|
Written by ဇင်သော်နိုင်
|
|
Wednesday, 16 June 2010 09:01 |
|
ပရိသတ်တွေကို ရသ အဖုံဖုံ ပေးစွမ်းနိုင်နေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ အခုဆိုရင် အုပ်စု ပတ်လည် ဒုတိယ အကျော့ ပွဲစဉ်တွေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒုတိယ အကျော့ ပွဲဆိုတာ နောက်တစ်ဆင့် ကိုတက်ဖို့ အရေးပါတဲ့ အဆုံးအဖြတ်လို့ သတ်မှတ်နိုင်တဲ့ ပွဲတွေ ဖြစ်ပါတယ်။ ပထမ အကျော့မှာ နိုင်ထားတဲ့ အသင်း တွေဟာ ဒီအကျော့မှာ နိုင်လိုက်ရင် နောက်တစ်ဆင့် တက်ဖို့ သေချာပြီ ဖြစ်သလို သရေ၊ အရှုံး ရထားတဲ့ အသင်း တွေဟာလည်း ရလဒ်ကောင်းအောင် ရုန်းကန် ကြရ တော့မှာမို့ အရှိန်ပိုမြင့် လာပါတယ်။ ဒီအကျော့မှာ အာဂျင်တီးနား - တောင်ကိုရီးယား၊ ပြင်သစ် - မက္ကဆီကို၊ ဂျာမနီ - ဆားဘီးယား၊ ဟော်လန် - ဂျပန် စတဲ့ပွဲကောင်းတွေ ပါဝင်နေလို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တောင်အာဖရိက - ဥရုဂွေး
ကစားမည့်နေ့ - ၁၇.၆.၂၀၁၀ ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - လော့ဖ်တပ် ဗက်စ်ဖဲလ်ဒ် (ပရီတိုးရီးယား)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် တောင်အာဖရိက - D W W W D ဥရုဂွေး - D W W D W
ပထမ ပွဲစဉ်ရလဒ် တောင်အာဖရိက ၁-၁ မက္ကဆီကို ဥရုဂွေး ၀-၀ ပြင်သစ်
အဓိက ကစားသမားများ တောင်အာဖရိက - စတီဗင်ပီးနာ ဥရုဂွေး - ဒီယေဂို ဖော်လန်
ခန့်မှန်းရလဒ် တောင်အာဖရိက ၁-၂ ဥရုဂွေး
ပွဲသုံးသပ်ချက်
တစ်မှတ်စီ ကိုယ်စီ ရထားတဲ့ ဒီအုပ်စုမှာ နိုင်ပွဲ စရတဲ့ အသင်းဟာ နောက်တစ်ဆင့် အတွက် ၈၀ ရာခိုင်နှုန်းလောက် သေချာ သလောက် ရှိသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မက္ကဆီကိုနဲ့ ပွဲမှာ ခံစစ်ကို ပိုမို အားပြုခဲ့တဲ့ တောင် အာဖရိကဟာ တိုက်စစ်မှူး တွေထက် ကွင်းလယ်ပိုင်းက ပိုပြီး တိုက်စစ်ဆင် ခဲ့တာကို တွေ့ရသည်။ ပီးနာ ဦးဆောင်တဲ့ ကွင်းလယ်ဟာ ပြိုင်ဘက် နောက်တန်းကို အပြည့်အ၀ ဒုက္ခပေး နိုင်ပြီး ရှာဘာလာလာလို မထင်မှတ်တဲ့ ဂိုးသွင်းသူတွေ ထွက်လာတတ်တဲ့ အတွက် တော်တော်လေး သတိထား ရတဲ့ အနေအထား ဖြစ်နေပါတယ်။ ပရိသတ် အားကလည်း ရှိနေတာကြောင့် ကစားသမား ၁၂ ယောက်နဲ့ ကစားနေရ သလို အင်အားကောင်း နေပါတယ်။ ဥရုဂွေး အသင်း ကတော့ နာမည်ကြီး ပြင်သစ်ကို ပေးဂိုး မရှိအောင် ကစားပြီး သရေရယူ နိုင်ခဲ့တဲ့ အတွက် လေးစားလောက် စရာ အသင်းတွေ စာရင်းမှာ ပါဝင်ပါတယ်။ ၃-၅-၂ ပုံစံ ကစားတတ်တဲ့ ဥရုဂွေး အသင်းဟာ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ဖော်လန်တို့ ခြေမပေါ်ရင် ဂိုးရဖို့ ခက်ခဲတတ်တာကို တွေ့ရပါတယ်။ နှစ်သင်း စလုံးဟာ ပထမ ပွဲမှာ ရလဒ်တွေ အားရလောက်ဖွယ် ရှိခဲ့လို့ စိတ်ဓာတ် တက်ကြွနေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝ နေကြပါတယ်။ ဒါကြောင့် ဒီပွဲဟာ အကြိတ်အနယ် ရှိမှာ ဖြစ်ပြီး လူအင်အားနဲ့ ခြေစွမ်းပိုင်း ကွာသေးတာကြောင့် ဥရုဂွေးတို့ အခြေအနေ ကောင်းပါတယ်။
