|
Written by Admin Team
|
|
Monday, 13 August 2012 09:46 |
|
ကွန်မြူနတီ ဒိုင်းပြိုင်ပွဲတွင် မန်ချက်စတာ စီးတီး အသင်းက ချယ်လ်ဆီးအား (၃-၂)ဖြင့် အနိုင်ရရှိကာ ယခုဘောလုံး ရာသီ၏ အဖွင့် ဒိုင်းဆုကြီးအား ပိုင်ဆိုင် သွားပြီ ဖြစ်သည်။
ပရီးမီးယားလိဂ် ချန်ပီယံနှင့် FAဖလား ချန်ပီယံတို့ ကစားခဲ့သည့် ပွဲစဉ်သည် မှတ်တမ်းအရသာ အရေးပါလေ့ ရှိသော်လည်း နှစ်သင်းစလုံး ကစားသမားကောင်းများကို ပွဲထုတ်ကာ အားထည့် ကစားသွားသဖြင့် ကြည့်ကောင်းခဲ့သည်။ မန်စီးတီးတွင် ဆာဂျီယို အဂူရိုနှင့် ကားလို့စ် တီဗက်ဇ်တို့ တိုက်စစ်တွင် တွဲဖက်ကစားပြီး ဆမ်မီနာဆရီ၊ ယာယာတိုရေး၊ နီဂယ်လ်ဒီဂျောင်၊ ဂျိမ်းစ်မီလ်နာ၊ ဗင်းဆင့်ကွမ်ပနီ၊ အလက်ဇန္ဒား ကိုလာရော့ဗ်တို့ဖြင့် လူစုံခဲ့သည်။ ချယ်လ်ဆီးတွင်လည်း ကစားသမားသစ် အီဒင်ဟာဇက်နှင့်အတူ ဟွမ်မာတာ၊ ဖာနန်ဒိုတောရက်စ်၊ ဖရန့်ခ်လမ်းပတ်၊ ဂျွန်အိုဘီ မီခေးလ်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ ပွဲထွက်လာသည်။

ပွဲချိန်(၃)မိနစ်တွင် ဂိုးစည်းအပြင်ဘက်မှ ပြစ်ဒဏ်ဘောကို တီဗက်ဇ် ထောင့်ကျဉ်းထဲ တိုက်ရိုက် ကန်သွင်းသော်လည်း ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျ လက်စွမ်းပြ ကာကွယ်ခဲ့သည်။ (၂၄)မိနစ်တွင် မီလ်နာထံမှ ဖြတ်ပို့သော ဘောလုံးကို အဂူရို ခေါင်းတိုက် ဂိုးသွင်းရန် အားထုတ်မှု မအောင်မြင်ခဲ့ချေ။ မိနစ်(၄၀)တွင် ချယ်လ်ဆီးအသင်း ဂိုးစတင် သွင်းယူသည်။ ရာမီရက်စ် ဖြတ်ထိုးပေးသော ဘောလုံးကို ဟာဇက် တားယူရန် ကြိုးစားသော်လည်း လွဲချော် သွားသည့်နောက် တောရက်စ်ထံ ရောက်သွားပြီး စပိန်လက်ရွေးစင် တိုက်စစ်မှူးက မန်စီးတီး ဂိုးသမား ကိုစတယ်လ် ပန်တီလီမွန်နှင့် အတွေ့တွင် ပါးနပ် သပ်ရပ်စွာ ကန်သွင်းသွားသည်။ (၄၂)မိနစ်တွင် ကိုလာရော့ဗ်အား ခြေထောက်စုံဝင် ဖျက်ထုတ်မှုကြောင့် အိုင်ဗန်နိုဗစ် တိုက်ရိုက် အနီကတ် ထိခဲ့သည်။ ပထမပိုင်း အပြီးတွင် ချယ်လ်ဆီးက (၁-၀)ဖြင့် ပွဲကိုဦးဆောင်သည်။
(၄၈)မိနစ်တွင် တောရက်စ် ဘောလုံးကို လှပစွာ ဆွဲထုတ်သွားသော်လည်း ကိုလာရော့ဗ်က အမှားအယွင်းမရှိ လျှောထိုးဖျက်ထုတ် ကာကွယ်သွားသည်။ (၅၃)မိနစ်တွင် မန်စီးတီးတို့ ချေပဂိုး ပြန်လည် ရရှိသွားသည်။ ဂိုးဧရိယာ အပြင်ဘက်မှ တိုရေး၏ တိကျသော ကန်ချက်က ဂိုးတိုင်အောက်ထောင့်ထဲ ဘောလုံးရောက်ရှိသွားစေပြီး (၁-၁)ဖြင့် သရေဖြစ်လာသည်။ (၅၆)မိနစ်တွင် နာဆရီ ပေးပို့သည်ကို မီလ်နာပိတ်ရန် ကြိုးစားသော်လည်း ကိုးလ်က တားဆီးကာကွယ်သွားသည်။ (၅၈)မိနစ်တွင် တီဗက်ဇ် ဘောလုံးကို လှပစွာ ဆွဲထုတ်ပြီး လှမ်းကန်ရာ ဂိုးတိုင် အပေါ်ထောင့်ထဲ တန်းဝင်သွားပြီး ဆက်ခ်ျအနေဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရသည်။ (၆၄)မိနစ်တွင် ဘယ်တောင်ပံမှ ကိုလာရော့ဗ် ဖြတ်တင်ပေးလိုက်သည်ကို နာဆရီက မြေမကျပိတ်ကာ မန်စီးတီးတို့ (၃-၁)ဖြင့် ဦးဆောင်သည်။ မိနစ်(၈၀)တွင် ချယ်လ်ဆီး လူစားဝင် ကစားသမား(၂)ဦး၏ အားထုတ်မှုဖြင့် ချေပဂိုး(၁)ဂိုး ပြန်ရသည်။ ဒန်နီရယ်လ် စတားရစ်ဂ်ျ လှမ်းကန်သော ဘောလုံးကို ပန်တီလီမွန် တားဆီးပုံ မသေသပ်သဖြင့် ကျွံထွက်လာပြီး ယင်းကို ရိုင်ယန်ဘာထရန်က အနီးကပ် ဝင်ပိတ်ခဲ့ခြင်းဖြစ်သည်။ (၉၃)မိနစ်တွင် ချယ်လ်ဆီး ထောင့်ကန်ဘောကို ဂိုးသမားဆက်ခ်ျပါ ခေါင်းတက်တိုက်ပြီး ဂိုးသွင်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။ ယင်းမှတစ်ဆင့် အဂူရိုက တန်ပြန်တိုက်စစ်အဖြစ် ထိုးဖောက်ရန် အားထုတ်မှုကို ရာမီရက်စ် တားဆီးခဲ့သည့်နောက် (၂)သင်းလုံး ဂိုးထပ်မသွင်းနိုင်ဘဲ (၃-၂)ဖြင့် ပွဲပြီးကာ မန်စီးတီးတို့ ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့သည်။ Ref: Eursport
|
|
Last Updated on Monday, 13 August 2012 10:05 |