|
Written by Admin Team
|
|
Monday, 20 August 2012 09:43 |
|
အဲဗာတန် အသင်းသည် အိုလံပီယာကော့စ် တိုက်စစ်မှူး ကီဗင် မီရဲလက်စ်အား ခေါ်ယူမှု အားလုံး ပြီးပြတ် အောင်မြင်သွားပြီ ဖြစ်သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ရှေ့တန်းလူအား အာဆင်နယ် အသင်းကလည်း စိတ်ဝင်စားခဲ့သေးသည့်တိုင် အဲဗာတန်က အပြီးသတ် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ ကစားသမားအား ပေါင်စတာလင် (၆)သန်း ဝန်းကျင်ဟု ယုံကြည်ရသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဟု သိရှိရသည်။ မီရဲလက်စ်သည် စနေနေ့က ဆေးစစ်မှု အောင်မြင် ပြီးမြောက်ခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် အပြီးသတ် စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ အဲဗာတန်သည် မီရဲလက်စ်အား ကျောနံပါတ် (၁၁)အား လွှဲအပ်ပေးခဲ့သည်။
 မီရဲလက်စ်က "ကျွန်တော် အဲဗာတန်ရဲ့ နာမည်ကို ရင်းနှီးနေတာ ကြာပါပြီ။ နောက်ပြီး သူတို့က ကျွန်တော့်ကို ချိတ်ဆက်လာတဲ့နောက် မန်နေဂျာနဲ့ စကားပြောဖြစ်လာတယ်။ အဲဒီ အချိန်မှာ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲဗာတန်ဟာ ကျွန်တော်နဲ့ အသင့်တော်ဆုံး၊ အကိုက်ညီဆုံး အသင်းပဲလို့လေ။ သူတို့ဟာ ပရိသတ်တွေရဲ့ ကြီးကျယ်တဲ့ အားပေးမှုကို ရထားတဲ့ ခမ်းနားတဲ့ အသင်းတစ်ခုပါ။ ပြီးတော့ ပရီးမီးယား လိဂ်ရဲ့ ဖမ်းစားနိုင်မှုကြောင့်လည်း ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ"ဟု ပြောကြားသွားသည်။
အဲဗာတန်ဟာ ကျွန်တော်နဲ့ အသင့်တော်ဆုံး၊ အကိုက်ညီဆုံး အသင်းပဲလို့လေ။ သူတို့ဟာ ပရိသတ်တွေရဲ့ ကြီးကျယ်တဲ့ အားပေးမှုကို ရထားတဲ့ ခမ်းနားတဲ့ အသင်း တစ်ခုပါ... ၎င်းသည် ပြီးခဲ့သည့် ရာသီက ဂရိအမှတ်ပေး ပြိုင်ပွဲတွင် ဂိုးပေါင်း(၂၀) သွင်းယူခဲ့သည်။ ပြင်သစ်ကလပ် စိန့်အက်တနီယန်နှင့် လိုင်လီတို့တွင် ကစားဖူးသည့် စွယ်စုံရ တိုက်စစ်သမားသည် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းတွင် (၂၈)ပွဲ ပါဝင်ကာ (၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ Ref: Daily Mail
|