အာဂျင်တီးနား - တောင်ကိုရီးယား
ကစားမည့်နေ့ - ၁၇.၆.၂၀၁၀ ကစားမည့် အချိန် - ၁၈း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - ဆော်ကာစီးတီး (ဂျိုဟန်စ်ဘတ်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် အာဂျင်တီးနား - W W W W W တောင်ကိုရီးယား - W L L W W
ပထမ ပွဲစဉ်ရလဒ် အာဂျင်တီးနား ၁-၀ နိုက်ဂျီးရီးယား တောင်ကိုရီးယား ၂-၀ ဂရိ
အဓိက ကစားသမားများ အာဂျင်တီးနား - လီယွန်နယ် မက်ဆီ တောင်ကိုရီးယား - ပတ်ဂျီဆန်
ခန့်မှန်းရလဒ် အာဂျင်တီးနား ၃-၁ တောင်ကိုရီးယား
ပွဲသုံးသပ်ချက် အဖွင့်ပွဲစဉ်မှာ ၃ မှတ် ကိုယ်စီ ရထားတဲ့ အသင်းတွေ ဖြစ်တဲ့အတွက် ဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ နောက်တစ်ဆင့်ကို တက်ဖို့ သေချာလု နီးပါး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီနှစ်သင်းရဲ့ လက်ရှိ အနေအထားက တော်တော်လေး ကွာခြားပါတယ်။ အာဂျင်တီးနားဟာ ပထမ ပွဲစဉ်မှာ နိုက်ဂျီးရီးယား အသင်းကို နောက်ခံလူ ဟိန့်ဇီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ အားလုံးမျှော်လင့် နေကြတဲ့ မက်ဆီကတော့ ဒီပွဲမှာ အခွင့်အရေးတွေ အများကြီးကို ဖြုန်းတီ ပစ်ခဲ့ပါတယ်။ မက်ဆီ၊ တီဗက်ဇ်၊ ဟီဂူအင် အတွဲက တိုက်စစ်မှူး ၃ယောက်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ စုစုပေါင်း ၁၀၅ ဂိုး သွင်းခဲ့ကြ သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာတော့ နိုက်ဂျီးရီးယား ဂိုးသမား အန်ရီယာမာကို မကျော်ဖြတ် နိုင်ခဲ့ပါဘူး။ ဒီအနေအထားကို ကြည့်ရင် နည်းပြ အတွေ့အကြုံ နုတဲ့ အာဂျင်တီးနား နည်းပြ မာရာဒိုနာဟာ ထိပ်တန်း ကစားသမား တွေကို မှန်ကန်တဲ့ နေရာနဲ့ သုံးစွဲမှုမျိုး ပြုလုပ်ခဲ့ ရဲ့လားလို့ သံသယ ဖြစ်စရာ ရှိလာပါတယ်။ တောင်ကိုရီးယား ကတော့ ဂရိကို ဂရိကွက်နဲ့ ပြန်ပြီး အနိုင်ယူ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ခံစစ်ကို ကျစ်လစ်အောင် ဆော့ပြီး အကောင်းဆုံး တန်ပြန်တိုက်စစ် ကစားနိုင်ခဲ့လို့ အနိုင်ရခဲ့ တာပါ။ ဒါပေမဲ့ သူတို့ အခုရင်ဆိုင် ရမယ့် အာဂျင်တီးနားရဲ့ နောက်တန်းဟာ အော်တို ရီဟာဂျယ်ရဲ့ ဂရိ နောက်တန်းထက် အများကြီး ပိုမာတယ် ဆိုတာ သတိပြု ရပါမယ်။ အာဂျင်တီးနား အသင်း ချန်ပီယံ ဖြစ်ဖို့ဆိုရင် ဒီလိုပွဲမျိုး တွေမှာ အမှားမခံပါဘူး။ တိုက်စစ်မှူး မက်ဆီ ဒီပွဲမှာ ဂိုးပေါက် ပြန်တွေ့ဖွယ် ရှိနေပြီး အာဂျင်တီးနားပဲ အနိုင်ရသွား နိုင်ပါတယ်။
ဂရိ - နိုက်ဂျီးရီးယား
