား (၃)ဦးသာ ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ နိုင်ငံခြားသား (၄)ဦး ခေါ်ယူခွင့် ရှိသည့် (၃+၁) စနစ်ကို စတင် ကျင့်သုံးခဲ့သည်။ သို့သော် ချန်ပီယံဆု မျှော်မှန်းနေသည့် အသင်းကြီး အချို့မှ လွဲ၍ ကျန်အသင်း များမှာ ထိုစနစ်အတိုင်း ကစားသမား ခေါ်ယူခြင်း မရှိခဲ့ပေ။ (၃+၁) စနစ်အတိုင်း ကစားသမား ခေါ်ယူခဲ့သည့် အသင်းများမှာ ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေး၊ ကမ္ဘောဇ၊ ဇွဲကပင် တို့ဖြစ်သည်။ အသင်းကြီးများအနက် ဇေယျာရွှေမြေမှာ ပြီးခဲ့သည့် ရာသီက လက်တွဲခဲ့သည့် ကစားသမား (၃)ဦးကိုသာ ဆက်လက် လက်တွဲခဲ့သည်။ ဆောက်သမ်းနှင့် ရခိုင်ယူနိုက်တက် တို့မှာ နိုင်ငံခြားသား ခေါ်ယူခဲ့ခြင်း မရှိပေ။
ပြိုင်ပွဲ ပထမနေ့ကို ရန်ကုန်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ အစရှိသည့် ထိပ်သီးအသင်း များ၏ ပွဲများဖြင့် စတင်ခဲ့သည်။ သို့သော် ထိပ်သီးအသင်းများ ထဲတွင် ရန်ကုန်နှင့် ဇေယျာရွှေမြေ တို့သာ ရလဒ်ကောင်းခဲ့ပြီး ကျန်အသင်းများမှာ အခြေအနေ မကောင်းခဲ့။ ရတနာပုံက အိမ်ကွင်းတွင် ရခိုင်ကို နောက်ကျ ပင်နယ်တီကြောင့်သာ သရေရခဲ့သည်။ ရခိုင်အတွက် ပြည့်မိုးက (၇၅)မိနစ်တွင် ဦးဆောင်ဂိုး သွင်းသွားသောကြောင့် ရတနာပုံတို့ မရှုံးရေးအတွက် အသည်းအသန် ရုန်းကန်ခဲ့ရပြီး ပွဲချိန်(၈၅)မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကြောင့်သာ အခြေအနေ မဆိုးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဧရိယာ အပြင်မှ ဖြစ်ရပ်ကို ပင်နယ်တီ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်၏ သွင်းဂိုး တစ်ဂိုးကို လူကြွံဘော သတ်မှတ်ခဲ့ကြောင်း ဂျာနယ် စာမျက်နှာများတွင် ပါဝင်လာခဲ့ရာ ထိုပွဲမှာ တစ်ပတ်အတွင်း လူပြော အများဆုံး ပွဲတစ်ပွဲ ဖြစ်လာခဲ့တော့သည်။

ကမ္ဘောဇကတော့ ဆောက်သမ်းကို အိမ်ကွင်းမှာ ကစားရပါလျက် (၀-၁)ဂိုးဖြင့် ရှုံးခဲ့သည်။ ဆောက်သမ်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ရဲအောင်က ပွဲချိန် (၆)မိနစ် ကတည်းက သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသည်က ရဲအောင် ဂိုးသွင်းနိုင်ရန် အတွက် ကမ္ဘောဇ ဂိုးသမား ကျော်ဇင်ထက်က ဖန်တီးပေးခဲ့ခြင်းပင်။ ရန်ကုန်ကတော့ အိမ်ကွင်း မြက်ခင်းတု ကွင်းမှာ ဇွဲကပင်ကို (၂-၀)ဖြင့် နိုင်ခဲ့သည်။ သို့သော် ဇွဲကပင်၏ သွင်းဂိုးတစ်ဂိုးကို ဒိုင်က ခွင့်မပြုခဲ့သည့် ဖြစ်ရပ်ကတော့ ရန်ကုန်၏ နိုင်ပွဲကို မှေးမှိန်စေခဲ့သည်။ ဇေယျာရွှေမြေ ကလည်း ရာသီကြို ခြေစမ်းပွဲများတွင် ခြေစွမ်းပြနေသည့် ဟံသာဝတီကို အနိုင်ကစား ခဲ့သည်။ အခြား အသင်းကြီးများလောက် ပြင်ဆင်မှု မရှိခဲ့သည့် အသင်းတစ်သင်း၏ အဖွင့်ပွဲကတော့ လှပခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ လက်ရွေးစင်ဟောင်း စည်သူဝင်းက ပွဲချိန် (၇၂)မိနစ်တွင်မှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ MNL အဖွင့်ပွဲတွင် ထူးခြားချက်မှာ ပြင်ဆင်မှု အားကောင်းခဲ့ပြီး အများမျှော်လင့်ခြင်း ခံခဲ့ရသည့် အသင်း အများစု ရလဒ်မကောင်းခဲ့ခြင်း ဖြစ်သည်။ အသင်းကြီး (၄)သင်းလုံး အနိုင်ရနိုင်ခြေ ရှိသည့် ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ရန်ကုန်နှင့် ဇေယျာရွှေမြေတို့သာ အနိုင်ရခဲ့သည်။ သို့သော်လည်း ရန်ကုန်ရော ဇေယျာရွှေမြေပါ ခြေစွမ်းပိုင်းတွင် လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်။
MNL ပွဲစဉ် (၁)။ ဇန် ၆၊ ၁၃။
ပွဲစဉ်(၁)၏ ပွဲကျန် (၂)ပွဲကို ဆက်လက် ကျင်းပခဲ့သည်။ ရာသီအစ ခြေစမ်းပွဲများတွင် အခြေအနေ မကောင်းသည့် ဧရာဝတီသည် မနောမြေကို ဂိုးတစ်ဂိုးပင် မသွင်းနိုင်ပဲ သရေကျခဲ့သည်။ ဧရာဝတီ အနေဖြင့် ပြီးခဲ့သည့် ရာသီကတည်းက ပုံစံပျက်နေခဲ့သည့် အသင်းကို ကစားသမားကောင်းများ ဖြည့်တင်းထား သော်လည်း ယခုထိ အကောင်းဆုံး ပုံစံ မရနိုင်သေးသည်ကို တွေ့ရသည်။ သုဝဏ္ဍကွင်းမှ မကွေးနှင့် နေပြည်တော်တို့၏ ပွဲကတော့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို ပွဲကြမ်းတစ်ပွဲလည်း ဖြစ်ခဲ့သည်။ တစ်ပွဲလုံး အ၀ါကတ်များ လှိုင်လှိုင် သုံးခဲ့သလို ကစားသမား တစ်ဦးလည်း ထုတ်ပယ်ခံခဲ့ရသည်။ ထုတ်ပယ် ခံခဲ့ရသည်က နေပြည်တော် ကွင်းလယ်လူ ကိုနေး ဖြစ်သည်။ ကိုနေးကတော့ အသင်းဟောင်းနှင့် ပြန်တွေ့ချိန်တွင် ထုံးစံအတိုင်း အနီကတ်ကို လက်ဆောင် ယူသွားခဲ့သည်။ ရောက်လေရာ အသင်းတိုင်းတွင် ခြေစွမ်းပြ နိုင်သည့် ကစားသမားကောင်း တစ်ဦးဖြစ်သော်လည်း အသင်းဟောင်းနှင့် ရင်ဆိုင်တိုင်း အကဲဆတ်သည့် ကိုနေးကို သူ့အကျင့်ကပင် စားသွားခြင်း ဖြစ်သည်။ မလိုအပ်ဘဲ ကြမ်းတမ်းခဲ့သောကြောင့် အ၀ါနှစ်ကတ်ကို ဆက်တိုက်နီးပါး အပြခံရကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ ရသည်။ ထိုပွဲတွင် နေပြည်တော်အတွက် ဂိုးကို ပွဲချိန် (၂၁)မိနစ် ကတည်းက ခိုင်ထူးက ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး မကွေးက (၈၆)မိနစ်တွင် ပြန်လည် ချေပခဲ့သည်။
