|
Written by Admin Team
|
|
Monday, 18 February 2013 17:22 |
|
လီဗာပူးလ် အသင်းသည် အိမ်ကွင်း အန်းဖီးလ်တွင် အကောင်းဆုံး ကစားပြီး ဆွမ်ဆီးကို ခြေပြတ်၊ ဂိုးပြတ် အနိုင်ယူကာ Capital One ပွဲစဉ် ရှုံးကြွေးကို လှလှပပ ဆပ်သွားခဲ့သည်။ လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ စတီးဝပ်ဒေါင်းနင်း၊ လူးကက်စ်လီဗာ၊ စတီဗင်ဂျရတ်၊ ဟိုဆေး အန်ရီကေး၊ ဂလင်းဂျွန်ဆင် အစရှိသည့် အဓိက ကစားသမားများဖြင့် ဆွမ်ဆီးကို ရင်ဆိုင်ခဲ့ပြီး ဧည့်သည် အသင်းတွင်မူ အဓိက တိုက်စစ်မှူး မီချူးနှင့် အသင်းခေါင်းဆောင် အက်ရှ်လေဝီလျံတို့ကို အရန်သာ ထားပြီး အိုင်တေရှက်တာ၊ ယိုနသန် ဒီဂါ့ဇ်မန်း၊ လီယွန်ဘရစ်တန်၊ ကီမီ အော်ဂက်စတင်၊ ကိုင်လီ ဘာတလေ၊ ဘန်ဒေးဗီးစ် အစရှိသည့် ကစားသမားများ ပါဝင်လာသည်။
ပွဲချိန် (၃၄)မိနစ်တွင် ဆွာရက်ဇ်ကို ဆွမ်ဆီး ခံစစ်မှူး အော်ဂက်စတင် အဖျက်ကြမ်းသဖြင့် လီဗာပူးလ်တို့ ပင်နယ်တီ ရပြီး ယင်းကို အသင်းခေါင်းဆောင် ဂျရတ်က ကန်သွင်းသွားခဲ့သည်။ ဒုတိယပိုင်း ပြန်လည် စတင်သည်နှင့် လီဗာပူးလ်တို့ ဂိုးရပြီး ပွဲကို ထိန်းချုပ်ရန် ပိုမို လွယ်ကူလာသည်။ ယင်းဂိုးကို ဆွာရက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကစားသမားသစ် ဖိလစ်ပီ ကော်တင်ဟိုက ၎င်း၏ လီဗာပူးလ် ကစားသမားဘဝ ဗွေဆော်ဦးဂိုးအဖြစ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ တောက်လျှောက် တိုက်စစ်ဆင်နေသော လီဗာပူးလ်သည် (၅)မိနစ်အတွင်း နောက်တစ်ဂိုးရပြီး စတာရစ်ဂ်ျ ချပေးသော ဘောလုံးအား ဘယ်တောင်ပံ ခံစစ်မှူး အန်ရီကေးက သွင်းယူခဲ့သည်။ (၅၆)မိနစ်တွင်မူ တစ်ပွဲလုံး ခြေစွမ်းထက်နေသည့် ဆွာရက်ဇ်က ဒေါင်းနင်း၏ ပေးပို့မှုကို အဆုံးသတ်ကာ စတုတ္ထမြောက်ဂိုးကို ရယူခဲ့ပြန်သည်။ လီဗာပူးလ်အတွက် နောက်ဆုံးဂိုးကိုမူ ပွဲချိန် မိနစ်(၇၀)တွင် ပင်နယ်တီမှတစ်ဆင့် စတားရစ်ဂ်ျက သွင်းယူသွားခဲ့သည်။

ယခုပွဲတွင် လီဗာပူးလ်၏ လူစားဝင် တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီ ဒဏ်ရာရသွားခြင်းကမူ အသင်း၏ နိုင်ပွဲကို အပြည့်အဝ မပျော်ရွှင်စေဘဲ ဖြစ်သွားသည်။ လီဗာပူးလ်သည် အမှတ်ပေးဇယား အဆင့်(၁၀)အတွင်းရှိ အသင်းတစ်သင်းကို ယခုရာသီ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်း ဖြစ်လာပြီး ယခုအခါ ပရီးမီးယားလိဂ် အဆင့်(၇) နေရာ၌ ရပ်တည်ခွင့် ရလာခဲ့သည်။ Ref: Eurosport
|
|
Last Updated on Monday, 18 February 2013 18:48 |