ကစားမည့်နေ့ - ၁၇.၆.၂၀၁၀ ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - ဖရီးစတိတ် (ဘလွန်းဖောင်တိန်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ဂရိ - L D D W W နိုက်ဂျီးရီးယား - L D L W D
ပထမ ပွဲစဉ်ရလဒ် အာဂျင်တီးနား ၁-၀ နိုက်ဂျီးရီးယား တောင်ကိုရီးယား ၂-၀ ဂရိ
အဓိက ကစားသမားများ ဂရိ - သီယိုဖားနစ် ဂီးကပ် နိုက်ဂျီးရီးယား - ဗင်းဆင့် အန်ရီယာမာ
ခန့်မှန်းရလဒ် နိုက်ဂျီးရီးယား ၂-၀ ဂရိ
ပွဲသုံးသပ်ချက် ဖွင့်ပွဲ အရှုံးနဲ့ ရင်ဆိုင် ထားရတဲ့ ဒီနှစ်သင်းဟာ ဒီပွဲမှာသာ ထပ်ရှုံးမယ် ဆိုရင် ပြိုင်ပွဲကနေ ထွက်ရတော့မှာ ဖြစ်တော့အတွက် အင်တိုက်အားတိုက် ကစားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အုပ်စုတက်ဖို့ ရေပန်းစား နေတဲ့ နိုက်ဂျီးရီးယားဟာ လတ်တလော အခြေအနေ ကောင်းနေတဲ့ တောင် ကိုရီးယားကို ပြန်ကျော်နိုင်ဖို့ ဒီပွဲကို မဖြစ်မနေ နိုင်ဖို့ လိုအပ်ပါတယ်။ နိုက်ဂျီးရီးယားဟာ ပထမပွဲ ရှုံးခဲ့တယ် ဆိုပေမဲ့ သူတို့အတွက် ယုံကြည်မှု အနည်းငယ် ဖြစ်သွားစေခဲ့ ပါတယ်။ အာဂျင်တီးနား အသင်းဟာ မိနစ် ၉၀ လုံးလုံး တိုက်စစ် ဆင်ခဲ့တာတောင် တစ်ဂိုးပဲ ရခဲ့တဲ့ အနေအထားက နိုက်ဂျီးရီးယား ကစားသမား တွေအတွက် စိတ်အား တက်ကြွ စရာပါ။ ဒါပေမဲ့ တကယ်တမ်းမှာ နိုက်ဂျီးရီးယား ခံစစ် ကစားပုံက ပြောပလောက်အောင် မကောင်းမွန်ခဲ့ဘဲ ဂိုးသမား အန်ရီယာမာ လက်စွမ်း ပြမှုနဲ့ အာဂျင်တီးနား တိုက်စစ်မှူးတွေ ဂိုးပေါက် လွဲချော် နေမှုတွေကြောင့် ဖြစ်တယ် ဆိုတာကတော့ သတိပြု ရပါမယ်။ ယူရို ၂၀၀၄ မှာ နာမည်ကြီး ခဲ့တဲ့ ဂရိ အသင်းရဲ့ ခံစစ် တံတိုင်းဟာ တောင်ကိုရီးယားနဲ့ ပွဲမှာတော့ အလုပ်မဖြစ် ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုက်စစ်မှာလည်း ဂီးကပ် တစ်ယောက်သာ ကိုရီးယား တွေကို ဒုက္ခပေး နိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ အော်တို ရီဟာဂျယ်ဟာ နိုက်ဂျီးရီးယားနဲ့ ပွဲမှာ ခံစစ်ကို ပြန်လည် ပြုပြင်ပြီး ကျစ်လစ်သည်ထက် ကျစ်လစ်အောင် တည်ဆောက်ဖွယ် ရှိပါတယ်။ အထူးသဖြင့် ဂရိဟာ နိုက်ဂျီးရီးယားကို သရေရအောင် ကြိုးစားမှာ ဖြစ်ပေမဲ့ အနိုင် ဆာလောင်နေတဲ့ စူပါလင်းယုန် တွေကို တားဆီးဖို့ မလွယ်ပါဘူး။ အိမ်ရှင် အာဖရိက ပရိသတ်တွေ ကလည်း နိုက်ဂျီးရီးယားကိုပဲ အားပေးကြမှာ ဖြစ်လို့ အထက်မှာ ခန့်မှန်းထားတဲ့ ဂိုးရလဒ်နဲ့ အများကြီး ကွာခြားမယ် မထင်ပါဘူး။
ပြင်သစ် - မက္ကဆီကို
ကစားမည့်နေ့ - ၁၈.၆.၂၀၁၀ ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - ပီတာ မိုကာဘာ (ပိုလော့ခ်ဝိန်း)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ပြင်သစ် - D D W L D မက္ကဆီကို - D W L L W
ပထမ ပွဲစဉ်ရလဒ် ဥရုဂွေး ၀-၀ ပြင်သစ် တောင်အာဖရိက ၁-၁ မက္ကဆီကို
