|
Written by မိုးဝေ
|
|
Sunday, 29 July 2012 11:47 |
|

"ရန်ပိုင်" ဆိုတာ မြန်မာ့ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှာ အမြဲလိုလို နေရာရလေ့ ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ ကလပ်အသင်း ရတနာပုံ အတွက် အလွန် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါပဲ။ ရတနာပုံ အသင်းရဲ့ သမိုင်းတွင်ခဲ့တဲ့ အောင်မြင်မှု တွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ရန်ပိုင်ဟာ ကလပ်အသင်း အတွက် အရေးပါတဲ့ ဂိုးတွေကို အမြဲလို သွင်းယူပေး တတ်ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်လေ့ ရှိပေမယ့် လက်ရွေးစင် အသင်းအတွက် ကစားရတဲ့ ပွဲတွေမှာတော့ ဖိအားတွေနဲ့ ရင်ဆိုင်ရလေ့ ရှိသူ တစ်ယောက်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီတစ်ကြိမ် ဆူဇူကီး ဖလား ခြေစစ်ပွဲဝင်မယ့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ရန်ပိုင်ကို ရွေးချယ်ရေး မရွေးချယ်ရေးက ပရိသတ်များ အကြားမှာ ၀ိဝါဒ မကွဲပြားရုံမျှ မကဘဲ ဘောလုံး အသိုင်းအ၀ိုင်း၊ တာဝန်ရှိသူတွေ၊ နည်းပြတွေ အတွက်ပါ သို့လောသို့လော စဉ်းစားစရာ ဖြစ်လို့ နေခဲ့ပါတယ်။
လက်ရွေးစင် နည်းပြကြီး ပတ်ဆောင်ဟွာ အနေနဲ့တော့ သူဖွဲ့စည်းမယ့် လက်ရွေးစင် အသင်းမှာ အဓိက တိုက်စစ်မှူး အဖြစ် ယူ-၂၂ အသင်းက ဇေယျာရွှေမြေရဲ့ တိုက်စစ်မှူး ကျော်ကိုကို.ကိုပဲ အားကိုးလိုပုံ ရပါတယ်။ သို့ပေမယ့် ကျော်ကိုကိုနဲ့ အတူ ဘယ်သူတွေကို လက်ရွေးစင် အသင်း တိုက်စစ် လူစာရင်းမှာ နေရာပေးမလဲ ဆိုတာက ပတ်ဆောင်ဟွာနဲ့ နည်းပြအဖွဲ့ အတွက်တော့ မလွယ်ကူတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေတာ အမှန်ပါပဲ။ စာရွက်ပေါ်မှာ ဆိုရင်တော့ စိုးမင်းဦး၊ မိုင်းအိုက်နိုင်၊ စိုးမြတ်သူ၊ ကောင်းစည်သူ စသဖြင့် တိုက်စစ်မှူး များသယောက် ထင်မှတ်ရပေမယ့် တကယ့် တကယ်တမ်း အားကိုးတကြီး အသုံးပြုနိုင်မယ့် တိုက်စစ်မှူး ရှားပါးနေတာက ပြဿနာပါ။ စိုးမင်းဦးဟာ ကမ္ဘောဇ အသင်းအတွက် အားကိုးရတဲ့ တိုက်စစ်မှူး တစ်ဦးဆိုပေမယ့် လက်ရွေးစင် အသင်းမှာတော့ လမိုင်းမကပ် သေးဘူးလို့ပဲ ပြောရမှာပါ။ မိုင်းအိုက်နိုင်ကျပြန်တော့ ကလပ်အသင်း မှာတောင် ပုံမှန်ပွဲထွက်ခွင့် မရဖြစ်နေတဲ့ အနေအထားပါ။ ကောင်းစည်သူ ကလည်း ရန်ကုန် ယူနိုက်တက်ရဲ့ အရန် ကစားသမား အဆင့်သာ ရှိပြီး အတွေ့အကြုံ ပိုင်းကအစ အစစ အရာရာ နုလွန်းနေသေးတာ တွေ့ရပါတယ်။ ဒီလိုအချိန်မှာ ကျော်ကိုကိုကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်နေ ရပါတယ်။ တောင်ကိုရီးယားနဲ့ ယူ-၂၂ ပွဲစဉ် ပြီးကတည်းက အခုချိန်ထိ ဘောလုံး ပြန်မကစား နိုင်သေးတာကြောင့် ပတ်ဆောင်ဟွာ အနေနဲ့ ၀ါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့၊ လက်ရှိ ခြေစွမ်းပိုင်း ကောင်းမွန်နေတဲ့ ရန်ပိုင်ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမှာပဲ ဖြစ်ပါတယ်။
 ရန်ပိုင်ဟာ လက်ရွေးစင် အသင်းအတွက် ပေးဆပ်လိုစိတ် နည်းခဲ့တယ် ဆိုစေဦးတော့ လက်ရှိ အချိန်မှာတော့ ရတနာပုံ နည်းပြ ဘော်ရ်ဂျီ ကိုင်တွယ်မှု အောက်မှာ လေ့ကျင့်မှုတွေ သေချာ ပြုလုပ်နေတာကြောင့် ကိုယ်အလေးချိန်တွေ ကျလာသို ကြံ့ခိုင်မှု ပိုင်းလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ လတ်တလော ရတနာပုံ အသင်းရဲ့ ပွဲစဉ်တိုင်း လိုလိုမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ပုံစံကို ရနေတာလည်း တွေ့ရပါတယ်။ နောက် အသက် (၂၉)နှစ်ဆိုတဲ့ အရွယ်ဟာ ကစားသမား တစ်ယောက်အတွက် အကောင်းဆုံး ခြေစွမ်းပိုင်း ရရှိတတ်တဲ့ အရွယ်ပါ။ တကယ်လို့များ ပတ်ဆောင်ဟွာသာ ရန်ပိုင်ဆီက အကောင်းဆုံး ခြေစွမ်းကို ရယူနိုင်တဲ့ အရည်အချင်း ရှိမယ်ဆိုရင်တော့ မြန်မာ့ လက်ရွေးစင် အသင်းအတွက် အဖိုး မဖြတ်နိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာ မလွဲပါဘူး။