ပွဲစဉ် (၁)အတွင် ထူးခြားချက်မှာ ဂိုးသွင်းနှုန်း နည်းခဲ့ခြင်း ဖြစ်သည်။ ပွဲပေါင်း (၆)ပွဲ တွင် သွင်းဂိုး (၈)ဂိုးသာ ရှိခဲ့ပြီး တစ်ပွဲသာ ဂိုးပြတ်ခဲ့သည်။ ပြည်ပ ကစားသမား (၄)ဦး ဂိုးသွင်းနိုင်ခဲ့ပြီး ပြည်တွင်း ကစားသမားများ အနက်မှလည်း (၄)ဦး ဂိုးသွင်းနိုင်ခဲ့သည်။ ထူးခြားသည်မှာ နိုင်ငံခြားသားများ သွင်းယူသည့် (၄)ဂိုး စလုံးမှာ တည်ကန်ဘောများမှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်နောက်ခံလူ ရှက်ဗ်ကော့စကီးမှာ ပြစ်ဒဏ်ဘောကို ပိတ်သွင်းခဲ့ခြင်း ဖြစ်ပြီး တိုက်စစ်မှူး ကိုနေး၏ သွင်းဂိုးမှာလည်း ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ရတနာပုံမှ ပေါ်လို၏ သွင်းဂိုးနှင့် မကွေးမှ အီဗန်၏ သွင်းဂိုးများမှာလည်း ပင်နယ်တီများ ဖြစ်နေခဲ့သည်။

ရာသီသစ်တွင် နည်းပြသစ်များဖြင့် ပွဲထွက်လာသည့် အသင်းများလည်း ရှိခဲ့ရာ ထိုအသင်းများမှာ မနောမြေ၊ ရတနာပုံနှင့် ရခိုင် ယူနိုက်တက်တို့ ဖြစ်ကြသည်။ မနောမြေသည် အသင်းကို နည်းပြချုပ် အဖြစ် တောက်လျောက် ကိုင်တွယ် လာခဲ့သည့် ဦးဝင်းမြင့်သွင်ကို မန်နေဂျာ အဖြစ် ပြောင်းလဲ တာဝန် ပေးခဲ့ပြီး လက်ထောက် နည်းပြ ဦးအုန်းကြိုင်က နည်းပြချုပ် ဖြစ်လာခဲ့သည်။ ရတနာပုံသည် ပြီးခဲ့သည့် ရာသီက အသင်းကို ကိုင်တွယ်ခဲ့သည့် ဘရာဇီး နည်းပြချုပ် ဘောဂတ်စ်ကို ပရိသတ်များ၏ ဆန္ဒအရ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် အဖြစ် ဘောရစ်ဘန်ဂျက် အမည်ရသည့် ဆားဘီးယား နည်းပြသစ်ကို နည်းပြချုပ် အဖြစ်ခန့်အပ် တာဝန်ပေးခဲ့သည်။ ရခိုင်ယူနိုက်တက်မှာမူ ပြီးခဲ့သည့် ရာသီက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင် ပေးခဲ့သည့် နည်းပြချုပ် ဦးဟန်ထွန်း နှုတ်ထွက် သွားခဲ့ရာ အသင်း၏ နည်းစနစ် ဒါရိုက်တာ ဦးအောင်နိုင်က နည်းပြချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ဦးအောင်နိုင်သည် နေပြည်တော် အသင်းကိုလည်း နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ ဖူးသည်။ နုတ်ထွက်သွားသည့် ဦးဟန်ထွန်းကိုမူ ကမ္ဘောဇ အသင်းက လက်ထောက် နည်းပြအဖြစ် တာဝန်ပေးခဲ့သည်။
၂၀၁၂ MNL အဖွင့်ဂိုး ---------- ၆' ရဲအောင်၊ ဆောက်သမ်း။ (ကမ္ဘောဇ ၀-၁ ဆောက်သမ်း) ဂိုးအပြတ်ဆုံးပွဲ ---------------- ရန်ကုန် ၂-၀ ဇွဲကပင် နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ ရန်ကုန် ၂-၀ ဇွဲကပင်၊ ရတနာပုံ ၁-၁ ရခိုင်၊ မကွေး ၁-၁ နေပြည်တော် သွင်းဂိုးပေါင်း-------------------(၈)ဂိုး ဂိုးသွင်းသူများ------------------ ရဲအောင်၊ ပြည့်မိုး၊ စည်သူဝင်း၊ ခိုင်ထူး၊ ပေါ်လို၊ ရှက်ဗ်ကော့စကီး၊ ကိုနေး အဒမာ၊ အီဗန်။
MNL ပွဲစဉ် (၂)။ ဇန် ၁၂၊ ၁၃။
၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပွဲစဉ် (၂)ကို ကျင်းပခဲ့သည်။ အသင်းကြီး များထဲမှ ကမ္ဘောဇ၊ ရတနာပုံ၊ ဧရာဝတီ တို့၏ ပွဲများ ပါဝင်ခဲ့သည်။ အဖွင့်ပွဲတွင် အိမ်ကွင်း၌ ဆောက်သမ်းကို အရှက်တကွဲ ရှုံးနိမ့်ထားသည့် ကမ္ဘောဇသည် YTC ကွင်းတွင် မနောမြေနှင့် ရင်ဆိုင် ကစားခဲ့ရာ သရေရလဒ်သာ ရရှိခဲ့သည်။ ကမ္ဘောဇသည် မနောမြေ၏ ဦးဆောင်မှုကိုပင် ခံခဲ့ရပြီး နောက်မှ လိုက်ကစားကာ ချေပဂိုးနှင့် ဦးဆောင်ဂိုးများကို သွင်းယူ နိုင်ခဲ့သော်လည်း နောက်ဆုံး မိနစ်တွင် မနောမြေ၏ ချေပဂိုး သွင်းယူမှုကို မတားဆီး နိုင်သောကြောင့် အမှတ် ပြန်လည် ခွဲပေးခဲ့ရသည်။ မနောမြေအတွက် ပွဲချိန် (၂၅)မိနစ်တွင် တိုက်စစ်မှူး အဆာလေက ကမ်ဘူး၏ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ (၁-၀) ဖြစ်စေသည်။ ၀င်းမင်းထွဋ်နှင့် ဟန်ဆန်တို့၏ အားနည်းမှု ထင်ရှားခဲ့သည်။ သို့သော် ကမ္ဘောဇအတွက် မိုင်းအိုက်နိုင်က (၃၈)မိနစ်တွင် ချေပခဲ့သည်။ သိပ်မကြာမီ (၄၁)မိနစ်တွင် နူးနက်ဇ်က သူ၏ အမှတ်အသား အတိုင်း ပြစ်ဒဏ်ဘောကို အပြင်း ကန်သွင်းကာ ကမ္ဘောဇကို ဦးဆောင် စေခဲ့သည်။ ထိုသို့ဖြင့် ပွဲပြီးရန် (၁)မိနစ် အလိုတွင် ကမ္ဘောဇ ဂိုးဧရိယာအတွင်း ရှုပ်ရှက်ခတ် နေသည့် အနေအထားမှ မနောမြေ နောက်ခံလူ အီဗရာဟင်က ဂိုးသွင်းယူ သွားခဲ့သောကြောင့် ကမ္ဘောဇတို့ ရင်ကွဲနာ ကျရပြန်သည်။ ပွဲအပြီးတွင် ကမ္ဘောဇ နည်းပြချုပ် ဆီဗာဂျီက အသင်း၌ အားနည်းချက်များ ရှိနေကြောင်း ၀န်ခံသွားခဲ့ပြီး အဓိက ပြုပြင်ရမည်မှာ စိတ်ဓါတ်ပိုင်းပင် ဖြစ်ကြောင်း ဆိုခဲ့သည်။

ရတနာပုံနှင့် မကွေးတို့၏ ပွဲစဉ်တွင်လည်း အိမ်ရှင် ရတနာပုံက မထင်မှတ်ဘဲ မကွေးကို ရှုံးနိမ့်ခဲ့သည်။ ပြင်ဆင်မှု ကောင်းမွန်ခဲ့သည့် အတွက် ပရိသတ်များ၏ မျှော်လင့်ချက်လည်း ကြီးမားခဲ့ရာ ရှုံးချက်နာ ခဲ့သည်ဟုပင် ဆိုရမည် ဖြစ်သည်။ ပွဲအစ (၉)မိနစ် ကတည်းက မောင်မောင်စိုးက မကွေးအတွက် ဦးဆောင်ဂိုး သွင်းခဲ့သည်။ မိနစ် (၆၀)တွင် ရန်အောင်ဝင်းက ပြန်လည် ချေပခဲ့သော်လည်း ပွဲချိန် (၇၅)မိနစ်တွင် မျိုးဇော်ဦးက မကွေးအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့သည်။ ရတနာပုံသည် ယခုပွဲတွင်လည်း ပထမ ပွဲကကဲ့သို့ပင် ခြေစွမ်း ပြနိုင်ခြင်း မရှိခဲ့ရာ ပရိသတ်များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ ကွင်းအတွင်း လာရောက် ကြည့်ရှုသည့် ပရိသတ် များသည် ပွဲပြီးကာနီးတွင် မကွေး အသင်းကို ဟစ်အော် အားပေးခဲ့ကြသည် အထိ ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် ရတနာပုံ အသင်းခေါင်းဆောင်ဟောင်း ခင်မောင်ထွန်းနှင့် ဂိုးနည်းပြ ဖြစ်သူ ဦးအောင်ကျော်ထူးတို့က ပွဲလာကြည့်သည့် ပရိသတ်များကို မချေမငံ ပြန်လည် တုံ့ပြန်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နေပြည်တော်ရှိ ပေါင်းလောင်းကွင်းတွင် ကစားခဲ့သည့် နေပြည်တော် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် တို့၏ ပွဲစဉ်တွင်မူ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ပွဲအစ (၄)မိနစ် သွင်းဂိုးဖြင့် နေပြည်တော်ကို ဧရာဝတီ ဦးဆောင်သည်။ သို့သော် နေပြည်တော်က ဒုတိယပိုင်း (၇၄)မိနစ်တွင် ဇော်ထက်အောင်၏ ဖရီးကစ်ဖြင့် ချေပဂိုး ပြန်လည် ရယူခဲ့သည်။ နောက်ပိုင်းတွင် မိမိတို့ ရရှိသင့်သည့် ပင်နယ်တီ တစ်လုံးကို ကွင်းလယ်ဒိုင်က ငြင်းပယ်ခဲ့ကြောင်း နေပြည်တော် အသင်းက သတင်းထုတ်ပြန်ခဲ့သည်။
MNL ပွဲစဉ် (၂) ဇန် ၁၃၊ ၁၃။
လက်ကျန် ပွဲစဉ် (၃)ပွဲကို ရန်ကုန်မြို့ တစ်မြို့တည်း၌ ကွင်း(၃)ကွင်းခွဲ၍ ကျင်းပခဲ့သည်။ ကျန်ပွဲများထက် နာရီဝက် စော၍ ကစားသည့် ရန်ကုန်နှင့် ရခိုင်တို့ ပွဲစဉ်တွင် ရန်ကုန်က (၄)ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်နှင့် တွေ့တိုင်း ဂိုးပေးများတတ်သော ခံစစ်ကြောင်း၏ အစဉ်အလာကို ရခိုင်တို့ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။ ကွင်းအနေအထား အသာရနေသည့် ရန်ကုန်က စိတ်ကြိုက်ပင် ကစားကာ ဂိုးများ သွင်းခဲ့သည်။ ကျော်ကျော်ထက်၏ တံတောင် အစွမ်းပြမှုနှင့် ကျော်ကျော်ထက်ကို ထုတ်ပယ်စဉ် ကွင်းလယ်ဒိုင်၏ အနီကတ် ကျိုးသွားခဲ့သည့် ဖြစ်ရပ်များ ကတော့ ထိုနေ့၏ အလှုပ်ခတ်ဆုံး သတင်းများပင် ဖြစ်မည်ထင်သည်။ ပွဲအပြီးတွင် ရခိုင်နည်းပြချုပ် ဦးအောင်နိုင်က ကျော်ကျော်ထက်ကို ဆီဇာက ရန်စခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ သုဝဏ္ဏကွင်းမှ ဆောက်သမ်းနှင့် ဟံသာဝတီတို့ ပွဲတွင်တော့ ဟံသာဝတီက ကွင်းလယ်လူ အောင်မြင့်ထွန်း၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအတွက် အနိုင်ဂိုးကို ပွဲချိန် (၄၃)မိနစ်တွင် အောင်မြင့်ထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဇေယျာရွှေမြေကလည်း ပုံမှန်ချီတက်နေသည်။ အသံတိတ် သေနတ် ကိုင်ထားသည့် လူသတ်သမားလို တိတ်တိတ်ဆိတ်ဆိတ်နှင့် ပြိုင်ဘက်များကို