|
Written by Editor SM
|
|
Tuesday, 06 July 2010 17:32 |
|
ဂျာမနီ အသင်း၏ ပွဲတိုင်းကို မှန်ကန်စွာ ခန့်မှန်းပေး နေသော အံ့ဖွယ် ရေဘ၀ဲလေး ပေါလ်သည် လာမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် စပိန်အသင်း အနိုင်ရမည်ဟု အမှန်တကယ် ခန့်မှန်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အင်္ဂလန် နိုင်ငံတွင် မွေးဖွားခဲ့ပြီး လက်ရှိ ဂျာမနီ နိုင်ငံတွင် ရောက်ရှိနေသော ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် ဂျာမနီ ပွဲများတွင် သြစတြေးလျ၊ ဂါနာ၊ အင်္ဂလန်၊ အာဂျင်တီးနား တို့ကို အနိုင်ရမည်ဟု မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သလို ဆားဘီးယားကို ရှုံးနိမ့်မည် ဟုလည်း ခန့်မှန်းခဲ့သူ ဖြစ်သည်။ အဆိုပါ ရေဘ၀ဲသည် ပြီးခဲ့သည့် ယူ-၂၀၀၈ ပြိုင်ပွဲ ကျင်းပစဉ် ကလည်း ဂျာမနီ ပွဲများကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲ တစ်ပွဲတည်း တွင်သာ ဂျာမနီ အနိုင်ရမည်ဟု မှားယွင်း ခန့်မှန်းမိခဲ့ကြောင်း သိရသည်။ ထိုစဉ်က ဂျာမနီ အသင်းသည် စပိန် အသင်းကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရေဘ၀ဲ ပေါလ်သည် ယခုနှစ် ကမ္ဘာ့ဖလားတွင် ကမ္ဘာတ၀ှမ်းမှ မီဒီယာများ အထူး စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်သဖြင့် သူ့အား ဂျာမန် ရုပ်သံ n-tv က ရုပ်သံရိုက်ကူးကာ ဂျာမနီ - စပိန် ပွဲစဉ် ခန့်မှန်းပုံအား တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရသည်။ အဆိုပါ အစီအစဉ်အား သတင်းထောက် ၂ ယောက်က က်ေခံ စကားပြောပေးကာ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ပေါလ်သည် ဂျာမနီနှင့် စပိန် တံဆိပ် ကပ်ထားသော မှန်ပုံး ၂ ခု အနက်မှ ဂျာမန် တံဆိပ် ကပ်ထားသော မှန်ပုံးကို ပထမဆုံး ရွေးချယ်ခဲ့ သော်လည်း ယင်းမှန်ပုံး ပေါ်တွင် စက္ကန့်ပိုင်း မျှသာ နေပြီး စပိန်တံဆိပ် ကပ်ထားသော အခြားမှန်ပုံးကို အလျှင်အမြန် ပြန်လည် ရွေးချယ်ကာ တက်ရောက်နေ ခဲ့ကြောင်း သိရသည်။ အဆိုပါ ခန့်မှန်းချက်ကြောင့် ဂျာမန် ဘောလုံး ပရိသတ်များ အနေဖြင့် ထိန်လန့် အံ့သြမှု ဖြစ်ခဲ့ကြရ ကြောင်းလည်း သိရသည်။ ယင်းခန့်မှန်းချက် မတိုင်မီကလည်း ရေဘ၀ဲလေးသည် စပိန်အသင်းကို ရွေးချယ်ခဲ့သည်ဟု အတုအယောင် သတင်းများ ထွက်ခဲ့သေးပြီး ယခု တစ်ကြိမ်တွင်မှ အမှန် တကယ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဋ္ဌာန ကြီးများက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
|