|
Written by Admin Team
|
|
Thursday, 08 July 2010 04:13 |
|
ဂျာမနီ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဂျိုအာချင်လိုးက ၎င်းတို့အား အနိုင်ယူ သွားသည့် စပိန် အသင်းသည် ကမ္ဘာ့ ချန်ပီယံ ဖြစ်နိုင်သည်ဟု ချီးကျူးပြောကြား သွားခဲ့သည်။
"စပိန် အသင်းကို ချီးကျူးပါတယ်။ သူတို့ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂နှစ် ၃နှစ်လောက် ကတည်းက အကောင်းဆုံး အသင်း အနေနဲ့ တည်ရှိနေခဲ့ တာပါ။ စပိန် အသင်းဟာ ဘယ်ပွဲကိုမဆို အနိုင်ရနိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ပွဲကို စိုးမိုးနိုင်ပြီး သူတို့ရဲ့ တိုက်စစ်ကို ခုခံကာကွယ်ဖို့ ခက်ပါတယ်" ဟု ဂျိုအာချင်လိုးက ပြောကြား သွားခဲ့သည်။
ဂျာမနီ အသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင် စပိန် အသင်းအား ပူယိုးလ်၏ တစ်လုံးတည်းသော ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အသင်းသည် ဥရုဂွေး အသင်းနှင့် တတိယ နေရာလုပွဲ ကိုသာ ကစားရတော့မည် ဖြစ်သည်။ အနိုင်ရသည့် စပိန် အသင်းမှာမူ ၎င်းတို့၏ ကမ္ဘာ့ဖလား သမိုင်း တစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲ တက်နိုင်ခဲ့ခြင်း ဖြစ်ကာ ဟော်လန် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် All Europen Final (ဥရောပ အသင်းများ၏ ဗိုလ်လုပွဲ) အဖြစ် ကစားရ တော့မည် ဖြစ်သည်။ ၎င်းတို့ ၂ သင်း စလုံးသည် ကမ္ဘာ့ဖလား ချန်ပီယံ မဖြစ်ဖူးကြ သူများ ဖြစ်သဖြင့် ချန်ပီယံသစ် ပေါ်ထွက်မည့် ဗိုလ်လုပွဲလည်း ဖြစ်လာခဲ့သည်။
စပိန် နည်းပြချုပ် ဗင်းဆင့် ဒဲဘော့စကေး ကမူ ဆီမီးဖိုင်နယ် ပွဲစဉ်နှင့် ပတ်သက်၍ "ကျွန်တော့် ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်ရည် ကတော့ အံ့မခန်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတစ်ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ဟော်လန် ဘောလုံး အကြောင်း ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲဟာ အရမ်း ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ" ဟု ပြောကြား သွားခဲ့သည်။
|