| ဒယ်လ်တာကို ဂိုးမိုးရွာပြီး ဇေယျာရွှေမြေတို့ ပထမဆုံး နိုင်ပွဲ ရရှိခဲ့ ~ ဒယ်လ်တာ ၀-၃ ဇေယျာရွှေမြေ ပွဲသုံးသပ်ချက် |
|
|
|
| Written by Admin Team |
| Tuesday, 23 June 2009 21:42 |
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၆)ရဲ့ တတိယမြောက် ပွဲစဉ်အဖြစ် ဒယ်လ်တာ ယူနိုက်တက် အသင်းနဲ့ ဇေယျာရွှေမြေ အသင်းတို့ ဇွန်လ ၂၃ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ ဇေယျာရွှေမြေ အသင်းက ဒယ်လ်တာကို (၃-၀)ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်သည် ခြေစွမ်းအရ အားအနည်းဆုံး နှစ်သင်း ယှဉ်ပြိုင်သည့် ပွဲစဉ် ဖြစ်သည့်အပြင် ဗိုလ်လုပွဲ နှင့်လည်း မည်သို့မျှ မသက်ဆိုင် တော့သဖြင့် အသင်းများ၏ အမာခံ ပရိသတ်များသာ လာရောက် အားပေးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ပရိသတ် စုစုပေါင်း ရာဂဏန်းမျှသာ ရှိသဖြင့် မြန်မာ နေရှင်နယ် လိဂ်၏ ပရိသတ် အနည်းဆုံး ပွဲစဉ်အဖြစ် စံချိန် တင်ခဲ့သည်။ ပြီးခဲ့သည့် ဆောက်သမ်း မြန်မာနှင့် ဥဿာ ယူနိုက်တက် ပွဲစဉ် တွင် ပရိသတ် အနည်းဆုံး စံချိန် တင်ခဲ့ဖူး သော်လည်း ယနေ့ ပွဲစဉ်သည် အဆိုပါ စံချိန်ဟောင်းကို ကျော်ဖြတ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ပွဲတွင် ဒယ်လ်တာ အသင်းသည် နိုင်ငံခြားသား ကစားသမား သုံးယောက် စလုံးကို ပထမ ပွဲထွက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း မရှိသည့်အပြင် နောက်ခံလူ လီယွန်ကို အရန် စာရင်းပင် မသွင်းခဲ့သည်ကို တွေ့ရသည်။ ကျော်ခိုင်ဝင်းကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ပြီး တိုက်စစ်တွင် မင်းမင်းထွန်းနှင့် အောင်ကျော်မျိုးကို တင်ကစား ခဲ့သည်။ ဇေယျာရွှေမြေ အသင်းမှာမူ မင်းသူကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ကာ တိုက်စစ်တွင် ထူးကျော်နှင့် စည်သူသန်းကို တွဲဖက် ပွဲထုတ်ခဲ့သည်။ ဒဏ်ရာမှ ပြန်လာသည့် ကစားသမား ကျော်ကိုကိုလည်း ပထမ ကစားသမား စာရင်းတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ပွဲစသည်နှင့် ဇေယျာရွှေမြေ ဘက်မှ တရကြမ်း တိုက်စစ် ဆင်ခဲ့ပြီး ၄ မိနစ်တွင် ဇေယျာရွှေမြေ ကစားသမား ကျော်ကိုကိုအား ဒယ်လ်တာ နောက်ခံလူက ပယ်နယ်တီ ဧရိယာ အတွင်း ဆွဲလှဲသဖြင့် ဒိုင်က ပယ်နယ်တီ သတ်မှတ်ပေးခဲ့သည်။ ယင်း ပယ်နယ်တီကို ကျော်ကိုကိုကပင် ကန်သွင်းခဲ့ သော်လည်း ဂိုးသမား၏ ညာဘက်တိုင်နှင့် ထိကာ ပြန်ထွက်သွား သဖြင့် စောစောစီးစီး ဂိုးမရခဲ့ခြင်း ဖြစ်သည်။ ၈ မိနစ်တွင် ဇေယျာရွှေမြေ တိုက်စစ်မှူး ထူးကျော် ဘီးကုပ်စပ်မှ လှမ်းကန်သည်ကို ဒယ်တာ ဂိုးသမား သီဟစည်သူ ပုတ်ထုတ်ခဲ့ သော်လည်း ကျော်ကိုကိုက အချိန်မီ ၀င်ပိတ် နိုင်ခဲ့သည်။ သို့သော် ဒိုင်က ကျော်ကိုကိုအား လူကျွံ သတ်မှတ်ထား သဖြင့် နစ်နာ ခဲ့ရပြန်သည်။ ၁၄ မိနစ်တွင်မူ ဇေယျာရွှေမြေ တိုက်စစ်မှူး စည်သူသန်းက ညာတောင်ပံမှ တောက်လျှောက် ဆွဲပြေးပြီး အပိုင် ကန်သွင်းခဲ့ရာ ဒယ်လ်တာ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ဘဲ ပထမဂိုး ပေးခဲ့ရသည်။ ဂိုးရပြီးသော်လည်း ဇေယျာရွှေမြေ ကပင် ဆက်ဖိထားဆဲ ဖြစ်ပြီး ၁၆ မိနစ်တွင် ကျော်ကိုကို၏ ကန်ချက် တိုင်ဘေးမှ ကပ်ထွက်ခဲ့သည်။ ၁၈ မိနစ်တွင်မူ ဇေယျာရွှေမြေ ဂိုးဧရိယာ အစပ်၌ ပြစ်ဒဏ်ဘော ကန်ခွင့်ရသည်ကို ဒယ်လ်တာမှ စိုးသီဟအောင် ကန်ခဲ့ရာ ဆယ်ပြားစေ့ ထောင့်ထဲသို့ ကန်သွင်း နိုင်သော်လည်း ဂိုးသမား ဇော်မိုးထက်က အံ့ဖွယ် ကာကွယ် နိုင်ခဲ့သည်ကို တွေ့ရသည်။ ၂၂ မိနစ်တွင် ဇေယျာရွှေမြေမှ ထူးကျော်နှင့် စည်သူသန်းတို့ အပေးအယူ လုပ်ရင်း စည်သူသန်း ထိုးပေးလိုက်သည့် ဘောလုံးကို ထူးကျော်က လွတ်လွတ် ကျွတ်ကျွတ် ဆွဲပြေးပြီး ကန်သွင်ခဲ့ရာ ဇေယျာရွှေမြေတို့ ဒုတိယဂိုး ထပ်မံ ရရှိပြန်သည်။ နှစ်ဂိုး ပေးလိုက်ရ သဖြင့် ဒယ်လ်တာ အသင်းသည် ဇင်မျိုးအောင်ကို ထုတ်ကာ ရိုဒရီဂိုကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့သည်။ ၂၆ မိနစ်တွင် ဇေယျာရွှေမြေ ဂိုးဧရိယာ ထဲ၌ ရှုတ်ရှက် ခပ်နေစဉ် ရိုဒရီဂိုက အနီးကပ်ကန်ခွင့် ရခဲ့သော်လည်း ဂိုးဘားတန်း ပေါ်မှ ကပ်၍ ထွက်သွားခဲ့သည်။ ၂၈ မိနစ်တွင် ဇေယျာရွှေမြေမှ ရာဇာဝင်းသိန်း ဘယ်တောင်ပံမှ တောက်လျှောက် ဆွဲပြေးပြီး ကန်သွင်းခဲ့ရရာ တိုင်ထိထွက် သွားခဲ့သည်။ ၃၃ မိနစ်တွင် ဇေယျာရွှေမြေ ဂိုးဧရိယာ ထဲသို့ ရိုဒရီဂို ဘောလုံး ဆွဲ၍ ၀င်လာသည်ကို ဂိုးသမား ဇော်မိုးထက် အတင်းဝင်လု ခဲ့သဖြင့် ဒယ်လ်တာတို့ နစ်နာခဲ့ရသည်။ ၃၉ မိနစ်တွင်လည်း ထူးကျော် ဂိုးဧရိယာထဲ၌ ကန်ခွင့် ရသည်ကို ဒယ်လ်တာ ဂိုးသမား ကာကွယ်ခဲ့ပြန်သဖြင့် ပထမပိုင်းကို (၂-၀)ဂိုးဖြင့်သာ ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပြန်စ၍ လေးမိနစ်ခန့် အကြာတွင် ရိုဒရီဂို ထိုးပေးသည်ကို ဒယ်လ်တာ တိုက်စစ်မှူး မင်းမင်းထွန်း ကန်သွင်းခဲ့ရာ တိုင်ဘေးမှ ကပ်ထွက် သွားခဲ့သည်။ ၅၃ မိနစ်တွင် ဇေယျာရွှေမြေမှ ကျော်ကိုကို၏ ကန်ချက် တိုင်ဘေး ကပ်ထွက် ခဲ့သလို ၅၉ မိနစ်တွင်လည်း မင်းသူ၏ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သည်။ ဒယ်လ်တာ အသင်းမှာ ချေပဂိုး ရရန် အားစိုက် ကစားသော်လည်း ကစားသမားများ အချိတ်အဆက် မမိဘဲ အပျက်များနေ သဖြင့် ၎င်းတို့၏ ပရိသတ်များကပင် အော်ဟစ် လှောင်ပြောင် ခဲ့ကြသည်ကို တွေ့ရသည်။ ၆၃ မိနစ်တွင် ဘယ်တောင်ပံမှ ရာဇာဝင်းသိန်း ချပေးသည်ကို ကျော်ကိုကို ၀င်ပိတ်ရာ ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ သလို ၇၇ မိနစ်တွင်လည်း ရာဇာဝင်းသိန်းနှင့် လူစားဝင်လာသည့် အောင်မိုး ဘယ်ညာ တောင်ပံနှစ်ဘက်မှ ဆက်တိုက် တင်ပေးခဲ့သည်ကို စည်သူသန်း ဖြုန်းတီး ပစ်ခဲ့သည်။ ၇၉ မိနစ်တွင် ဇေယျာရွှေမြေ ဂိုးဧရိယာထဲ၌ ဒယ်လ်တာ ကစားသမား မင်းမင်းသူ ချပေးသည်ကို မြင့်နိုင် အပိုင် ၀င်ပိတ်ရာ နောက်တန်းနှင့် ထိထွက်သွားခဲ့ သဖြင့် ရှားရှားပါးပါး အခွင့်အရေး တစ်ကြိမ် ဆုံးရှုံး ခဲ့ရသည်။ ၈၅ မိနစ်တွင်မူ ဒယ်လ်တာ နောက်တန်း အမှားမှတဆင့် ဇေယျာရွှေမြေ၏ လူစားဝင် တိုက်စစ်မှူး ရဲဝေယံစိုးက အပိုင် ကန်သွင်းခဲ့ရာ တတိယဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် ဇေယျာရွှေမြေ ကသာ ပွဲကိုထိန်း၍ ကစားသွားပြီး ၉၀ မိနစ်တွင် အောင်မိုး၏ ကန်ချက်ကို ဒယ်လ်တာ ဂိုးသမား ကာကွယ် နိုင်ခဲ့၍သာ ဂိုးထပ် မရတော့ခြင်း ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် အကောင်းဆုံး ဘောလုံးသမား ဆုကို ဇေယျာရွှေမြေ တိုက်စစ်မှူး စည်သူသန်းက ရရှိခဲ့သည်။ ယင်းနိုင်ပွဲသည် ဇေယျာရွှေမြေ အတွက် ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပြီး အမှတ်ပေး ဇယားတွင်လည်း အဆင့်(၅) နေရာအထိ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ ပါဝင်ကစားခဲ့သူများ ဒယ်လ်တာ - သီဟစည်သူ (ဂိုး)၊ မျိုးဝင်းထွဋ်၊ ခွန်ဇေယျာထွန်း (မြင့်နိုင်)၊ စိုးသီဟအောင်၊ ထွန်းလင်းအောင်၊ မင်းမင်းထွန်း (မင်းမင်းသူ)၊ အောင်ကျော်မျိုး၊ ဇော်မျိုးမင်း၊ ဇင်မျိုးအောင် (ရိုဒရီဂို)၊ လှအေးထွေး၊ ကျော်ခိုင်ဝင်း ဇေယျာရွှေမြေ - ဇော်မိုးထက်(ဂိုး)၊ မင်းသူ၊ ဇော်လင်းထွန်း(၁) (သူရအောင်) ၊ စည်သူသန်း၊ ထူးကျော် (ရဲဝေယံစိုး)၊ ရာဇာဝင်းသိန်း၊ ဇော်ဇော်အောင်၊ အောင်ကိုကိုဝင်း၊ မင်းကိုကို၊ ဇော်လင်းထက်၊ ကျော်ကိုကို (အောင်မိုး) ဂိုးသွင်း ခဲ့ကြသူများ ဒယ်လ်တာ - မရှိ ဇေယျာရွှေမြေ - စည်သူသန်း (၁၄ မိနစ်)၊ ထူးကျော် (၂၂ မိနစ်)၊ ရဲဝေယံစိုး (၈၅ မိနစ်) အနီကဒ် အ၀ါကဒ် ထိကြသူများ ဒယ်လ်တာ - မရှိ ဇေယျာရွှေမြေ - ဇော်လင်းထက် (၀ါ)၊ မင်းကိုကို(၀ါ) ပွဲကြီးကြပ်သူများ ကွင်းလယ်ဒိုင် - ဦးဝင်းထွဋ် အကူဒိုင်(၁) - ဦးမင်းသန်း အကူဒိုင်(၂) - ဦးဇော်ဝင်းခိုင် စတုတ္တဒိုင် - ဦးသန်းဦး ပွဲကြီးကြပ်သူ - ဦးကျော်ကျော် ဒိုင်ကြီးကြပ်သူ - ဦးတင်အောင်ကြီး အထွေထွေ တာဝန်ခံ - ဦးခင်မောင်သန်း |



မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၆)ရဲ့ တတိယမြောက် ပွဲစဉ်အဖြစ် ဒယ်လ်တာ ယူနိုက်တက် အသင်းနဲ့ ဇေယျာရွှေမြေ အသင်းတို့ ဇွန်လ ၂၃ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ ဇေယျာရွှေမြေ အသင်းက ဒယ်လ်တာကို (၃-၀)ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။









