| AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ဦးတင်မြင့်အောင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း - စိုးမိုး (IBC) |
|
|
|
| Written by ကိုစိုးမိုး (IBC) |
| Saturday, 07 March 2009 18:11 |
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြန်မာ ပရိုလိဂ်ကြီး ပေါ်ထွန်းလာရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက် နေသကဲ့သို့ တစ်ဖက်မှလည်း မြန်မာ့ လက်ရွေးစင် အသင်း အဆင့်ဆင့်အား နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေး အတွက် အစီအမံများ ချမှတ်ကာ ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် မြန်မာ့ လက်ရွေးစင် အမျိုးသား အသင်းကို အောင်မြင်မှုများ ရရှိစေရန် တစိုက်မတ်မတ် ကြိုးစားခဲ့သည်။ နည်းစနစ်ပိုင်း အားနည်းနေသည့် မြန်မာအသင်း အတွက်လည်း နိုင်ငံခြား နည်းပြများအား ငွေကုန်ကြေးကျ များစွာခံကာ ငှားရမ်းပေး ခဲ့သည်။ သို့သော် အဆိုပါ နိုင်ငံခြား နည်းပြများ ကိုင်တွယ်ခဲ့သော မြန်မာ အသင်းများမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ယခု အချိန်အထိ ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိသေးပေ။ မြန်မာ အသင်းအတွက် နောက်ဆုံး ငှားရမ်းခဲ့သည့် ဘရာဇီး နည်းပြ ဖလော်ပါ လက်ထက် တွင်လည်း မြန်မာ အသင်းမှာ အောင်မြင်မှု မရခဲ့သည့် အတွက် မြန်မာ့ ဘောလုံး ကျွမ်းကျင်သူများက နိုင်ငံခြား နည်းပြများအား ငွေကုန်ကြေးကျ များစွာခံကာ ခေါ်ယူမည့်အစား ပြည်တွင်း၌ အဆင့်ရှိသော၊ အလားအလာ ကောင်းသော နည်းပြများကိုသာ သေချာရွေးချယ် တာဝန် ပေးသင့်သည်ဟု သုံးသပ် ရေးသားခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပြည်တွင်း၌ နိုင်ငံတကာ အတွေ့အကြုံ ရှိပြီး အလားအလာ ကောင်းသော ငွေခေတ် ကွင်းလယ် ကစားသမားဟောင်း ဦးတင်မြင့်အောင်အား မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ်မှ အမျိုးသား လက်ရွေးစင် အသင်း နည်းပြချုပ်အဖြစ် ပြောင်းလဲ တာဝန် ပေးခဲ့သည်။ ၂၀၀၁ ခုနှစ်မှစ၍ ၂၀၀၆ ခုနှစ်အထိ ဘဏ္ဍာခွန်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဦးတင်မြင့်အောင်သည် ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ မြန်မာ့ လက်ရွေးစင် အသင်း၏ လက်ထောက် နည်းပြ အဖြစ်လည်း တာဝန်ယူ ခဲ့ဖူးသူ ဖြစ်သည့်အပြင် မြန်မာ့ လက်ရွေးစင် U-23 အသင်း နည်းပြချုပ် အဖြစ်လည်း ၂ နှစ်ကြာ တာဝန်ယူ ခဲ့ဖူးသူ ဖြစ်၍ ယခု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ရာထူးမှာ သူနှင့် ထိုက်တန်သည်ဟု ဆိုရပါမည်။ ဦးတင်မြင့်အောင်သည် သူတာဝန်ယူမည့် မြန်မာ့ လက်ရွေးစင် အသင်းကို နိုင်ငံတကာ ပြိုင်ပွဲများတွင် အဆင့်မီမီ ပါဝင် ယှဉ်ပြိုင်နိုင်ရန် ယခုနှစ် အဆင့်မြင့်တန်း အမှတ်ပေးပွဲတွင် ခြေစွမ်းပြ နိုင်ခဲ့သည့် ကစားသမား ၄၈ ဦးအား ပဏာမ ရွေးချယ်ခဲ့ကာ ပြီးခဲ့သည့် မတ်လ ၃ ရက်၊ ၄ ရက်နှင့် ၆ ရက်နေ့များတွင် လူရွေးချယ် ခြေစမ်းပွဲ ကစား စေခဲ့ပြီးမှ ပဏာမ လက်ရွေးစင် ၃၀ ဦး ရွေးချယ်ကာ ယခုလ ၈ရက်နေ့တွင် စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်တော့မည် ဖြစ်သည်။ လာမည့် ဧပြီလအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကျင်းပမည့် AFC Challenge Cup ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် သူ့အသင်းအား ပြင်းပြင်းထန်ထန် လေ့ကျင့်ပေး သွားမည်ဟု ဆိုထားသည်။ လာမည့် ဧပြီလ အတွင်း ကျင်းပမည့် အဆိုပါ ပွဲအတွက် မည်သို့ လေ့ကျင့်ပြင်ဆင် သွားမည်၊ မည်သည့် ရလာဒ်များ မျှော်လင့် ထားသည်ကို သိရှိရန် နည်းပြချုပ် ဦးတင်မြင့်အောင်နှင့် မတ်လ ၇ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုများအား ပြန်လည် တင်ပြ ပေးလိုက်ပါသည်။ မေး - ကိုတင်မြင့်အောင် အနေနဲ့ လက်ရွေးစင် နည်းပြချုပ် ရာထူးကို ဘယ်လိုပုံစံနဲ့ တာဝန်ယူရမှာလဲ၊ ခင်ဗျား စိတ်ကြိုက်ရော လုပ်ခွင့် ပေးထားသလား။ ဖြေ - ကျွန်တော်ဟာ တစ်ချိန်က ဘောလုံးသမား တစ်ယောက် ဖြစ်ခဲ့သလို ယခုလည်း နည်းပြဆရာ တစ်ယောက် အဖြစ် ဘောလုံး လောကမှာ ကျင်လည် နေသူဆိုတော့ ကျွန်တော်တတ်တဲ့ ဘောလုံးပညာနဲ့ နိုင်ငံအသင်း အတွက် အကောင်းဆုံး ပေးဆပ်သွားဖို့ ရည်မှန်းထားလို့ အကြီးအကဲတွေက ကျွန်တော့် အရည်အချင်းကို ယုံကြည်ပြီး ဒီတာဝန်ကို ပေးတဲ့အတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဒီတာဝန်ကို လောလောဆယ် ၂နှစ် လောက်ယူဖို့ MFF နဲ့ စာချုပ် ချုပ်ထား ရပါတယ်။ ဒါပေမယ့် ကျွန်တော် လုပ်တာ သိပ်ညံ့ နေရင်တော့ စာချုပ် သက်တမ်း မကုန်မီ အထုတ်ခံရမှာပါ။ ပြီးတော့ ဒီအသင်းကို အကြီး အကဲတွေက ကျွန်တော့် စိတ်ကြိုက် လုပ်ခွင့် ပေးထားပါတယ်။ မေး - ဒါဆိုရင် လက်ထောက် နည်းပြအဖြစ် ဦးအောင်ကျော်ကျော်နဲ့ ဦးဇော်ဝင်းထွန်း တို့ကို ရွေးချယ် ခဲ့တာလည်း ခင်ဗျား စိတ်ကူးပေါ့။ ပြီးတော့ အခု ခြေစမ်းပွဲ တွေကနေ ပဏာမ ၃၀ဦး ရွေးခဲ့တာလည်း ခင်ဗျား ဆုံးဖြတ်ချက်က အဓိကပေါ့။ ဖြေ - ဟုတ်ပါတယ်။ ကျွန်တော့် စိတ်ကြိုက် လွတ်လပ်စွာ လုပ်ခွင့် ပေးထားပါတယ်။ လူရွေးတဲ့ ကိစ္စမှာလည်း ကျွန်တော်ပဲ စိတ်ကြိုက် ဆုံးဖြတ်ထားတာပါ။ မေး - အခုရွေးထားတဲ့ ပဏာမ ၃၀ဦး အနေအထားကို အကြမ်းဖျင်း ပြောပြပေးပါ။ ဖြေ - ကျွန်တော်တို့ ခြေစမ်းပွဲ (၃)ပွဲကနေ အကောင်းဆုံး ပုံစံရတဲ့ ကစားသမား (၃၀)ကို ကျွန်တော်တို့ နည်းပြအဖွဲ့ သေသေချာချာ တိုင်ပင်ပြီး စိစစ် ရွေးချယ် ထားတာပါ။ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က လာမည့် ၂၀၀၉ ဆီးဂိမ်းမှာ အောင်မြင်မှု ရဖို့ပါ။ ဒါကြောင့် အခု ရွေးချယ်ထားတဲ့ ကစားသမား အားလုံးဟာ အသက် ၂၃ နှစ်အောက်တွေ ချည်းပါပဲ။ အခုရွေးထားတဲ့ ပဏာမ လက်ရွေးစင် ၃၀ဦးမှာ ဂိုးသမား(၄)ဦး၊ နောက်တန်း (၁၀)ဦး၊ အလယ်တန်း (၁၀)ဦး၊ ရှေ့တန်း (၆)ဦး ပါပါတယ်။ မေး - ဒီကစားသမား တွေထဲက နောက်ဆုံး ဆန်ကာတင် စာရင်း ဘယ်တော့ ဖြတ်မှာလဲ။ ဖြေ - ဒီလ ၈ရက်နေ့မှာ စခန်းဝင် လေ့ကျင့်ပြီး ပြိုင်ပွဲသွားမယ့် ဧပြီလ ၂၄ရက်နေ့ မတိုင်မီ တစ်ပတ် အလိုမှ နောက်ဆုံး ကစားသမား စာရင်း ဖြတ်မှာပါ။ ဒီကြားထဲ ကစားသမား တွေကို အဆင့်မြင့်တန်း ရှုံးထွက်ပြိုင်ပွဲမှာ သူတို့ သက်ဆိုင်တဲ့ အသင်းတွေကို ကစားခွင့် ပေးဦးမှာပါ။ တရားဝင် စာရင်း အရတော့ ကစားသမား ၂၃ဦးအထိ ရွေးခေါ်ခွင့် ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ အနေအထား အရတော့ လူ ၂၀ လောက်ပဲ ရွေးနိုင်မယ် ထင်တယ်။ မေး - ခုရွေးထားတဲ့ ကစားသမားတွေရဲ့ အဓိက အားနည်းချက်က ဘာလို့မြင်လဲ။ ဖြေ - အခု ကစားသမား တွေရဲ့ အဓိက အားနည်းချက်ကတော့ ဘောလုံး ပညာပိုင်း အားနည်းနေ သေးတာနဲ့ စိတ်ဓာတ် ရေးရာပိုင်းမှာ လိုအပ်ချက်လေးတွေ ရှိနေတာ ပါပဲ။ ကြိုးစားမှုကတော့ အတော်လေး ကောင်းကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် လက်ထက်မှာ အကောင်းဆုံး ပုံစံရအောင် အစွမ်းကုန် လေ့ကျင့်မောင်းနှင် ပေးသွားမှာပါ။ မေး - ဘယ်လိုပုံစံနဲ့ရော လေ့ကျင့်ပေးဖို့ စီစဉ်ထားလဲ။ ဖြေ - ကစားသမားတွေရဲ့ အနေအထားကို ကြည့်ပြီး သူတို့နဲ့ သင့်တော်မယ့် Formation ကို ချပေးရမှာပါ။ ပြိုင်ဘက်နဲ့ ပွဲစဉ် အနေအထား ကိုလည်း ကြည့်ပြီး သင့်တော်တဲ့ 4-4-2, 4-5-1, 4-3-3, 4-1.3-2 ပုံစံတွေ အမျိုးမျိုး ကစားနိုင်အောင် လေ့ကျင့်ပေး သွားမှာပါ။ မေး - ကျွန်တော်တို့ အသင်း ကစားမယ့် ပြိုင်ပွဲက ရက်ရွေ့သွားတယ်လို့ သိရတယ်။ ပြိုင်ဘက်တွေ အနေအထားကိုရော ဘယ်လောက် သိထားလဲ ။ ဖြေ - ဟုတ်ပါတယ်။ မူလက ဒီပြိုင်ပွဲကို ဧပြီလဆန်းမှာ စကစားရမှာ ဖြစ်ပေမယ့် သက်ဆိုင်ရာက ပွဲရက်ရွှေ့လိုက်လို့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ စကစားရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အတွက် ပြင်ဆင်ချိန် နည်းနည်း ပိုရသွားတာပေါ့။ ကျွန်တော်တို့ အုပ်စုမှာ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မကာအို (သို့) မွန်ဂိုလီးယား တို့ပါပါတယ်။ ဒီအသင်းတွေက လက်ရှိအသင်း သတ်မှတ်ချက် အရ ကျွန်တော်တို့ထက် နည်းနည်း နိမ့်သလို ရှိပေမယ့် ဘယ်အသင်း ကိုမှ လျော့တွက်လို့ မရပါဘူး။ မွန်ဂိုလီးယား(သို့) မကာအိုနဲ့ ကစားရမယ့် ပွဲဦးထွက်က အရေးကြီးဆုံးပါ။ နောက်၂ ပွဲကိုလည်း ရလာဒ်ကောင်းအောင် တစ်ပွဲချင်း Match Plan သေချာချပြီး ကစားသွားမှာပါ။ မေး - လက်ရှိအုပ်စု အနေအထားနဲ့ ပြိုင်ပွဲမှာ အုပ်စု (၄)ခုက အမှတ်အများဆုံးရတဲ့ အသင်းနဲ့ ဒုတိယ အကောင်းဆုံး တစ်သင်း နောက်ဆုံးအဆင့် တက်ခွင့်ရမှာ ဆိုတော့ နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည် ထားလား။ ဖြေ - မှန်ပါတယ်။ ကျွန်တော်တို့ အသင်းက အကောင်းဆုံး ဖြစ်အောင် ကြိုးစား ကစားနိုင်ပြီး နောက်တစ်ဆင့် တက်ဖို့ အလားအလာ ကောင်းမှာပါ။ ဒါပေမယ့် ဘောလုံးမှာ ဘာမှ ကြိုပြောလို့ မရတဲ့အတွက် ပွဲတိုင်းကို သေချာပြင်ဆင်ပြီး ရလာဒ် ကောင်းအောင် ကြိုးစားနိုင်မှ ဖြစ်မှာပါ။ မြန်မာ ပရိသတ်တွေ အားပေးရကျိုး နပ်အောင်တော့ အကောင်းဆုံး ရလာဒ်ထွက်အောင် အစွမ်းကုန် ကြိုးစား သွားမှာပါ။ ဒီပြိုင်ပွဲအတွက် ယုံကြည်မှု အပြည့်လည်း ရှိပါတယ်။ မြန်မာအသင်း ကစားရမည့် AFC ပွဲစဉ်ဇယားပထမပွဲ (မကာအို (သို့) မွန်ဂိုလီးယား) ဒုတိယပွဲ (ဘင်္ဂလားဒေ့ရှ်) တတိယပွဲ (ကမ္ဘောဒီးယား) ဦးတင်မြင့်အောင်၏ ကိုယ်ရေးအကျဉ်း မွေးနေ့ - ၂၅.၃.၁၉၆၇ လက်ရွေးစင် ကစားသမား အတွေ့အကြုံနှင့် နိုင်ငံတကာပွဲ/ ဂိုး ၁၉၈၉ မှ ၂၀၀၁ ထိ (နိုင်ငံတကာပွဲ ၆၇ ပွဲ/ ၁၉ ဂိုး) ပရိုကစားသမား အတွေ့အကြုံ ၁၉၈၉ မှ ၁၉၉၁ ထိ မလေးရှား Armed Force FC နည်းပြ အတွေ့အကြုံများ ဘဏ္ဍာအခွန် လ/ထ နည်းပြ (၂၀၀၁-၀၆) မြန်မာ့လက်ရွေးစင် လ/ထ နည်းပြ (၂၀၀၃-၀၄) မြန်မာ U-23 နည်းပြချုပ် (၂၀၀၅-၀၆) မြန်မာအမျိုးသမီး အသင်းနည်းပြ (၂၀၀၈) |



မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြန်မာ ပရိုလိဂ်ကြီး ပေါ်ထွန်းလာရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက် နေသကဲ့သို့ တစ်ဖက်မှလည်း မြန်မာ့ လက်ရွေးစင် အသင်း အဆင့်ဆင့်အား နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေး အတွက် အစီအမံများ ချမှတ်ကာ ဆောင်ရွက်လျက် ရှိသည်။
မြန်မာအသင်း ကစားရမည့် AFC ပွဲစဉ်ဇယား








