|
Written by Editor SM
|
|
Monday, 31 May 2010 18:39 |
|
ယနေ့ ညနေပိုင်းက သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် ဒယ်လ်တာ ယူနိုက်တက် အသင်းက ဥဿာ ယူနိုက်တက် အသင်းအား (၂-၁) ဂိုးဖြင့် အနိုင် ရခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ဒယ်လ်တာ အသင်းသည် အဓိက ကစားသမား အချို့ကို ဒဏ်ရာနှင့် ပွဲပယ် ပြဿနာ များကြောင့် ထည့်မသုံး ခဲ့ရဘဲ အရန် လူငယ် ကစားသမား များကို အားပြု ကစားခဲ့ရသည်။ သို့ရာတွင် ဒယ်လ်တာ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်၌ စတန်လေက စတင် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂိုးသွင်းပြီးနောက် နှစ်ဘက် အပြန်အလှန် တိုးဖောက် တိုက်စစ်ဆင် ခဲ့သော်လည်း အဆုံးသတ် အားနည်းနေ သဖြင့် ပထမပိုင်း ၄၅ မိနစ် ပြည့်သည်အထိ ဂိုးထပ် မရခဲ့သည်ကို တွေ့ရသည်။ ဒုတိယပိုင်းတွင်လည်း နှစ်သင်း စလုံး အကြိတ်အနယ် ကစားရင်း ပွဲချိန် ၇၅ မိနစ်တွင် ဒယ်လ်တာ တိုက်စစ်မှူး ဂီးလ်ဒက်က ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ဥဿာ အသင်းသည် ခြေပဂိုး ရရန် အတွက် တစ်သင်းလုံး တက်၍ တိုက်စစ်ဆင် ခဲ့သည့်တိုင် ဒယ်လ်တာ နောက်တန်းကို မကျော်လွှား နိုင်ခဲ့ဘဲ ပွဲချိန် မိနစ် ၉၀ ပြည့်အပြီး နာကျင် အချိန်ပို တွင်မှ နိုင်နိုင်လင်းက သိက္ခာဆယ် ဂိုးတစ်ဂိုး သွင်းယူ နိုင်ခဲ့သည်။
ဒယ်လ်တာ အသင်းသည် ယင်းပွဲ အနိုင်ရခဲ့သည့် အတွက် အမှတ်ပေး ဇယား၏ ပဉ္စမ နေရာသို့ ခုန်တက် လာနိုင်ခဲ့သည်။ သို့သော် အမှတ်ပေး ဇယား ထိပ်ဆုံးမှ ကမ္ဘောဇနှင့် တစ်ပွဲလျော့ ၇ မှတ် ကွာ အနေအထား ဖြစ်နေသည်။ ဥဿာ အသင်းမှာမူ မနောမြေနှင့် အမှတ်ခြင်း တူသော်လည်း ဂိုးကွာခြားချက် အရ အမှတ်ပေး ဇယား၏ အဆင့် ၈ နေရာတွင် ဆက်လက် ရပ်တည် နိုင်ခဲ့သည်။
|