|
Written by ထင်အောင်ရ
|
|
Friday, 10 August 2012 15:44 |
|
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အတွက် အစဉ်အလာ ဆိုတာ အရေးတကြီး မလိုအပ်ကြောင်း မန်ချက်စတာ စီးတီး အသင်းက ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ သက်သေ ပြခဲ့ပြီးပါပြီ။ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂိုးကွာခြားချက် အသာစီးနဲ့သာ ဗိုလ်စွဲနိုင်ခဲ့တယ် ဆိုပေမယ့် စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်္ဂလန်မှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ လာမယ့်ရာသီမှာ စီးတီးဟာ ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ အင်အားပိုတောင့်တင်းလာတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စီးတီးရဲ့ ခြေစွမ်းကိုတော့ လာမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ လောလောလတ်လတ် မြင်ခွင့်ရတော့မှာပါ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုဟာ ဆွတ်ခူးရယူဖို့ထက် ကာကွယ်ဖို့က ပိုပြီး ခက်ခဲလေ့ ရှိတဲ့ အစဉ်အလာဆိုးကို စီးတီးတို့ ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေပြီလား ဆိုတာကို အဲဒီပွဲစဉ်မှာ တစ်စေ့တစ်စောင်း အကဲခတ်ခွင့် ရလာနိုင်ပါတယ်။ စီးတီးအနေနဲ့ လာမယ့်ရာသီ ချန်ပီယံဆုကို မျှော်လင့်နိုင်ဖို့ ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိနေသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
တောင့်တင်းလွန်းတဲ့ လူစာရင်း ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ စီးတီးဟာ အံ့ဩစရာ ကောင်းလောက်အောင် ငြိမ်သက်နေပါတယ်။ အရင်က ဆိုရင် ထိပ်တန်း ကစားသမားတွေကို ကြေးမရှောင်တမ်း ဝယ်ယူလေ့ ရှိတဲ့ စီးတီးဟာ ဩဂုတ်လ (၅)ရက်နေ့ထိ ကစားသမားသစ် တစ်ယောက်ကိုမှ မဝယ်ဖြစ်သေးပါဘူး။ အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကလည်း တိုးတက်မှု မရှိသေးတာကြောင့် မန်နေဂျာ ရောဘတ်တို မန်စီနီ ကိုယ်တိုင်က စိတ်ပျက်လက်ပျက် ဝေဖန်စကားတွေ ပြောခဲ့ပါသေးတယ်။ စီးတီးဟာ အိုဝင်ဟားဂရေ့ဗ်၊ ဂိုင်အဆူလင်နဲ့ စတူးဝပ် တေလာတို့ကို အသင်းကနေ ထွက်ခွင့်ပြုလိုက်ပေမယ့် စုဖွဲ့မှုကိုတော့ ထိခိုက်မသွားပါဘူး။ အီမန်နျူရယ်လ် အဒီဘာယောကလည်း ပြီးခဲ့တဲ့ ရာသီက အငှားသွား ကစားတဲ့ တော့တင်ဟမ် ဟော့စပါးဆီ အပြီးသတ် ပြောင်းရွှေ့ဖြစ်နိုင်ပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဘွဲ့ ခံယူရေး ကြိုးပမ်းမှုမှာ အဓိက ဦးဆောင်ခဲ့တဲ့ ကစားသမား အားလုံးလိုလိုကို ဆက်ပြီး ထိန်းထားမှာ သေချာပါတယ်။ စီးတီးရဲ့ ဂိုး၊ နောက်၊ လယ်၊ ရှေ့ နေရာစုံ စုဖွဲ့မှုဟာ တောင့်တင်းလွန်းပြီး ဂိုးသမား ဂျိုးဟတ်၊ နောက်တန်းက