ဇီဝိန်ချွေ နေခြင်းလည်း ဖြစ်သည်။ လူသစ်လည်း ဟုတ်တိပတ်တိ မခေါ်ခဲ့သလို ကျော်ကိုကို ကိုပင် ထုတ်ရောင်းခဲ့သည့် ဇေယျာရွှေမြေသည် အဖွင့်ပွဲတွင် ဟံသာဝတီကို အနိုင်ကစားခဲ့ပြီး ယခုတစ်ပတ်တွင်လည်း စိုးပိုင်သွေး၊ ဆာဆာ တို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သည်အတိုင်း ဆိုလျှင်တော့ ဇေယျာရွှေမြေကို ချန်ပီယံ စာရင်းထဲတွင် ထည့်သွင်း စဉ်းစားရတော့မည့် အနေအထား ဖြစ်လာခဲ့သည်။

ပွဲစဉ်(၂) ပွဲများအပြီးတွင် နိုင်ပွဲမရသေးသော အသင်း (၇)သင်းအထိ ရှိနေခဲ့သည်။ ထိုအသင်းများမှာ နေပြည်တော်၊ ဧရာဝတီ၊ ကမ္ဘောဇ၊ ရတနာပုံ၊ မနောမြေ၊ ရခိုင်ယူနိုက်တက်နှင့် ဇွဲကပင် တို့ဖြစ်ကြသည်။ ပြီးခဲ့သည့် ရာသီက ထိပ်ဆုံး (၅)သင်း စာရင်းဝင်ခဲ့သည့် ရတနာပုံ၊ ကမ္ဘောဇ၊ ဧရာဝတီ တို့မှာ ပွဲစဉ် (၂)ပွဲ ပြီးချိန်အထိ နိုင်ပွဲမရသေး သည်မှာလည်း ထူးခြားမှု တစ်ရပ်ပင် ဖြစ်သည်။ ပွဲစဉ်(၂)တွင် ဂိုးသွင်းနှုန်းများလည်း တက်လာခဲ့သည်ကို တွေ့ရသည်။ သွင်းဂိုး စုစုပေါင်း (၁၆)ဂိုး အထိ ရှိခဲ့ပြီး ပွဲစဉ် (၁)၏ (၂)ဆရှိခဲ့သည်။ ထုံးစံအတိုင်း နိုင်ငံခြားသား များက ဂိုးအများစုကို သွင်းယူခဲ့ပြီး နိုင်ငံခြားသားများ ဂိုးမသွင်းနိုင်ခဲ့သည့် ပွဲမှာ (၂)ပွဲသာ ရှိခဲ့သည်။ ထိုပွဲမှာ ရတနာပုံနှင့် မကွေးပွဲ၊ ဆောက်သမ်းနှင့် ဟံသာဝတီပွဲတို့ ဖြစ်သည်။ ရန်ကုန်နှင့် ပွဲတွင် အနီကတ် ပြသခံခဲ့ရသည့် ရခိုင်ကွင်းလယ်လူ ကျော်ကျော်ထက်မှာ ယခုရာသီအတွက် ပထမဆုံး တိုက်ရိုက် အနီကတ် ပြသခံရသူ ဖြစ်ခဲ့ပြီး မြန်မာ ကစားသမားများထဲတွင်လည်း ပထမဆုံး အနီကတ် ပြသခံရသူ ဖြစ်ခဲ့သည်။ ထို့အပြင် အဆိုပါ အနီကတ်ကြောင့် (၂)ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ငွေ (၂)သိန်း ချမှတ် ခံခဲ့ရသည်မှာလည်း ယခုရာသီအတွက် ပထမဆုံးပင် ဖြစ်ခဲ့သည်။
ဂိုးအပြတ်ဆုံးပွဲ ---------------- ရန်ကုန် ၄-၀ ရခိုင်ယူနိုက်တက် နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ ရန်ကုန် ၄-၀ ရခိုင်ယူနိုက်တက်၊ မနောမြေ ၂-၂ ကမ္ဘောဇ သွင်းဂိုးပေါင်း-------------------(၁၆)ဂိုး။ ဂိုးသွင်းသူများ------------------ ရန်အောင်ဝင်း၊ မျိုးဇော်ဦး၊ မောင်မောင်စိုး၊ ဇော်ထက်အောင်၊ မိုင်းအိုက်နိုင်၊ အောင်မြင့်ထွန်း၊ စိုးပိုင်သွေး၊ မာဂျန်၊ အက်စလေ၊အီဗရာဟင်၊ နူးနက်ဇ်၊ ဆာဆာ၊ ဆီဇာ(၂)၊ ကိုနေးအဒမာ (၂)။
ဂိုးအများဆုံး သွင်းထားသူများ-------------ကိုနေးအဒမာ (ရန်ကုန်) ၃ ဂိုး၊ ဆီဇာ (ရန်ကုန်) ၂ ဂိုး။
|