Menu
A+ A A-

ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးနှင့် ဆုံပါက ကော်တွိုက်စ်ကို အက်သလက်တီကို အသုံးပြုနိုင်ဖွယ်မရှိ

  • Written by Admin Team
  • Category: UCL
  • Hits: 3428

ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးနှင့် ရင်ဆိုင်ရပါက အက်သလက်တီကို မက်ဒရစ် ဂိုးသမား သီဘောက်ကော်တွိုက်စ် အနေဖြင့် ပါဝင်နိုင်မည့် အခြေအနေ မရှိကြောင်း သတင်းများက သုံးသပ်ရေးသားခဲ့သည်။

ချယ်လ်ဆီးက အက်သလက်တီကိုထံသို့ ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ်ဂိုးသမားလေးကို အငှားချထားရာ၌ မိခင်ကလပ်နှင့် ရင်ဆိုင်သော ပွဲစဉ်များတွင် ပါဝင်ကစားခွင့် မပြုနိုင်ဆိုသော သဘောတူညီချက်ကို ထည့်သွင်းထားဖွယ် ရှိနေသည်။ ကော်တွိုက်စ်သည် လတ်တလောတွင် အက်သလက်တီကို၌ (၃)ရာသီဆက် အငှားကစားသမား ဘဝကို ဖြတ်သန်းလျှက် ရှိသည်။ ချယ်လ်ဆီးနှင့် အက်သလက်တီကိုတို့သည် ချန်ပီယံလိဂ် ပွဲစဉ်တွင် အကြိုဗိုလ်လုပွဲထိ တက်ရောက်ခဲ့ကြပြီးနောက် ထိုနှစ်သင်း ထိပ်တိုက်တွေ့ဆုံလာမည့် အလားအလာ ရှိနေသည်။



သတင်းများက ချယ်လ်လ်ဆီးသည် ကော်တွိုက်စ်ကို အငှားချခဲ့ရာတွင် မိခင်ကလပ်နှင့် ရင်ဆိုင်ခွင့်ကို ပိတ်ပင်ထားပြီး မဖြစ်မနေ ထည့်သွင်းအသုံးပြုပါက တစ်ပွဲချင်းစီအတွက် ငွေကြေးပေးချေရန် သတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။ တိတိကျကျ မသိရသော်လည်း တစ်ပွဲလျှင် ပေါင်စတာလင် (၄)သန်းမျှထိ ပေးချေရန် သတ်မှတ်ထည့်သွင်းထားပြီး ယင်းကို အက်သလက်တီကိုက တတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ အက်သလက်တီကို အသင်းဥက္ကဋ္ဌ အင်းနရစ် ဆီရီဇိုက ကလပ်အသင်းနှစ်ခုကြား အဆိုပါ သဘောတူညီချက်မျိုး ထားရှိခဲ့ကြောင်း ဝန်ခံထားသည်။ “စာချုပ်ပါ သတ်မှတ်နှုန်းကို ကျွန်တော်တို့ မပေးနိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ ချယ်လ်ဆီးနှင့် အက်သလက်တီကိုတို့ ဆုံလာပါက စပိန်ကလပ် အနေဖြင့် အသက်(၃၄)နှစ်အရွယ် ဒန်နီ အာရန်ဇူဘီရာကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုရဖွယ် ရှိနေသည်။ ၎င်းသည် အက်သလက်တီကိုအတွက် ယခုရာသီ တစ်ပွဲသာ ကစားပေးဖူးကြောင်းလည်း သိရှိရသည်။
Ref: skysport

Logo Sponsors