ဗင်းဆင့် ကွမ်ပနီ၊ ကွင်းလယ်က ဒေးဗစ်ဆေးလ်ဗားနဲ့ ယာယာတိုရေး၊ တိုက်စစ်က ဆာဂျီယို အဂူရိုတို့ဟာ အသက် အရွယ်ရော၊ ခြေစွမ်းပါ အတောက်ပဆုံး ကာလကို ပိုင်ဆိုင်နေပါတယ်။ အရန်အင်အား တောင့်တင်းမှုမှာလည်း စီးတီးဟာ တခြားပြိုင်ဘက်တွေထက် အသာစီးရနေပြီး အလက်ဇန္ဒား ကိုလာရော့ဗ်၊ ဆမ်မီနာဆရီ၊ အီဒင်ဂျက်ကိုတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေတောင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရတာ မြင်နိုင်ပါတယ်။
စီးတီးဟာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတယ် ဆိုပေမယ့် ကွမ်ပနီ၊ ဆေးလ်ဗား၊ တိုရေးနဲ့ အဂူရိုတို့ကို မဏ္ဍိုင်ပြု မှီခိုနေရတာကတော့ ပြဿနာ တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီက အဲဒီ ကစားသမားတွေထဲက တချို့တွေ ခြေစွမ်းကျနေချိန်၊ ဒဏ်ရာရနေချိန်တွေမှာ ပြိုင်ဘက် ယူနိုက်တက်ရဲ့ (၈)မှတ်ဖြတ် ဦးဆောင်ခြင်းကိုတောင် ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ စီးတီးဟာ လူစုံတက်စုံနဲ့ ပွဲထွက် ယှဉ်ပြိုင်နိုင်မယ် ဆိုရင်တော့ ဘယ်လို ပြိုင်ဘက်ကိုမှ အောက်ကျို့စရာ မလိုတဲ့ အင်အားစုမျိုးကို ပိုင်ဆိုင် ထားပြီးပါပြီ။
 မန်နေဂျာနဲ့ ကစားကွက် အခင်းအကျင်း အီတလီသား မန်စီနီဟာ စီးတီးကို ရောက်ရှိလာပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကာတာ ဘီလျံနာ သူဌေးတွေရဲ့ ငွေကြေးထောက်ပံ့မှုကို အကျိုးရှိရှိ အသုံးချပြီး စီးတီးကို ထိပ်တန်းအဆင့် ရောက်အောင် ဆွဲတင်ခဲ့သူ ဖြစ်ပါတယ်။ မန်စီနီ အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ (၄-၃-၃)၊ (၄-၃-၂-၁) အစရှိတဲ့ ကစားကွက်တွေကို အဓိက အသုံးပြုပြီး အသင်းကို ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ လမ်းညွှန်ထိန်းကျောင်း ပေးခဲ့ပါတယ်။ စီးတီးရဲ့ ကစားပုံဟာ လျင်မြန်မှုနဲ့ တစ်ဦးချင်း ကျွမ်းကျင်မှုကို အားပြုပြီး ပြိုင်ဘက်ကို ဖိအားပေးလေ့ ရှိပါတယ်။ အထူးသဖြင့် တိုက်စစ်နဲ့ ကွင်းလယ်ကို ချိတ်ဆက်ပေးတဲ့ ဆေးလ်ဗား၊ ကွင်းလယ် Tempoကို ဦးဆောင် ထိန်းညှိပေးတဲ့ တိုရေးတို့ဟာ စီးတီးရဲ့ ကစားဟန်မှာ အသက်သွေးကြောလို့ ဆိုနိုင်ပါတယ်။ မန်စီနီဟာ အဲဒီ ကစားသမားတွေကိုပဲ အဓိက အားထားပြီး ရာသီသစ်ကို ဖြတ်သန်းပါလိမ့်မယ်။
စိတ်ဓာတ်ရေးရာ အခြေအနေ နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် မန်ချက်စတာမြို့ရဲ့ ဒုတိယတန်းစား အသင်းတစ်သင်း အနေနဲ့ ရပ်တည်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ ရာသီက ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့တာဟာ စီးတီးရဲ့ စိတ်ဓာတ်ပိုင်းကို အမြင့်ဆုံးထိ ဆွဲတင်လိုက်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ နှစ်တစ်ဖျားနဲ့ အသာစီး ယူခဲ့တာဟာ မြို့ခံပြိုင်ဘက်ကြီး ယူနိုက်တက် ဖြစ်နေတာက မိုးပြာရောင်တို့အတွက် ပိုပြီး ချိုမြိန်တဲ့ အောင်ပွဲတစ်ခုလည်း ဖြစ်လာခဲ့တယ်။ ဒီအနေအထားတွေကြောင့် စီးတီးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှုဟာ အရမ်း အားကောင်းနေမယ် ဆိုတာကို သံသယ ဖြစ်စရာ မရှိပါဘူး။
