|
Written by Admin Team
|
|
Saturday, 04 August 2012 19:16 |
|
ယနေ့ ညနေပိုင်းက နေပြည်တော်၊ ပေါင်းလောင်း ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် နေပြည်တော် အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့၍ ချန်ပီယံဆု မှန်းနေသည့် ကမ္ဘောဇ တို့အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်စေခဲ့သည်။
နေပြည်တော် အသင်းသည် နည်းပြချုပ် မင်ကော့ဗ်စကီး ပွဲပယ် ခံထားရ၍ ပွဲကြီးကြပ်ခွင့် မရသည့်တိုင် အဓိက ကစားသမား လီယန်ဒရို၏ ခြေစွမ်းပြ သွင်းဂိုးများကြောင့် ကမ္ဘောဇအား အိမ်ကွင်းတွင် ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အသင်းအတွက် အနိုင်ဂိုးများအား လီယန်ဒရို တစ်ဦးတည်းက ပွဲကစားချိန် ၁၉မိနစ်နှင့် ၅၄မိနစ်တို့တွင် သွင်းယူခဲ့ခြင်း ဖြစ်ကာ ကမ္ဘောဇ အသင်း အနေဖြင့် တစ်ဂိုးမျှ ပြန်လည် သွင်းယူနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ရသည်။ ထိုရလဒ်ကြောင့် ယနေ့ပွဲသာ အနိုင်ရခဲ့ပါက အမှတ်ပေး ဇယား ထိပ်တွင် ဦးဆောင်နိုင်မည့် အခွင့်အရေး ကိုလည်း လက်လွှတ်ခဲ့ရသည်။
ရန်ကုန် သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် မကွေး - ဇေယျာရွှေမြေ ပွဲစဉ်တွင်မူ မကွေးက တိုက်စစ်မှူး အဘိုလာဂျီ၏ ၆၇မိနစ် သွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရရှိ သွားခဲ့သည်။ ထို့ကြောင့် ဇေယျာရွှေမြေ အသင်း အနေဖြင့် ၅ပွဲဆက်တိုက် အနိုင်ရနေမှု ရပ်တန့် သွားခဲ့ကာ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ယမန်နေ့ ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင်မူ ဟံသာဝတီ ယူနိုက်တက် အသင်းက မောဝ်ရ၀တီအား နှစ်ဂိုးပြတ် အနိုင်ယူ နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ နေရှင်နယ်လိဂ် တနင်္ဂနွေ ပွဲစဉ်များ အဖြစ်မူ ရတနာပုံနှင့် ရန်ကုန် ယူနိုက်တက်တို့က ဗထူးကွင်း၌ လည်းကောင်း၊ ဆောက်သမ်းနှင့် ဧရာဝတီက သုဝဏ္ဏကွင်း၌ လည်းကောင်း၊ မနောမြေနှင့် ချင်း ယူနိုက်တက်က အောင်ဆန်းကွင်း၌ လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ တနင်္လာနေ့တွင်မူ သုဝဏ္ဏ ကွင်း၌ ရက္ခပူရ ယူနိုက်တက်နှင့် ဇွဲကပင် ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားမည် ဖြစ်ကာ အဆိုပါ ပွဲစဉ် ပထမပိုင်း ပြီးဆုံးချိန်၌ ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံး နည်းပြနှင့် ကစားသမား ဆုများအား ဇေယျာရွှေမြေ နည်းပြ ဦးစိုးမိုးနှင့် ရက္ခပူရ ယူနိုက်တက် တိုက်စစ်မှူး အန်ဒရေတို့အား ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
|