အဓိက ကစားသမားများ ပြင်သစ် - ရီဘာရီ မက္ကဆီကို - မားကွက်ဇ်
ခန့်မှန်းရလဒ် ပြင်သစ် ၂-၁ မက္ကဆီကို
ပွဲသုံးသပ်ချက် နှစ်သင်း စလုံးဟာ ပထမဆုံး ပွဲစဉ်မှာ စိတ်ပျက်ဖွယ် သရေ ရလဒ်တွေနဲ့ ကြုံခဲ့ရလို့ လာမယ့် အခုပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲဖြစ်ပါတယ်။ ပြင်သစ် အသင်းဟာ ဥရုဂွေးနဲ့ ပွဲမှာ အားရလောက်ဖွယ် တိုက်စစ် ကစားပုံကို မပြသ နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ရီဘာရီ၊ အွန်နရီ တို့လို ထိပ်တန်း ကစားသမား တွေရဲ့ ခြေစွမ်းဟာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် အားနည်းလွန်း ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ် လူငယ် ကစားသမားလေး ဒီယာဘီ ကတော့ အဲဒီနေ့က အတောက်ပဆုံး ကစားသွား ပြနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကို ကြည့်ရင် ပြင်သစ် အသင်းဟာ စိတ်သစ်၊ လူသစ်နဲ့ တက်တက်ကြွကြွ လန်းလန်းဆန်း ကစားနိုင်ဖို့ လူငယ် သွေးသစ်တွေ ထပ်လောင်းဖို့ လိုနေတယ် ဆိုတာ သိနိုင်ပါတယ်။ မက္ကဆီကို ကတော့ အဖွင့်ပွဲစဉ် လည်းဖြစ်၊ အိမ်ရှင် အသင်းလည်း ဖြစ်နေတဲ့ တောင်အာဖရိကနဲ့ ရင်ဆိုင်ရ တာမို့ တော်တော်လေး ရုန်းကန်ခဲ့ ရတယ် ဆိုနိုင်ပါတယ်။ မက္ကဆီကို တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်ဟာ ကားလို့စ် ဗီလာ၊ ဖရန်ကို တို့နဲ့အတူ တိုက်စစ်မှာ ခြေစွမ်းပြ ပေမယ့် အဆုံးသတ် ညံ့တဲ့အတွက် မားကွက်ဇ်သာ ဂိုးတက်မသွင်း ပေးခဲ့ရင် ရှုံးသွားဖို့တောင် ရှိပါတယ်။ ဒီပွဲရဲ့ အနိုင်အရှုံးဟာ ပြင်သစ် လက်ထဲမှာ ရှိနေတယ်လို့ မြင်မိတယ်။ ပြင်သစ် အသင်းဟာ မက္ကဆီကို နောက်တန်းကို ထိုးဖောက်ဖို့ လုံလောက်တဲ့ အင်အား ရှိနေပါတယ်။ ရီဘာရီ၊ အနယ်လ်ကာ တို့ရဲ့ အမြန်နှုန်း ဟာလည်း မက္ကဆီကို ခံစစ်မှူးတွေ အတွက် ဒုက္ခရောက်မယ့် အနေအထားပါ။ ပြင်သစ် အသင်း စိတ်ဓာတ် အပြည့်နဲ့ ကစားရင် သေချာပေါက် နိုင်မှာပါ။
ဂျာမနီ - ဆားဘီးယား
ကစားမည့်နေ့ - ၁၈.၆.၂၀၁၀ ကစားမည့် အချိန် - ၁၈း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - နယ်လ်ဆင် မန်ဒဲလား ပင်လယ်အော် (ပို့တ် အဲလိဇဘက်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ဂျာမနီ - L W W W W ဆားဘီးယား - W D L W L
ပထမ ပွဲစဉ်ရလဒ် ဂျာမနီ ၄-၀ သြစတြေးလျ ဆားဘီးယား ၀-၁ ဂါနာ
အဓိက ကစားသမားများ ဂျာမနီ - မီဆတ် အိုဇီးလ် ဆားဘီးယား - နော်ဗန်ဂျာ ဗီဒစ်
ခန့်မှန်းရလဒ် ဂျာမနီ ၂-၀ ဆာဘီးယား