ပွဲစဉ် အနေအထား စီးတီးရဲ့ ပွဲစဉ်တွေ ဖြတ်သန်းရမယ့် အခြေအနေက မျှတတယ်လို့ ဆိုနိုင်ပါတယ်။ စီးတီးဟာ ဩဂုတ်လ (၁၈)ရက်နေ့ ရာသီအဖွင့်မှာ တန်းတက် ဆောက်သမ်တန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရာသီ အပိတ်မှာ နောဝစ်ခ်ျစီးတီးနဲ့ ကစားရပါမယ်။ စီးတီးအတွက် ခေါင်းခဲရမယ့် အချိန်တွေကတော့ နာမည်ကျော် ဒီဇင်ဘာ ပွဲကျပ်ကာလကိုပဲ ညွှန်ပြရမှာပါ။ ဒီဇင်ဘာလမှ စီးတီးဟာ အဲဗာတန်နဲ့ မြို့ခံပြိုင်ဘက်ကြီး ယူနိုက်တက်တို့ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နယူးကာဆယ်လ်ကို အဝေးကွင်းမှာ သွားကစားရပါဦးမယ်။ ပြီးရင်တော့ ရက်ဒင်း၊ ဆန်းဒါးလန်း၊ နောဝှစ်ခ်ျတို့ကို ဆက်တိုက် ရင်ဆိုင်ရမှာပါ။ အဲဒီအချိန်မှာ ချန်ပီယံလိဂ် အနေအထားကပါ ကျပ်တည်းနေမယ် ဆိုရင်တော့ စီးတီးအတွက် ပိုပြီး ရုန်းကန်လာရနိုင်ပါတယ်။
ခြုံငုံ သုံးသပ်ချက် ချန်ပီယံဆု အတွက် တစ်ပြေးနေတဲ့ ရေပန်းအ စားဆုံး အသင်းတွေကို တန်းစီကြည့်ရင် စီးတီးဟာ ထိပ်ဆုံး နေရာက ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး တွဲဖက် ကစားပြီးတဲ့နောက် စီးတီး အသင်းသားတွေရဲ့ နားလည်မှု အားအကောင်းဆုံး ဖြစ်နေသလို စုဖွဲ့မှုကလည်း ကျစ်လစ်တောင့်တင်းနေဆဲပါ။ စီးတီး မန်နေဂျာ မန်စီနီ အနေနဲ့ နွေဈေးကွက် မပိတ်မီ အချိန်ထိ အကောင်းဆုံး ကစားသမားသစ် တချို့ကို ဖြည့်ဆည်းဖို့ ကြိုးစားနေမှာ ဖြစ်ပြီး လက်တွေ့ အောင်မြင်လာမယ် ဆိုရင်တော့ အသင်းရဲ့ အင်အားက ပြိုင်ဘက်တွေအတွက် ပိုပြီး ကြောက်စရာ ကောင်းလာဦးမှာပါ။ (၂၀၁၂-၁၃) ဘောလုံးရာသီမှာ မိုးပြာရောင် သိမ်းငှက်တွေ ဆက်ပြီး မြင့်မြင့်ပျံနေဦးမှာ သေချာပါတယ်။
ဝီလျံဟေး၏ ဗိုလ်စွဲရန် အလေးပေးမှု မန်စီးတီး - ၆း၅ မန်ယူ - ၅း၂ ချယ်လ်ဆီး - ၉း၂ အာဆင်နယ် - ၉း၁ လီဗာပူးလ် - ၂၅း၁ စပါး - ၂၅း၁
၆-၈-၁၂ အထိ မန်စီးတီး၏ ကစားသမားခေါ်ယူမှု အ၀င် - မရှိ အထွက် - စာချုပ်ဖျက်(ဟားဂရေဗ့်၊ အဆူလင်၊ တေလာ) အငှား - ၀ိန်းဘရစ်ခ်ျ(ဘရိုက်တန်)
မန်စီးတီး၏ အောင်မြင်မှုများ အမှတ်ပေးချန်ပီယံ - (၃)ကြိမ် (၁၉၃၇၊ ၁၉၆၈၊ ၂၀၁၂) အက်ဖ်အေဖလား - (၅)ကြိမ် (၁၉၀၄၊ ၁၉၃၄၊ ၁၉၅၆၊ ၁၉၆၉၊ ၂၀၁၁) လိဂ်ဖလး - (၂)ကြိမ် (၁၉၇၀၊ ၁၉၇၆) UEFA Cup Winners' Cup - (၁)ကြိမ် (၁၉၇၀)
 မှတ်ချက်။ ။Soccer Myanmar Journal Vol.1 No 42 မှ ဆောင်းပါးအား ပြန်လည်တင်ပြထားခြင်း ဖြစ်ပါသည်။
|