|
Written by Admin Team
|
|
Friday, 18 June 2010 19:44 |
|
ဇွန်လ ၁၈ ရက်နေ့က ပို့တ် အဲလိဇဘက်မြို့၊ နယ်လ်ဆင် မန်ဒဲလား ပင်လယ်အော် ကွင်းတွင် ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်တွင် ဆားဘီယား အသင်းသည် နာမည်ကြီး ဂျာမနီကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ဂျာမနီ အသင်းသည် ဆားဘီးယားထက် ကစားပုံ ပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့် များလည်း အများအပြား ရခဲ့သည်။ သို့သော် ကံကြမ္မာ ကောင်း၏ ဖေးကူမှုကို မရရှိသဖြင့် လွဲချော်မှုများ ဖြင့်သာ ဆက်တိုက် ရင်ဆိုင် ခဲ့ရသည်။ အထူးသဖြင့် ပိုဒေါလ်စကီး၏ ကန်သွင်းမှု တော်တော်များများ ဂိုးလွန်ဘော အဖြစ်သာ ဇာတ်သိမ်း ခဲ့ရသည်။ ယင်းပွဲတွင် ပထမဆုံး ဂိုးသွင်းခွင့်ကို စတင် ရရှိသည့် အသင်းမှာ ဆားဘီးယား အသင်းဖြစ်ပြီး ပွဲချိန် ၁ မိနစ်တွင်ပင် ဂျိုဗန်နိုဗစ်၏ ခေါင်းတိုက်ချက် ဂျာမန် ဂိုးသမား ကာကွယ် ခဲ့ရသည်။ ၂ မိနစ် တွင်လည်း ဆားဘီးယားမှ ကက်ဇ်မာနိုဗစ် ဧရိယာ အပြင်ဘက်မှ ကန်ချက်မှာလည်း လွဲချော်ခဲ့ ပြန်သည်။ ဆက်တိုက် ဆိုသလိုပင် ဂျာမနီတို့ ဂိုးသွင်းခွင့် ပြန်ရခဲ့ပြီး ခီဒီယာနှင့် ပိုဒေါလ်စကီးတို့၏ ကြိုးပမ်းမှုများ လွဲချော် ခဲ့ရသည်။ ထို့နောက်နှစ်ဘက် ကစားသမားများ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ရင်း ဂိုးသွင်းခွင့် များလည်း ရရှိခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် အိုင်ဗန်နိုဗစ်အား နောက်မှ ဆွဲလှဲသဖြင့် ဂျာမန် တိုက်စစ်မှူး ကလိုဆေး အ၀ါကဒ် ပြခံခဲ့ရသည်။
ပွဲချိန် ၃၇ မိနစ်တွင် အ၀ါကဒ် တစ်ကြိမ် ထိထားပြီးသူ ကလိုဆေးအား ကစားပုံ ကြမ်းတမ်းသဖြင့် ဒိုင်လူကြီးက အ၀ါကဒ် တစ်ကြိမ် ထပ်ပြပြီး ၂ ၀ါ တစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။ လူတစ်ယောက် လျော့သွားသော ဂျာမနီ အသင်းသည် တစ်မိနစ် အတွင်းမှာပင် ဦးဆောင်ဂိုး ပေးလိုက်ရသည်။ ယင်းဂိုးကို ဆားဘီးယား ကွင်းလယ်လူ ကရာဆစ် ဖြတ်တင်ပေးသည့် ဘောလုံးအား ဇီဂစ် ခေါင်းတိုက် ချပေးသည်ကို ဂျိုဗန်နိုဗစ် ၀င်ပိတ်ပြီး ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ဂိုးပေးလိုက်ရသည့် ဂျာမနီ အသင်း ချေပဂိုး ရရန် ဖိကစား ခဲ့သော်လည်း အဆုံးသတ် မသေချာ ခဲ့သဖြင့် (၁-၀)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။ ပထမပိုင်းတွင် ဂျာမနီ ကစားသမား ခီဒီရာ၏ ကန်ချက် ဘားတန်းထိ ထွက်သွားခြင်းနှင့် မူလာ၏ bicycle ကန်ချက် ဆားဘီးယား နောက်တန်းများ ဂိုးစည်းပေါ်မှ ရှင်းလိုက်နိုင်ခြင်း တို့ကြောင့်လည်း ဂျာမနီတို့ နစ်နာသွား ခဲ့ရခြင်း ဖြစ်သည်။
ဒုတိယပိုင်း တွင်လည်း ဂျာမန် တိုက်စစ် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ ပိုဒေါလ်စကီး၊ ရှဝိန်း စတိုင်ဂျာတို့ ကန်ချက်များ လွဲချော် ခဲ့ကြရသည်။ ပွဲချိန် ၆၀ မိနစ်တွင်မူ ဆားဘီးယား ကစားသမား ဗီဒစ် ပင်နယ်တီ ဧရိယာ ထဲ၌ လက်ထိခဲ့သဖြင့် ဒိုင်လူကြီးက ဂျာမနီ ဘက်သို့ ပင်နယ်တီ ပေးခဲ့သည်။ သို့သော် ဂျာမန် တိုက်စစ်မှူး ပိုဒေါလ်စကီးသည် ယင်းပင်နယ်တီကို ဆားဘီးယား ဂိုးသမား နီအူလာ ဒိုက်ဗင်ပစ်သည့် ဘက်သို့ ကန်သွင်းမိ သဖြင့် ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ အဆိုပါ ပယ်နယ်တီ ကာကွယ်မှုသည် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပထမဆုံး ပယ်နယ်တီ ကာကွယ်မှုလည်း ဖြစ်ပြီး ဂျာမနီ အသင်း၏ သမိုင်းတစ်လျှောက် ၁၉၇၄ နောက်ပိုင်း ပထမဆုံး ဂိုးမ၀င်ခဲ့သည့် ပွဲချိန်အတွင်း ပယ်နယ်တီ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဂျာမနီဘက်မှ မာရင်၊ ကာကူ စသည့် ကစားသမား များကို ထည့်သွင်းကာ ချေပဂိုး ပြန်သွင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း တိုက်စစ်ပိုင်း အဆုံးသတ် ညံ့ဖျင်းနေ သဖြင့် ရလဒ်ကို ပြန်ပြောင်း နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းပွဲတွင် ပိုဒေါလ်စကီးသည် အပိုင် ဂိုးသွင်းခွင့် ၇ ကြိမ် ထက်မနည်း ဖြုန်းတီး ပစ်ခဲ့သည် ကိုလည်း တွေ့ရသည်။ ယင်းပွဲစဉ်သို့ ပရိသတ် ၃၈၀၀၀ ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယခုပွဲ ရလဒ်ကြောင့် ဂျာမနီ အသင်းသည် နောက်တစ်ဆင့် တက်နိုင်ရန် အတွက် နောက်ဆုံးပွဲ အထိ ရုန်းကန် ရတော့မည် ဖြစ်ပြီး ဆားဘီးယားတို့ အတွက်မူ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခဲ့သည်။ လတ်တလော ၃ မှတ် ၃ သင်း ဖြစ်သွားပြီ ဖြစ်သည့် အုပ်စု (D) သည် ပိုမို အကြိတ်အနယ် ဖြစ်သွားပြီး နောက်ဆုံးပွဲစဉ်၌ ပြိုင်ဆိုင်မှုများ ပြင်းထန်ဖွယ် ရှိနေကြောင်း တွေ့ရသည်။

|