လက်ရှိ မြန်မာ့ လက်ရွေးစင် အသင်းမှာ တိုက်စစ်ပိုင်း အားနည်းနေတာကို မေ့ထားလို့ မရပါဘူး။ ပုဂ္ဂလိက ခံစားချက်တွေ ဘေးဖယ်ထားပြီး လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ ပတ်ဆောင်ဟွာက ပြောဖူးပါတယ်။ "ခြေစမ်းပွဲမှာ ရှုံးရတာကို မကြောက်ဘူး။ ပြိုင်ပွဲမှာ ရှုံးမှာကိုသာ မလိုလားတာပါ" တဲ့။ ဒီလိုဆိုရင် ရန်ပိုင်လို အရည်အချင်း ရှိတဲ့ အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ဦးကို နောက်ဆုံး အခွင့်အရေး တစ်ခု ဘာကြောင့်များ မပေးနိုင်ရမှာလဲ။ ပဏာမ လက်ရွေးစင် အသင်းမှာ ရွေးချယ်နေရာ ပေးပြီး သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ ခြေစွမ်းပိုင်းကို စောင့်ကြည့် အကဲဖြတ်ပြီးမှသာ နောက်ဆုံးအဆင့် လူစာရင်းမှာ ရွေးမယ် မရွေးဘူး ဆုံးဖြတ်သင့်ပါတယ်။ (ပတ်ဆောင်ဟွာကတော့ ဇူလိုင် ၃၁ရက်နေ့ မဟုတ်ရင်တောင် သြဂုတ်လ ၁ရက်နေ့ လူစာရင်း ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်)
အမှန်ကတော့ လက်ရွေးစင် ပဏာမအသင်း လူစာရင်းကို ရွေးချယ်မယ့် သူက ဘောလုံးချစ် ပရိသတ်တွေလည်း မဟုတ်သလို ဘောလုံး အဖွဲ့ချုပ်က တာဝန်ရှိ သူတွေလည်း မဟုတ်ပါဘူး။ စာရေးသူတို့ မီဒီယာ တွေလည်း မဟုတ်ပါဘူး။ ရန်ပိုင်ကို ရွေးမယ် မရွေးဘူး ဆိုတာကို ဆုံးဖြတ်မယ့် သူဟာ လောလောလတ်လတ် မြန်မာ ယူ-၂၂ အသင်းကို အာရှအဆင့် တက်လှမ်းနိုင်အောင် ဦးဆောင် လမ်းပြပေးခဲ့တဲ့ ကိုရီးယားလူမျိုး နည်းပြကြီး မစ္စတာ ပတ်ဆောင်ဟွာပဲ ဖြစ်ပါတယ်။ နည်းပြကြီး အနေနဲ့ အသင်းအတွက် လိုအပ်တယ်လို့ မြင်ရင် ရန်ပိုင်ဟာလည်း လက်ရွေးစင် အသင်းမှာ ပါဝင်လာဦးမှာ မလွဲပါဘူး။
ရန်ပိုင်ကို ရွေးမယ် မရွေးဘူး ဆိုတာကို ဆုံးဖြတ်မယ့် သူဟာ လောလောလတ်လတ် မြန်မာ ယူ-၂၂ အသင်းကို အာရှအဆင့် တက်လှမ်းနိုင်အောင် ဦးဆောင် လမ်းပြပေးခဲ့တဲ့ ကိုရီးယားလူမျိုး နည်းပြကြီး မစ္စတာ ပတ်ဆောင်ဟွာပဲ ဖြစ်ပါတယ်...တကယ်လို့များ ရန်ပိုင် အနေနဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဂျာစီနဲ့အတူ ကွင်းထဲဝင်ရောက် လာခဲ့မယ် ဆိုရင်လည်း ဘောလုံးချစ် ပရိသတ် အနေနဲ့ ဘာကြောင့် လက်ခုပ်တီး အားပေးတာမျိုး မလုပ်နိုင်ရမှာလဲ။ ဒီလိုပါပဲ ကစားသမား ဘက်ကလည်း မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့၊ အတွေ့အကြုံ အရည်အချင်း ရှိတဲ့ တိုက်စစ်မှူး တစ်ဦး အနေနဲ့၊ ဘောလုံးအပေါ် ချစ်မြတ်နိုးသူ တစ်ဦးအနေနဲ့ ဘာလို့များ တိုင်းပြည်အတွက် အသည်းပေါက်ပြီး မကစားနိုင်ရမှာလဲ။ အာရှ ယူ-၂၂ ခြေစစ်ပွဲကို ပြန်ကြည့်လှည့်ပါ။ ပြိုင်တူတွန်း၍ ရွေ့ခဲ့ဖူးတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီတစ်ကြိမ်မှာလည်း အားလုံး၊ အားလုံးရဲ့ စည်းလုံးမှုတွေနဲ့ အောင်မြင်မှုတစ်ခု ထပ်မံ ရယူကြပါဦးလို့ အလေးအနက် တိုက်တွန်းရင်း...
မှတ်ချက် - ယခုဆောင်းပါးမှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေဖြန့်ချိမည့် Soccer Myanmar အားကစားဂျာနယ်တွင် ဖော်ပြမည့် ဆောင်းပါးအား ကြိုတင်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။
|