| စည်သူဝင်းရဲ့ဂိုးတွေနဲ့ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင် နိုင်နေဆဲ မကွေးFC |
|
|
|
| Written by Admin Team |
| Sunday, 14 June 2009 21:35 |
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၅)၏ ပထမဆုံး ပွဲစဉ်အဖြစ် မကွေးFC အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ သည် ဇွန် ၁၄ ရက်နေ့က သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ မကွေးFC အသင်းက (၂-၀) ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပွဲသည် မကွေး အသင်း ဗိုလ်လုပွဲ တက်ရေး အတွက် အရေးပါသည့် ပွဲတစ်ပွဲဖြစ်ရာ မကွေး ပရိသတ်များ ကွင်းလုံးပြည့် လာရောက် ကြည့်ရှုခဲ့ကြ သလို ဆောက်သမ်းအသင်း ကလည်း ပရိသတ် အင်အား များပြားစွာ လာရောက် ခဲ့ကြသဖြင့် ပရိသတ်များ အပြိုင်အဆိုင် အားပေး ခဲ့ကြသည့် ပွဲတစ်ပွဲဖြစ်သည်။ ![]() မကွေး အသင်းသည် ယနေ့ပွဲတွင် ပွဲပယ်ပြစ်ဒဏ် ပြီးဆုံးသွားသူ စိုးမင်းနိုင်ကို တိုက်စစ်တွင် တင်ကစားခဲ့ပြီး ဇော်ထက်အောင်၊ လွင်ဦး၊ စည်သူဝင်း၊ အောင်မြင့်အေး၊ ပြည့်ဖြိုးဦး တို့ဖြင့် လူစုံခဲ့သည်။ ဆောက်သမ်းကလည်း ဘီဂျမ်းထွေး၊ ဝေလင်း၊ ဇော်ခါး စသူတို့ဖြင့် လူစုံခဲ့ပြီး ခံစစ် ပိတ် မကစားဘဲ တိုက်စစ်မှူး နှစ်ဦး တင်ကစားသည့် ပုံစံဖြင့် ကစားခဲ့သည်။ ပွဲအစ ၄ မိနစ်တွင်ပင် စိုးမင်းနိုင်က ဆောက်သမ်း နောက်တန်းများ ကြားမှ တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်း သည်ကို ဂိုးသမား ပြည့်ဖြိုးအောင် ခက်ခက်ခဲခဲ ကာကွယ် ခဲ့ရသည်။ ၉ မိနစ်တွင်မူ ဆောက်သမ်း မြန်မာမှ စံမျိုးဦး ကန်ချက်မှာ မကွေး နောက်ခံလူနှင့် ထိပြီး လမ်းကြောင်းပြောင်းကာ မကွေးဂိုး ဘားတန်းကို ထိပြီး ထွက်သွား ခဲ့သည်။ ၁၁ မိနစ်တွင် ဆောက်သမ်း မြန်မာမှ ဇေယျာလင်းနှင့် မကွေးမှ စိုးမင်းနိုင်တို့ ဘောလုံး ယှဉ်လုရာ ဇေယျာလင်း အ၀င်ကြမ်းသဖြင့် အ၀ါကဒ် ပြခံခဲ့ရသလို စိုးမင်းနိုင်လည်း ဒဏ်ရာရသွား သဖြင့် သိန်းသန်းဝင်းနှင့် လူစားလဲ ခဲ့ရသည်။ ![]() ၁၅ မိနစ်တွင်မူ မကွေးအသင်း ရရှိသည့် ဘယ်ထောင့်ကန် ဘောကို ပြည့်ဖြိုးဦး ကန်တင်ရာ တိုက်စစ်မှူး စည်သူဝင်းက ဆောက်သမ်း နောက်ခံလူ များကြားမှ တိုးထွက်ကာ ကန်သွင်းခဲ့ သဖြင့် ပထမဂိုး ရရှိခဲ့သည်။ ဂိုးရပြီး နောက်ပိုင်း ၅မိနစ်ခန့်တွင် မကွေးက တရစပ် ဖိကစားရာ ဆောက်သမ်းအသင်း ခက်ခက်ခဲခဲ ကာကွယ် ခဲ့ရသည်။ ၂၁ မိနစ်တွင် ဆောက်သမ်း၏ ဗညားဦးကန်ချက် ဘေးထွက်ခဲ့သလို ၂၃ မိနစ်တွင် မကွေး၏ ပြည့်ဖြိုးဦး ကန်ချက်လည်း တိုင်ဘေးမှ ကပ်ထွက် သွားခဲ့သည်။ ၂၅ မိနစ်တွင် ဆောက်သမ်း တိုက်စစ် ကစားသမားများ အပေးအယူ လုပ်ပြီး အုပ်စုဖွဲ့ တိုက်စစ်ဆင်လာ သဖြင့် မကွေး နောက်တန်းက ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး စည်းပေါ်မှ ရှင်းထုတ်ရသည့် အခြေအနေ မျိုးထိ ဖြစ်ခဲ့သည်။ ၂၉ မိနစ်တွင်မူ ပြည့်ဖြိုးဦး အပြင်းကန်ချက်ကို ဂိုးသမား အမိဖမ်း ခဲ့သည်။ ၃၁ မိနစ်တွင် ညာတောင်ပံမှ အောင်မြင့်အေး ဆွဲတက်လာပြီး ဖြတ်ထိုး ပေးလိုက်သည့် ဘောလုံးကို စည်သူဝင်းက အလိုက်သင့်လေး ၀င်ပိတ် ကာ မကွေးအတွက် ဒုတိယဂိုး ရယူပေးခဲ့သည်။ ![]() ၃၄ မိနစ်တွင်လည်း စည်သူဝင်း ဟက်ထရစ် ရရန် အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး ဂိုးရှေ့၌ လွတ်လွတ်ကျွတ်ကျွတ် ရခဲ့သည့် ဘောလုံးကို အပေါ်ထောင်ကန်ခဲ့ သဖြင့် နစ်နာခဲ့ရသည်။ ၃၅ မိနစ်တွင် ဆောက်သမ်း၏ ဝေလင်းကန်ချက် ဂိုးသမား မိခဲ့သလို ၃၆ မိနစ်တွင် မကွေးမှ ကျော်ကျော်မျိုး ချပေးသည်ကို ပြည့်ဖြိုးဦး ၀င်ပိတ်ရာ အပေါ်ထောင် သွားခဲ့သည်။ ၄၄ မိနစ်တွင် ဆောက်သမ်း နောက်ခံလူ နှစ်ဦးကြားမှ ပြည့်ဖြိုးဦး ဆွဲထွက်ပြီး ကန်သွင်းသည်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ရာ ဇော်ထက်အောင်က ကွင်းလယ် သာသာမှ နောက်တစ်ကြိမ် ထပ်ကန် ခဲ့သော်လည်း ဘားတန်းပေါ်မှ ကပ်ထွက်ခဲ့သည်။ ၄၅ မိနစ်တွင်လည်း ပြည့်ဖြိုးဦး ကန်ချက် အပေါ်ထောင် ပြန်သဖြင့် (၂-၀) ဂိုးဖြင့်သာ ပထမပိုင်း ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် ဆောက်သမ်း ဘက်မှ စိုးမြတ်သူနှင့် စိုးကျော်သူတို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့သည်။ ဒုတိယပိုင်း အစ တစ်မိနစ်တွင်ပင် ပြည့်ဖြိုးဦး ကန်တင် ပေးသည်ကို အောင်မြင့်အေး ခေါင်းတိုက်ကာ ဂိုးသွင်း နိုင်ခဲ့သော်လည်း ဒိုင်က လူကျွံဘောဟု သတ်မှတ်ခဲ့သည်။ ထို့နောက်တွင် နှစ်သင်းလုံး မည်သည့် ဂိုးဘက်ကိုမျှ ပိုင်ပိုင်နိုင်နိုင် မကန်သွင်းနိုင်ပဲ ဘောလုံးမှာ ကွင်းလယ်တွင်သာ ပြေးနေခဲ့ပြီး ၆၁ မိနစ်တွင်မှ စိုးကျော်သူ ကန်ခွင့် တစ်ကြိမ်ရရာ ဘေးထွက် သွားခဲ့သည်။ ၆၄ မိနစ်တွင် ပြည့်ဖြိုးဦး ချပေးသည်ကို စည်သူဝင်းက ကန်သွင်းရာ ဘေးထွက် သွားခဲ့ပြန်ပြီး ၆၈ မိနစ်တွင် တစ်ဘက် ဂိုးသမားထံ အ၀င်ကြမ်းသည့် ပြည့်ဖြိုးဦး ဆောက်သမ်း ကစား သမားများနှင့် ကတောက်ကဆ ဖြစ်ကာ အ၀ါကဒ် ပြခံခဲ့ရသည်။ ![]() ထို့နောက်တွင်တော့ ဘောလုံးမှာ ထုံးစံအတိုင်း ကွင်းလယ်တွင်သာ အများဆုံး ပြေးနေခဲ့ပြီး မကွေးအသင်းက နောက်တန်းသို့ ဘောလုံး အရောက်မခံဘဲ ကွင်းလယ်ထိ တက်ဖျက် နေကြသည်ကို တွေ့ရသည်။ ပွဲချိန် လက်ကျန် မိနစ် ၂၀ အတွင်း နှစ်ဘက်စလုံးမှ အခွင့်အရေး အချို့ ထပ်ရရှိခဲ့သေး သော်လည်း အဆုံးသတ် မသေချာ သဖြင့် ဂိုးထပ် မသွင်းနိုင်ခဲ့ဘဲ (၂-၀) ဂိုးဖြင့်သာ ပြီးဆုံးခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် စိုးမင်းနိုင် နေရာ ၀င်လာသည့် သိန်းသန်းဝင်းကို ထွန်းမင်းနိုင်နှင့် ထပ်မံလူစား လဲခဲ့သည်ကို တွေ့ရသည်။ ယင်းပွဲတွင် စည်သူဝင်းမှာ အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ပြီး ဂိုးသွင်းသူ ဇယားတွင်လည်း ထိပ်ဆုံးမှ (၄)ဂိုးဖြင့် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင် နိုင်ခဲ့သည်။ မကွေး အသင်းမှာလည်း ဒုတိယနေရာမှ ရတနာပုံကို သုံးမှတ်ဖြတ်ကာ ၁၃ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နိုင်စေခဲ့သည်။ ![]() ပါဝင် ကစားကြသူများ မကွေး - မျိုးကျော်အောင်(ဂိုး)၊ ညီညီဝင်း၊ ထွန်းထွန်းနိုင်၊ ဇော်ထက်အောင်၊ လွင်ဦး (၀င်းသူ)၊ အောင်မြင့်အေး၊ စည်သူဝင်း၊ ပြည့်ဖြိုးဦး၊ နိုင်လင်းထွန်း၊ စိုးမင်းနိုင် (သိန်းသန်းဝင်း (ထွန်းမင်းနိုင်) )၊ ကျော်ကျော်မျိုး ဆောက်သမ်း - ပြည့်ဖြိုးအောင်(ဂိုး)၊ ကျော်သူအောင်၊ ဗညားဦး (စိုးကျော်သူ) ၊ စံမျိုးဦး၊ ဘီဂျိမ်းထွေး၊ နိုင်လင်းဦး၊ ရန်မျိုးအောင်၊ဇေယျာလင်း (စိုးမြတ်သူ)၊ ဝေလင်း (အောင်ရဲထွဋ်)၊ ကိုကိုမောင်၊ ဇော်ခါး ဂိုးသွင်းကြသူများ မကွေး - စည်သူဝင်း (၁၅မိနစ်၊ ၃၁ မိနစ်) ဆောက်သမ်း - မရှိ အ၀ါကဒ် အနီကဒ် ထိကြသူများ မကွေး - ပြည့်ြ့ဖိုးဦး ဆောက်သမ်း - ဇေယျာလင်း ပွဲကြီးကြပ်သူများ ကွင်းလယ်ဒိုင် - ဦးဝင်းကျော်ဦး အကူဒိုင် (၁) - ဦးသိန်းထွန်း အကူဒိုင် (၂) - ဦးနိုင်ကိုဟုပ် စတုတ္တဒိုင် - ဦးတင်ထွဋ် ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့် ဒိုင်ကြီးကြပ်သူ - ဦးတင်စိန် အထွေထွေ တာဝန်ခံ - ဦးညီညီလတ် |



မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၅)၏ ပထမဆုံး ပွဲစဉ်အဖြစ် မကွေးFC အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ သည် ဇွန် ၁၄ ရက်နေ့က သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ မကွေးFC အသင်းက (၂-၀) ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။














