| “ပွဲစဉ်တိုင်းမှာ အဆင့်မီမီ ကစားနိုင်စေဖို့ပဲ ရည်မှန်း ထားပါတယ်” ဆိုတဲ့ ဆောက်သမ်းမြန်မာ အသင်း နည်းစနစ် အကြံပေး ဦးတင်အောင် (ဂိုး)နှင့် တွေ့ဆုံခြင်း |
|
|
|
| Written by Admin Team |
| Friday, 18 September 2009 17:53 |
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို အမှတ်ပေးလိဂ် ပုံစံဖြင့် ကျင်းခဲ့သည်မှာ ယခုဆိုလျှင် စတုတ္တမြောက် သီတင်း ပတ်ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ယင်းကာလ အတွင်း အသင်းများ၏ ခြေစွမ်းမှာလည်း တိုးတက် ပြောင်းလဲမှုများ အများအပြား ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲ ကျင်းပစဉ် ကထက် အများကြီး တိုးတက် လာခဲ့ပြီး အသင်း အများစု၏ ခြေစွမ်းမှာ အံ့သြဖွယ် အဆင့်အထိ ရောက်လာ ခဲ့သည်ကို တွေ့ရသည်။ထိုသို့ ထူးထူးခြားခြား ခြေစွမ်း တိုးတက်လာသည့် အသင်းများ ထဲတွင် ဆောက်သမ်းမြန်မာ အသင်းသည်လည်း တစ်သင်း အပါအ၀င် ဖြစ်သည်။ ပွဲဦးထွက် နှစ်ပွဲ၌ အကြိတ်အနယ် ကစားခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ သော်လည်း နောက်ဆုံး ကစားခဲ့သည့် နာမည်ကြီး ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် (၂-၁)ဂိုးဖြင့် အနိုင် ရခဲ့သည်။ ထိုသို့ ဆောက်သမ်း မြန်မာ အသင်း၏ တိုးတက် အောင်မြင်မှု များသည် ရာသီကြို ပြင်ဆင်မှု ကောင်းခြင်း၊ အသင်း တာဝန်ရှိသူ များ၏ ထောက်ပံ့ အားပေးမှု ကောင်းခြင်းတို့နှင့် သက်ဆိုင်နေ သကဲ့သို့ ယခုပြိုင်ပွဲ မတိုင်မီကမှ အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် နည်းစနစ် အကြံပေး ဦးတင်အောင် (ဂိုး)နှင့်လည်း သက်ဆိုင်နေသည်။ ၀ါရင့် မြန်မာ့ လက်ရွေးစင် ဂိုးသမားဟောင်းကြီး ဦးတင်အောင်သည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင် ခဲ့ဖူးရုံမက ကလပ်အသင်း များနှင့် ပတ်သတ်သော သင်တန်းများလည်း အများအပြား တက်ရောက် ခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် ဆောက်သမ်း အသင်း၏ နိုင်ပွဲများ အတွက် အဓိက ကျသည့် နောက်ကွယ်မှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော ဦးတင်အောင်အား Soccer Myanmar ၀က်ဘ်ဆိုက်မှ သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။ SM – ဆရာ ဦးတင်အောင် အနေနဲ့ ဘောလုံး အဖွဲ့ချုပ်မှာ MNL ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ရာထူး ထမ်းဆောင် နေရာက ဆောက်သမ်း မြန်မာ အသင်းကို ပြောင်းရွှေ့ ဖြစ်ခဲ့ပုံလေး သိပါရစေ။ဦးတင်အောင် - MNL ပြိုင်ပွဲတွေ မစတင်ခင် ဟိုးအရင် ကလပ် အသင်းတွေ စတင် တည်ထောင် ကတည်းက ဆောက်သမ်း အသင်းက ကျွန်တော့်ကို ကမ်းလှမ်း ခဲ့ဖူးတာပါ။ ၂၀၀၈ နိုဝင်ဘာလ လောက်ကတည်းက ကမ်းလှမ်း ခဲ့တာပေါ့။ ကျွန်တော်က စမ်းချောင်းမှာ နေတယ် လေ။ အခု ဆောက်သမ်း အတွင်းရေးမှူး ဦးလှမောင်ရွှေနဲ့ တစ်လမ်းတည်းပေါ့။ ပုဂ္ဂိုလ်ရေး အရ ရင်းနှီးနေတဲ့ အတွက် ဦးဋ္ဌေးမြင့် တာဝန် ယူမယ့် ဆောက်သမ်း အသင်းကို လာရောက်ဖို့ ဦးလှမောင်ရွှေက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော်ဟာ ဘောလုံး အဖွဲ့ချုပ်က စေလွှတ်တဲ့ Club Management သင်တန်းကို ပြည်ပမှာ သွားပြီး တက်ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ကမ်းလှမ်းမှုကို လက်မခံခဲ့ဘဲ MNL မှာပဲ ဦးဆောင်ပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အတွက် ဆောင်ရွက် ခဲ့တာပါ။ ဒါပေမယ့် အခု MNL ပြိုင်ပွဲသစ် အတွက် ပွဲစဉ် ရေးဆွဲမှုက အစ လိုအပ်တာတွေ အားလုံး လုပ်ပေးပြီးတဲ့ အခါမှာတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ကျန်းမာရေး အရ ဘောလုံး အဖွဲ့ချုပ်ကနေ နှုတ်ထွက် ခဲ့တာပါ။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ လကတည်းက ဆေးစစ် ကြည့်တဲ့ အခါ နှလုံးရောဂါ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သက်သက်သာသာနဲ့ အေးအေး ဆေးဆေး လုပ်ရမဲ့ အလုပ်ဖြစ်လို့ ဆောက်သမ်း ကို ရောက်ရှိ လာခဲ့တာပါ။ ![]() SM - ဆရာ့ အနေနဲ့ ဆောက်သမ်း အသင်းမှာ ဘယ်လို တာဝန်မျိုးတွေနဲ့ လုပ်ပိုင် ခွင့်မျိုးတွေကို တာဝန်ထမ်းဆောင် နေရပါ သလဲ။ ဦးတင်အောင် - ကျွန်တော်က အသင်းနဲ့ ပတ်သတ်ပြီး အောင်မြင်မှုတွေ ရဖို့အတွက် အကြံဉာဏ်တွေ ပေးရတာပါ။ အဓိက ကတော့ ပရိုကလပ် အသင်း တစ်သင်း ပီသဖို့ အတွက် လိုအပ်ချက်တွေ ကိုက်ညီအောင် လုပ်ပေးရတာပေါ့။ ရာထူးကိုတော့ နည်းစနစ် အကြံပေး ဆိုပြီး နာမည်တပ် ထားပါတယ်။ ကျွန်တော်က လေ့ကျင့်ရေး ကွင်းမှာ ကိုယ်ထိလက်ရောက် ကွင်းထဲ ၀င်ပြီး လိုက်မလုပ်ပေမယ့် ဘေးကနေ ကြည့်ပြီး ဘာတွေလိုအပ် နေတယ်ဆိုတာ အကြံဉာဏ် ပေးရပါတယ်။ ပြီးတော့ အသင်းကို ဘယ်လို ပုံစံချသင့်တယ် ဆိုတာကိုလည်း အကြံဉာဏ်ပေး ရပါတယ်။ နောက်ထပ် တာဝန် တစ်ခုကတော့ အသင်းမှာ နိုင်ငံခြားသား ကစားသမား တွေနဲ့ မြန်မာ ကစားသမားတွေ ဘယ်လို သဟဇာတ ဖြစ်အောင် လုပ်မလဲ ဆိုတာကို အကြံ ဉာဏ်ပေးရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ အသင်းက ကစားသမား လေးတွေက သူများ အသင်း တွေလို A Class တို့၊ B Class တို့ မဟုတ်ဘဲ C Class လောက်ပဲ ရှိတဲ့ ကစားသမား လေးတွေပါ။ ဒါကြောင့် အသင်း ကစားတဲ့ ပုံစံဟာ နိုင်ငံခြား သားတွေနဲ့ ဘယ်လို အံဝင်အောင် လုပ်မလဲလို့ စဉ်းစား ရပါတယ်။ ရှိတဲ့ ကစားသမားနဲ့ ဘယ်လိုပုံစံ ကစားမယ်ပေါ့။ ပွဲကစားတဲ့ အခါမှာ ကျတော့ တစ်ဘက်အသင်းရဲ့ အားနည်းချက် အားသာချက် တွေကို လေ့လာပြီး အားသာချက်ကို ဘယ်လို ဖျက်မယ်၊ အားနည်း ချက်ကို ဘယ်လို အခွင့်အရေး ယူမယ်ဆိုတာ လေ့လာ သုံးသပ် ရပါတယ်။ ![]() SM - ဆောက်သမ်း အသင်းရဲ့ ကစားပုံဟာ အခု ပြိုင်ပွဲသစ်မှာ ပြောင်းလဲ လာခဲ့တယ်လို့ ထင်ပါသလား။ ဦးတင်အောင် - အရင်ပြိုင်ပွဲက ပုံစံနဲ့ နည်းနည်းတော့ ကွဲသွားတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားသား ကစားသမား တွေ ပါလာတဲ့ အတွက် သူတို့နဲ့ လိုက်လျော ညီထွေဖြစ်မယ့် ကစားပုံကို ပြောင်းလိုက် ရလို့ပါ။ SM - ဆောက်သမ်းမြန်မာ အသင်း အနေနဲ့ ရှေ့ပွဲတွေမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဦးတင်အောင် - ဥဿာနဲ့ ဒယ်လ်တာကို ရှုံးနိမ့်ခဲ့တာဟာ ကစားသမား တွေရဲ့ ပညာရည် မပြည့်ဝမှု ကြောင့်လို့ ထင်ပါတယ်။ ဥဿာနဲ့ ပွဲမှာ ဂိုးရသင့်တဲ့ အခွင့်အရေး တွေကိုသာ ရခဲ့ရင် မရှုံးနိုင်ပါဘူး။ ပွဲပြီးခါနီးမှာ ပေါ့ဆ လိုက်မှုကြောင့် မထင်မှတ်တဲ့ ဂိုးကို ပေးလိုက်ရတာပါ။ ခြေသာရက်နဲ့ ရှုံးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒယ်လ်တာနဲ့ ပွဲမှာတော့ ကျွန်တော်တို့ အသင်းဟာ ခြေမသာခဲ့ပါဘူး။ ပထမပိုင်း တစ်ပိုင်းလုံး ကံကောင်းလို့ ဂိုးတွေ မပေး ခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ကစားကွက် ပြောင်းလိုက် တဲ့နောက် (၂-၁)ဂိုးနဲ့ပဲ ရှုံးခဲ့ရပါတယ်။ ပြောရရင် ခြေစွမ်းအရ ဂုဏ်သိက္ခာရှိရှိ ကစား နိုင်ခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ အဲဒီပွဲမှာ သရေကျဖို့ အခွင့်အရေးတောင် ရခဲ့ပါသေးတယ်။ ဘောလုံး သဘောအရ ရှုံးချင်ရင် ကြံဖန်ပြီးတော့ ရှုံးတတ်တာပါပဲ။ အဲဒီပွဲမှာ ဒယ်လ်တာက ခြေသာ ခဲ့တာတော့ ၀န်ခံပါတယ်။ SM - ရန်ကုန်နဲ့ပွဲမှာ အနိုင်ရခဲ့တာဟာ ဘယ်လို နည်းဗျူဟာတွေ သုံးပြီး ကစား ခဲ့လို့ပါလဲ။ ဦးတင်အောင် - ကျွန်တော် ခုနက ပြောခဲ့ သလိုပဲ ရန်ကုန်နဲ့ပွဲ မကစားခင်မှာ ရန်ကုန်ရဲ့ အားသာချက် အားနည်းချက် တွေကို လေ့လာ ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဟာ နားချိန် တစ်ရက်ပဲ ရခဲ့ပါတယ်။ တစ်ဘက် အသင်းရဲ့ အားသာချက် တွေကို ဘယ်လို ဖျက်မလဲလို့ ကြိုတင် စီစဉ်ခဲ့ပါတယ်။ နိုင်ငံခြားသား တွေကိုလည်း သီးသန့်ခေါ်ပြီး ဘယ်လို ကစားရမယ် ဆိုတာကို သေချာ ဆွေးနွေး ခဲ့ပါတယ်။ တကယ်တော့ အဲဒီပွဲမှာ ကျွန်တော်တို့ အတွက် အခွင့်အရေးက ၄၀ ရာခိုင်နှုန်း လောက်ပဲ ရှိပြီး ရန်ကုန်က ၆၀ ရာခိုင်နှုန်း လောက် ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ရဲ့တိုက်စစ်ကို ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပထမပိုင်းမှာ ကျွန်တော်တို့ ဂိုးပေါက်ကိုတောင် ထိထိရောက်ရောက် ခြိမ်းခြောက် မခံခဲ့ရပါဘူး။ ![]() SM - လက်ရှိမှာ မြန်မာ နေရှင်နယ်လိဂ်က ဘယ်အသင်းဟာ ကစားရ အခက်ဆုံးလို့ ထင်ပါသလဲ။ ဦးတင်အောင် - ကျွန်တော်တို့ဟာ အသင်းတိုင်းကို အထင်မကြီး သလို အထင်လည်း မသေးပါဘူး။ တစ်ဘက် အသင်းရဲ့ ကစားဟန်နဲ့ အားနည်းချက် အားသာချက် တွေကို ဘယ်လို အခွင့်အရေး ယူလို့ ရနိုင်မလဲဆိုပြီး လေ့လာပါတယ်။ တခါတရံ တကယ် ခြေစွမ်းနဲ့ မနိုင်နိုင်တဲ့ ပွဲတွေလည်း ရှိပါတယ်။ ဘယ်လို ပွဲမျိုး ဆိုတာကတော့ ခုချိန်မှာ ပြောလို့ မရနိုင် သေးပါဘူး။ SM – အသင်းက လက်ရှိ ကစားသမား တွေထဲမှာ ဘယ် ကစားသမားကို အားရမှု အရှိဆုံးပါလဲ။ ဦးတင်အောင် - ကျွန်တော်ကတော့ အဲဒီလို တစ်ယောက်ချင်းတော့ ခွဲခြားပြီး မသုံးသပ် ချင်ပါဘူး။ အသင်းလိုက်ပဲ ကြည့်ပါတယ်။ အသင်း အနေ နဲ့ကတော့ တစ်ပွဲထက် တစ်ပွဲ ပိုပိုပြီး တိုးတက် လာတယ်လို့ ထင်ပါတယ်။ လောလောဆယ် ၃ ပွဲ ကစားပြီးတဲ့ နောက်မှာ အသင်း အတွက် အကျိုး အပြုနိုင်ဆုံး ကစားသမား အဖြစ် ဂိုးသမားလေး ပြည့်ဖြိုးအောင် ကိုတော့ မြင်မိပါတယ်။ ကျန်တဲ့ အသင်း ၇ သင်းလုံးမှာ သူ့လောက် အကျိုးပြု နိုင်တဲ့ ဂိုးသမားမျိုး မတွေ့ မိသေးပါဘူး။ ဒါပေမယ့် ဒါဟာ သုံးပွဲစာပဲ ပြောတာပါ။ နောက်ပွဲတွေမှာ ဘယ်သူတွေ အစွမ်းပြ နိုင်ဦးမလဲ မသိသေးပါဘူး။ SM - ဆရာတို့ အနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်လို အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်မှန်း ထားပါသလဲ။ ဦးတင်အောင် - လောလောဆယ်တော့ အတိအကျ မပြောချင် သေးပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပွဲစဉ်တိုင်းမှာ အဆင့်မီမီနဲ့ ကစားနိုင်စေ ဖို့ပါပဲ။ ပွဲစဉ်က စုစုပေါင်း (၁၄)ပွဲတောင် ကစားရမှာမို့ ဘယ်အဆင့် ရနိုင်မလဲ ဆိုတာ မပြော နိုင်သေးပါဘူး။ SM - အသင်းမှာ လတ်တလော အားနည်းချက် အားသာချက် ဘာတွေရှိတယ်လို့ ထင်ပါသလဲ။ ဦးတင်အောင် - အားနည်းချက် ကတော့ နိုင်ငံခြားသား ကစားသမားတွေက မြန်မာ ကစားသမား တွေနဲ့ အံဝင်ခွင်ကျ မဖြစ်သေး တာပါပဲ။ အားသာချက် ကတော့ တစ်သင်းလုံး ဘာဖြစ်ဖြစ် မခိုမကပ် ကစားမယ်ဆိုတဲ့ စိတ်ဓာတ် ရှိနေတာပါပဲ။ ဒီလို စိတ်မျိုးကို နိုင်ငံခြားသားတွေ ဆီမှာပါ ရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ သူတို့က ဒီမှာ လာကစားတာ စာချုပ်ပြည့်ရင် ပြီးတာပါပဲလို့ ၀တ်ကြေတန်းကြေ စိတ်ဓာတ်မျိုး မဖြစ်အောင် လုပ်ပေး ရပါမယ်။ အသင်းနဲ့ အံခွင်ဝင်ကျ မဖြစ်သေးတာကို တော့ အချိန်ယူပြီး ဆောင်ရွက် ရပါမယ်။ SM - ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ Tags: |



မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို အမှတ်ပေးလိဂ် ပုံစံဖြင့် ကျင်းခဲ့သည်မှာ ယခုဆိုလျှင် စတုတ္တမြောက် သီတင်း ပတ်ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ယင်းကာလ အတွင်း အသင်းများ၏ ခြေစွမ်းမှာလည်း တိုးတက် ပြောင်းလဲမှုများ အများအပြား ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲ ကျင်းပစဉ် ကထက် အများကြီး တိုးတက် လာခဲ့ပြီး အသင်း အများစု၏ ခြေစွမ်းမှာ အံ့သြဖွယ် အဆင့်အထိ ရောက်လာ ခဲ့သည်ကို တွေ့ရသည်။
SM – ဆရာ ဦးတင်အောင် အနေနဲ့ ဘောလုံး အဖွဲ့ချုပ်မှာ MNL ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ရာထူး ထမ်းဆောင် နေရာက ဆောက်သမ်း မြန်မာ အသင်းကို ပြောင်းရွှေ့ ဖြစ်ခဲ့ပုံလေး သိပါရစေ။











