|
Written by Admin Team
|
|
Saturday, 26 June 2010 22:21 |
|
ဇွန်လ ၂၆ရက်နေ့ ပို့တ် အဲလိဇဘက် မြို့၊ နယ်လ်ဆင် မန်ဒဲလားဘေး ကွင်းတွင် ကစားခဲ့သော ဒုတိယ အဆင့် ရှုံးထွက် ပွဲစဉ်တွင် ဥရုဂွေး အသင်းက တောင်ကိုရီးယား အသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။
ထိုပွဲတွင် ပွဲစသည် ဆိုသည်နှင့် နှစ်သင်းလုံး အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ရာ ပွဲမှာ အတော်လေး ကြည့်ကောင်းခဲ့သည်။ သို့သော် ပွဲအစ ၈မိနစ်တွင်ပင် ဥရုဂွေးတို့က ဆွာရက်ဇ်၏ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့ပြီး ပထမပိုင်း အပြီးတွင် တစ်ဂိုး အသာဖြင့် အနိုင်ရ နေခဲ့သည်။ ဒုတိယပိုင်းတွင် လီချောင်ယောင်၏ ချေပဂိုးကြောင့် ပွဲမှာ အတော်လေး ကြည့်ကောင်း ခဲ့ပြန်ပြီး မိနစ် ၈၀တွင် ဆွာရက်ဇ် သွင်းယူခဲ့သည့် အနိုင်ဂိုးက ဥရုဂွေးတို့အား နောက်တစ်ဆင့် တက်ရောက်ရန် လုံလောက် စေခဲ့သည်။
ပွဲစသည် ၄မိနစ်တွင် ဘယ်ဘက်ခြမ်း ဧရိယာ ထိပ်မှ ရရှိသည့် ဖရီးကစ်အား ပတ်ချူယောင် ကန်သွင်းရာ ဂိုးတိုင်ထိ ထွက်သွားခဲ့၍ တောင်ကိုရီးယား အသင်း စောစောစီးစီး ဂိုးမရခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဥရုဂွေး တိုက်စစ်မှူး ဒီယေဂို ဖော်လန် ဂိုးဧရိယာ အပြင်မှ ဘယ်ခြေမှ ကန်ချက် ဂိုးသမား မိခဲ့သည်။ သို့သော် ၈မိနစ်တွင် ဖော်လန် ဘယ်ခြမ်းမှ ဖန်တီးပေးခဲ့သည့် ဘောလုံးအား ညဘက်တွင် နောက်ခံလူများ လူကပ်ထားခြင်း မရှိသည့် လူးဝစ် ဆွာရက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရကာ ဥရုဂွေးတို့ အဖွင့်ဂိုး စတင် ရရှိခဲ့သည်။ ထို့နောက်တွင်လည်း ပွဲမှာ အပြန်အလှန် ရှိခဲ့ပြီး ပွဲချိန် မိနစ် ၂၀ ကျော်ခန့်မှ အနည်းငယ် အရှိန်ကျ သွားခဲ့သည်။ ၃၂မိနစ် တောင်ကိုရီးယား ကစားသမား ပတ်ချူယောင် ၂၅ကိုက် အကွာခန့်မှ ကန်ချက် ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ၃၉မိနစ်တွင် ဆွာရက်ဇ် ဂိုးရရှိရန် ကြိုးပမ်းမှု ဂိုးသမား ဆန်းယောင် ကာကွယ် နိုင်ခဲ့သည်။ ၄၁မိနစ်တွင် ကိုရီးယား နောက်ခံလူ ဒူရီ ရှေ့တက်၍ ကိုက် ၃၀ အကွာမှ အပြင်းကန်ချက် ဂိုးဘား ကပ်ကျော်ခဲ့ပြီး ပထမပိုင်း အပြီးတွင် ဥရုဂွေး အသင်းက ဆွာရက်ဇ်၏ တစ်လုံးတည်းသော ဂိုးဖြင့် ဦးဆောင် နေခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် တောင်ကိုရီးယား အသင်းက ချေပဂိုး ရရှိရေး ပိုမို ကြိုးပမ်းလာခဲ့ပြီး ဥရုဂွေး နောက်တန်းနှင့် ဂိုးသမား တို့အား အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့သည်။ ၅၂မိနစ်တွင် ကိုရီးယား တို့အတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ် အနေဖြင့် ဥရုဂွေး နောက်ခံလူ လူဂါနို ခေါင်းတိုက်ချက်မှ တဆင့် ဧရိယာ အတွင်းရှိ ပတ်ချူယောင် အပိုင် ပိတ်သွင်းခွင့် ရခဲ့ရာ ဂိုးဘား ကျော်သွားခဲ့ပြန်သည်။ ထို့နောက်တွင် တောင်ကိုရီးယား တို့ကသာ ဆက်လက် ဖိကစားခဲ့ပြီး ၅၈မိနစ်တွင် ပတ်ဂျီဆန် ခေါင်းတိုက် ဂိုးသွင်းမှု ဂိုးသမား မူဆလီရာ ကာကွယ်ခဲ့ရသည်။ ၆၈မိနစ်တွင် တောင်ကိုရီးယားတို့ ချေပဂိုး ရရှိခဲ့ပြီး လီချောင်ယောင်က ဧရိယာ အတွင်းမှ ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ချေပဂိုး ပေးလိုက်ရ ပြီးနောက် ဥရုဂွေး အသင်းသည် ကွင်းလယ် ဘောလုံးပိုင်ဆိုင်မှုအား ပြန်လည် အသာရရန် ကြိုးစား ကစားခဲ့ပြီး တောင်ကိုရီးယား အသင်းဘက်သို့ ထိုးဖောက်မှုများ ပြန်လည် ပြုလုပ် လာခဲ့သည်။ ၇၁မိနစ်တွင် ပတ်ချူယောင် နောက်ထပ် ဂိုးသွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပြီး ဂိုးအဖြစ် ဖန်တီး နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၇၃မိနစ်တွင် ဆွာရက်ဇ် ကန်ချက် ဂိုးသမား ကာကွယ် ခဲ့ရသည်။ ပွဲချိန် မိနစ်၈၀ အရောက်တွင် ဆွာရက်ဇ်က အသင်းအတွက် ဒုတိယဂိုးကို တစ်ကိုယ်တော် အစွမ်းဖြင့် သွင်းယူခဲ့ရာ ဥရုဂွေး တို့က ၂-၁ဖြင့် ဦးဆောင် နေခဲ့သည်။ ထို့နောက်တွင် ပွဲမှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်စစ်မြှင့် ကစားခဲ့ပြီး ဥရုဂွေး အသင်းက ၎င်းတို့၏ အနိုင်ရလဒ်အား ထိန်းထားနိုင်ရန် ကြိုးပမ်းခဲ့သည်။ လက်ကျန် မိနစ်များတွင် တောင်ကိုရီးယား အသင်း အနေဖြင့် ဂိုးသွင်းခွင့် အချို့ ရရှိအောင် ဖန်တီး နိုင်ခဲ့သော်လည်း ဂိုးအဖြစ် ထပ်မံ သွင်းယူနိုင်ခြင်း မရှိခဲ့ရာ ဥရုဂွေး အသင်းက ၂-၁ဖြင့် အနိုင်ရရှိ သွားခဲ့သည်။ ယခုပွဲ၏ အကောင်းဆုံး ကစားသမား ဆုကို ဥရုဂွေး အသင်း၏ ဂိုးသွင်း သူရဲကောင်း ဆွာရက်ဇ်ကပင် ရရှိ သွားခဲ့သည်။
ထိုရလဒ်ကြောင့် ဥရုဂွေး အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပထမဆုံး ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည့် အသင်း ဖြစ်လာခဲ့သည်။ ဥရုဂွေး အသင်းသည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ နောက်ဆုံး တက်ရောက် ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ကွာတားတွင် အမေရိကန်နှင့် ဂါနာတို့ ပွဲမှ အနိုင်ရသည့် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

|