ပွဲသုံးသပ်ချက် ဂျာမနီ အသင်းဟာ ပွဲဦးထွက်မှာ အင်အား တောင့်တင်းတဲ့ သြစတြေးလျ အသင်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံ ခြေစွမ်း ပြထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲသာ အနိုင် ရခဲ့ရင် ဒုတိယ အဆင့်ကို တက်ရောက်ခွင့် ရဖို့ ရာနှုန်းပြည့် သေချာသွားမှာ ဖြစ်ပါတယ်။ ဂျာမနီ အသင်းဟာ ကစားပုံ မတူညီတဲ့ တိုက်စစ် ကစားသမား ၄ ဦး ပိုင်ဆိုင်ထား တာဟာလည်း ပြိုင်ဘက်တွေထက် အားသာချက် တစ်ခု ဖြစ်နေပါတယ်။ သြစတြေးလျနဲ့ ပွဲမှာ ၂ ဂိုး ဖန်တီးပေး သွားတဲ့ လူငယ် ကစားသမားလေး အိုဇီးလ်ဟာ ပရိသတ်တွေ စိတ်ဝင်စား နေတဲ့ ကစားသမားပါ။ ဒါပေမဲ့ ဂျာမနီ နောက်တန်းဟာ သြစတြေးလျနဲ့ ပွဲမှာ ပြင်းပြင်းထန်ထန် စမ်းသပ် ခံရတာ မရှိခဲ့ပါဘူး။ ဒါကြောင့် သြစတြေးလျထက် ကွာလတီ တိုက်စစ် ပလေယာ ပိုများတဲ့ ဆားဘီးယားနဲ့ ပွဲမှာ ခြေစွမ်း အစစ်အမှန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆားဘီးယား အသင်းကတော့ ပွဲဦးထွက် မှာပဲ အာဖရိကသား ဂါနာကို ရှုံးနိမ့်ထားတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ဆားဘီးယား ခြေစွမ်း မနိမ့်ကျခဲ့ဘဲ လူကိုဗစ်သာ အနီကဒ် မပြခံရင်၊ ပယ်နယ်တီသာ မပေးရရင် အနည်းဆုံး သရေ တစ်မှတ်တော့ ခွဲယူ နိုင်ခဲ့ မှာပါ။ အရပ် ၆ ပေ ၇ လက်မ ရှိတဲ့ တိုက်စစ်မှူး ဇီဂစ်ဟာ ပြီးခဲ့တဲ့ ပွဲမှာ ခြေစွမ်းမပြ နိုင်ခဲ့တာကို ဒီပွဲမှာ ပြန်လည် ဖာထေးဖို့ ကြိုးပမ်းပါ လိမ့်မယ်။ ဂျာမနီ အသင်းဟာ ကစားသမားတွေ အထိုင်ကျ လာပြီ ဖြစ်တဲ့အတွက် ဒီပွဲမှာ သြစတြေးလျနဲ့ ပွဲကထက် ခြေစွမ်း ပိုပြနိုင် လိမ့်မယ်လို့ ယူဆရ ပါတယ်။ အသင်း ခေါင်းဆောင် ဖီးလစ်လမ်း ဦးဆောင်တဲ့ ဂျာမန် ကွင်းလယ်ဟာ တိုက်စစ်ရော ခံစစ်ပါ ပြီးပြည့်စုံ နေပြီး ပြိုင်ဘက်ကို နေရာလွတ် ပေးလေ့ မရှိတာကြောင့် ဒီပွဲမှာ ဂျာမနီကိုသာ ပိုကြိုက်မိတယ်။
ဆလိုဗေးနီးယား - အမေရိကန်
ကစားမည့်နေ့ - ၁၈.၆.၂၀၁၀ ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - အီလစ်စ်ပါ့ခ် (ဂျိုဟန်စ်ဘတ်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ဆလိုဗေးနီးယား - L W W W W အမေရိကန် - L L W W D
ပထမ ပွဲစဉ်ရလဒ် အင်္ဂလန် ၁-၁ အမေရိကန် အယ်လ်ဂျီးရီးယား ၀-၁ ဆလိုဗေးနီးယား
အဓိက ကစားသမားများ ဆလိုဗေးနီးယား - ရောဘတ် ကိုရန် အမေရိကန် - လန်ဒန် ဒိုနိုဗန်
ခန့်မှန်းရလဒ် ဆလိုဗေးနီးယား ၀-၂ အမေရိကန်
ပွဲသုံးသပ်ချက် ဒီနှစ်သင်း စလုံးဟာ အဖွင့်ပွဲစဉ် တုန်းက ထူးထူးခြားခြား ဂိုးသမား အမှားတွေကြောင့် ရလဒ်တွ ကောင်းခဲ့ရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အမေရိကန် အသင်းဟာ အင်္ဂလန် ဂိုးသမား ရောဘတ် ဂရင်းရဲ့ အမှားကြောင့် သရေ ရလဒ် ရခဲ့ပြီး ဆလိုဗေးနီးယား အသင်း ကလည်း အယ်လ်ဂျီးရီးယား ဂိုးသမား ချာအူချီ အမှားကနေ အနိုင်ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗေးနီးယား အသင်းဟာ တကယ်လို့ ဒီပွဲမှာသာ အမေရိကန်ကို နိုင်သွားမယ် ဆိုရင် ကမ္ဘာ့ဖလားရဲ့ အံ့ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်သွားမှာ ဖြစ်ပြီး အုပ်စု အဆင့် ကနေလည်း ကျွတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အယ်လ်ဂျီးရီးယား ပွဲကထက် ပိုမို အားစိုက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နည်းပြ မတ်ဂျက်ဇ် ကက် အနေနဲ့ အမှားအယွင်း များတဲ့ အသင်းရဲ့ ကစားပုံကို သေချာ ပြန်လည် ပြုပြင်ဖို့ လိုအပ်ပါ လိမ့်မယ်။ အမေရိကန် အသင်း ကလည်း ကံကြမ္မာရဲ့ ဖေးမမှုနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဆုအတွက် ရေပန်းစား နေတဲ့ အင်္ဂလန်ကို သရေ ကစားနိုင်ခဲ့တယ်။ အဲဒီပွဲမှာ အမေရိကန်တို့ ဂိုးရတာ ကံကူလို့ ဆိုပေမယ့် တကယ်တမ်း အသင်း ကစားပုံ မှာလည်း တော်တော်လေး ကောင်းခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် ကစားသမားတွေဟာ အဲဒီပွဲ ရလဒ်ကြောင့် စိတ်ဓာတ်တက်ကြွ နေနိုင်တယ်။ တိုက်စစ်မှူး အယ်တီဒိုရီ ဦးဆောင်တဲ့ အမေရိကန် တိုက်စစ်ကို အမှားအယွင်း များတဲ့ ဆလိုဗေးနီးယား နောက်တန်း ရေရှည် မထိန်းနိုင် ပါဘူး။ အမေရိကန်ပဲ အနိုင်ရ သွားလိမ့်မယ် ထင်ပါတယ်။
အင်္ဂလန် - အယ်လ်ဂျီးရီးယား
ကစားမည့်နေ့ - ၁၉.၆.၂၀၁၀ ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - ကိပ်တောင်း (ကိပ်တောင်း)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် အင်္ဂလန် - L W W W D အယ်လ်ဂျီးရီးယား - L L L W L
ပထမ ပွဲစဉ်ရလဒ် အင်္ဂလန် ၁-၁ အမေရိကန် အယ်လ်ဂျီးရီးယား ၀-၁ ဆလိုဗေးနီးယား
အဓိက ကစားသမားများ အင်္ဂလန် - ၀ိန်း ရွန်နေ အယ်လ်ဂျီးရီးယား - ကာရင် ဇီယာနီ
ခန့်မှန်းရလဒ် အင်္ဂလန် ၃-၀ အယ်လ်ဂျီးရီးယား
ပွဲသုံးသပ်ချက်
တကယ်လို့ ရောဘတ် ဂရင်းသာ အမှားမလုပ် ခဲ့ဘူးဆိုရင် အင်္ဂလန် အသင်းတို့ ပွဲဦးထွက်မှာ ၃ မှတ်အပြည့် ရခဲ့သင့် ပါတယ်။ အင်္ဂလန်ရဲ့ လက်ရှိ ခြေစွမ်းဟာ ထိပ်တန်း အဆင့်လို့ ပြောဖို့ ခက်သေးပေမဲ့ အမေရိကန်လို အသင်းမျိုး ကတော့ နိုင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ကာပယ်လိုဟာ သူ့ရဲ့ နည်းဗျူဟာ တစ်ချို့ ပြူပြင်ဖို့ လိုအပ်နေမယ် ထင်တယ်။ မီလ်နာ၊ ဟတ်စကီး တို့ကို ပွဲထွက်စာရင်း သွင်းပြီး နေရာပေးထားတဲ့ ကာပယ်လိုရဲ့ အယူအဆဟာ ဒီတစ်ခါ မှာတော့ ပရိသတ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်။ အင်္ဂလန် အသင်းဟာ ဒဏ်ရာ ပြဿနာ များနေတဲ့ နောက်ခံ ဗဟိုလူ နေရာအတွက်လည်း ခေါင်းခဲစရာ ဖြစ်နေတယ်။ အဲဒီ နေရာအတွက် ခေါ်လာတဲ့ ဖာဒီနန်ကို ဒဏ်ရာကြောင့် လက်လွှတ်လိုက် ရပြီ ဖြစ်သလို လက်ဒ်လေကင်း ဟာလည်း အမေရိကန်နဲ့ ပွဲမှာ ဒဏ်ရာ ရသွား ပြန်ပါတယ်။ ကာရေဂါဟာ ဒီနေရာ အတွက် အကောင်းဆုံးလူ မဟုတ်ဘူးလို့ အင်္ဂလန် ပရိသတ်တွေ သာမက လီဗာပူးလ် ပရိသတ် တွေကပါ သံသယ ၀င်ခြင်း ခံနေရသူပါ။ အယ်လ်ဂျီးရီးယား အသင်းကို ကြည့်ပြန်တော့ ပြီးခဲ့တဲ့ ပွဲမှာ ကစားသမား တစ်ယောက် အထုတ်မခံ ရရင်၊ ဂိုးသမား မမှားခဲ့ရင် ဆလိုဗေးနီးယားကို အနည်းဆုံး သရေ ကစားနိုင် လောက်တယ်လို့ မြင်တယ်။ မြောက်ပိုင်း အာဖရိကသား ကန္တာရ မြေခွေးတွေဟာ ပွဲစပွဲဆုံး ခွန်အားနဲ့ ကြံ့ခိုင်မှု သုံးပြီး ကစားတတ်လို့ ပြိုင်ဘက်တွေကို အခက်တွေ့ စေပါတယ်။ အင်္ဂလန် နည်းပြဟောင်း အဲရစ်ဆင် ကလည်း ဒီအုပ်စုမှာ အယ်လ်ဂျီးရီးယားကို သတိထား ရမယ်လို့ ကြိုတင် သတိပေး ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပထမပွဲမှာ ၂ မှတ် ဆုံးရှုံးခဲ့ရတဲ့ အင်္ဂလန်တို့ ဒီပွဲကို ပိုမို အားစိုက် ရုန်းကန်မှာ ဖြစ်ပြီး ဂိုးကံ မခေခဲ့ရင်၊ ရွန်နီ ဂိုးပေါက် ရှာတွေ ခဲ့ရင် အထက်မှာ ခန့်မှန်းထားတဲ့ ရလဒ် အတိုင်း ဖြစ်သွားနိုင် ပါတယ်။
ဟော်လန် - ဂျပန်
ကစားမည့်နေ့ - ၁၉.၆.၂၀၁၀ ကစားမည့် အချိန် - ၁၈း၀၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - မော့ဆက် မာဘ်ဟီဒါ (ဒါဘန်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ဟော်လန် - W W W W W ဂျပန် - L L L L W
ပထမ ပွဲစဉ်ရလဒ် ဟော်လန် ၂ - ၀ ဒိန်းမတ် ဂျပန် ၁ - ၀ ကင်မရွန်း
အဓိက ကစားသမားများ ဟော်လန် - ဗန်ပါစီ ဂျပန် - ဟွန်ဒါ
ခန့်မှန်းရလဒ် ဟော်လန် ၂-၁ ဂျပန်
ပွဲသုံးသပ်ချက် ဟော်လန် အသင်းဟာ လတ်တလောမှာ ဒိန်းမတ်ကို အနိုင်ယူပြီး ရေပန်းစားတဲ့ အသင်း စာရင်းမှာ ထိပ်နား ရောက်လာသလို ဂျပန်ကလည်း အဖွင့်ပွဲမှာ အာဖရိက က ကင်မရွန်းကို အံ့ဖွယ် အနိုင်ယူပြ ထားပါတယ်။ ဟော်လန် အသင်းဟာ ဥရောပ ထိပ်တန်းလိဂ် အသီးသီးက ခြေစွမ်းထက်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒိန်းမတ်နဲ့ ပွဲမှာ အများ မျှော်လင့်ထားသလို ရသပေးနိုင်တဲ့ ကစားဟန်မျိုးနဲ့ ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။ ကစားပုံ မကောင်းဘဲနဲ့ နိုင်ခဲ့တာ လို့တောင် ဆိုနိုင်ပါတယ်။ ဟော်လန် အသင်းမှာ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆိတ်မှု အပိုင်း ဆိုးဆိုးရွားရွား လွဲချော်နေပြီးတိုက်စစ်မှူးတွေကို ဖန်တီးပေးနိုင်မှု အားနည်းလွန်းနေပါတယ်။ လတ်တလော ရော်ဘင် မကစားနိုင်သေးခင်မှာ အစားထိုးဖို့ လူငယ် ကစားသမားလေး အီလီယာကို ရထားတာတော့ ကံကောင်းတယ် ဆိုရပါမယ်။ ဂျပန်ကလည်း ခွန်အားနဲ့ ကြံ့ခိုင်မှုကို အားပြု ကစားတဲ့ ကင်းမရွန်းကို အမြန်နှုန်းနဲ့ ဘောလုံး အတွေးအခေါ်တွေ ကောင်းကောင်း အသုံးပြုပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အီတူးကို တစ်ပွဲလုံး မလှုပ်နိုင်အောင် ထိန်းချုပ်ထားခဲ့ ပုံကတော့ သဘောကျ စရာပါ။ စာရွက်ပေါ်က လူစာရင်း အရတော့ ဟော်လန်ဟာ ဂျပန်နဲ့ မနှိုင်းယှဉ် သာလောက်အောင် လူအင်အာ ကွာခြားနေ ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အခါမှာ ဘယ်လို အဖြစ်မျိုးတွေ ရှိတတ်တယ် ဆိုတာကို ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန် စတဲ့ အသင်းတွေက ရှေ့မှာ လက်တွေ့ပြခဲ့ ပြီးပါပြီ။ ဟော်လန်တို့ အကြိတ်အနယ် ကစားရဖို့ ရှိနေပြီး နိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။
ဂါနာ - ၾသစေၾတးလ်
ကစားမည့်နေ့ - ၁၉.၆.၂၀၁၀ ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်) ကစားမည့်ကွင်း - ရွိုင်ရယ် ဘာဖိုကန်း (ရူစတန်ဘတ်)
နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ် ဂါနာ - W W L W W သြစတြေးလျ - D W W L L
ပထမ ပွဲစဉ်ရလဒ် ဆားဘီးယား ၀-၁ ဂါနာ ဂျာမနီ ၄-၀ သြစတြေးလျ
အဓိက ကစားသမားများ ဂါနာ - အဆာမိုအာ ဂျန် သြစတြေးလျ - ဘရတ် အီမာတန်
ခန့်မှန်းရလဒ် ဂါနာ ၂ - ၀ သြစတြေးလျ
ပွဲသုံးသပ်ချက် ယမန်နေ့ညက ပွဲစဉ်မှာ ဂျာမနီ အသင်းဟာ ဆားဘီးယားကို မမျှော်လင့်ဘဲ ရှုံးနိမ့်သွားလို့ အုပ်စု (D)မှာ ပါဝင်တဲ့ ကျန်အသင်းတွေ အတွက် အခွင့်အရေး ကောင်းသွား ခဲ့ပါတယ်။ အထူးသဖြင့် ပထမပွဲ ရှုံးနိမ့်ထားတဲ့ သြစတြေးလျတို့ အတွက် ပိုပြီး မျှော်လင့်လို့ ရနိုင်တဲ့ အနေအထား ဖြစ်သွားတာပါ။ ဂါနာ အသင်းဟာ ဆားဘီးယားနဲ့ ပွဲမှာ လူတစ်ယောက် အသာ ရခဲ့တာရယ်၊ ပယ်နယ်တီ ရခဲ့တာရယ်ကြောင့် အနိုင်ရ ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း အသင်းရဲ့ ကစားပုံ ကလည်း ဒီအနိုင် ရလဒ်နဲ့ ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။ ပထမပွဲမှာ မွန်တာရီကို ဒဏ်ရာကြောင့် မသုံးနိုင် ခဲ့တဲ့ ဂါနာဟာ ဘိုတန်ကို ကွင်းလယ်မှာ ကစားစေ ခဲ့ပြီး ခြေစွမ်းပြနိုင် ခဲ့တာကို တွေ့ရပါတယ်။ အနိုင်ဂိုးရှင် တိုက်စစ်မှူး ဂျန်ဟာလည်း အသင်းအတွက် တောက်ပလာတဲ့ ကြယ်ပွင့်သစ် ဖြစ်ပါတယ်။ သြစတြေးလျ အသင်းကတော့ ၀ါရင့် ကစားသမား ကြီးတွေ အများအပြား ပါဝင်ပေမယ့် အသက်အရွယ် အရ ပွဲချိန်ကြာလာရင် ကျလာတတ် တာကို တွေ့ရပါတယ်။ အထူးသဖြင့် အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး ကောင်းကောင်း မရှိတာဟာ သြစတြေးလျရဲ့ အားနည်းချက်ပါ။ ဒီပွဲမှာလည်း အားထားရတဲ့ တင်ကာဟေး လွဲချော်ဖွယ် ရှိနေလို့ တိုက်စစ်ပိုင်း ပိုမိုအားပျော့ သွားနိုင်ပါတယ်။ ဂျာမနီကို ဂိုးပြတ် ရှုံးတာဟာ သြစတြေးလျ တို့အတွက် ဖိအား ဖြစ်လာပေမယ့် ကစားသမားပိုင်း ယှဉ်ရင် ဂါနာကို သြစတြေးလျ မမှီပါဘူး။ ပွဲက အကြိတ်အနယ် ကစားရမှာဖြစ်ပြီး ဂါနာပဲ အနိုင်ရဖို့ များပါတယ်။
|
|
Last Updated on Saturday, 19 June 2010 13:42 |