|
အာဆင်နယ်ရဲ့ ရာသီကြို ပုံရိပ်က ထိတ်ထိတ်ပျာပျာ နိုင်လွန်းတဲ့ အားထားရတဲ့ ကစားသမားတွေ ထပ်မံ ထွက်ခွာဦးမယ့် အရိပ်အငွေ့တွေ သမ်းနေတယ်။ အသင်းမှာ ကံဆိုးမိုးမှောင် ကျတဲ့ ကာလတွေက "The Sign Of Love" ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်း "အခုထိ မဆုံးနိုင်သေးဘူး xxx လွမ်းရတဲ့ ရက်တွေ xxx မဆုံးသေးဘူး" ဆိုတဲ့ တေးစာသားလို ဖြစ်နေတယ်။ အာဆင်နယ် ဖလားလက်မဲ့ နွံ့မှာ နစ်နေတာ(၇)နှစ် ကြာပြီ။ ပတ္တမြားမှန်ရင် နွှံမှာ နစ်ပေမယ့် အရောင် မညစ်ဘူးဆိုတဲ့ စကား မှန်ကန်ကြောင်း သက်သေပြရပါလိမ့်မယ်။ ကိုယ်တိုင် ကျင်းပတဲ့ အမ်းမရိတ်စ် ဖလားတောင် မရတာကတော့ ရိုင်းလွန်းပါတယ်။ တစ်ချိန်က တစ်ရာသီလုံး ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ဖြတ်သန်းပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းမှ ဟုတ်ပါရဲ့လားလို့ သံသယ ပွားစရာ ဖြစ်ရပါတယ်။
အာဆင်နယ် ကံကောင်းနေတာက နှစ်စဉ် ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် ကြိုးစားနိုင်ပြီး ဖြေသာစရာ ဖြစ်နေခြင်းပါ။ ဒီလို စွမ်းဆောင်နိုင်ပေမယ့် အားထားရတဲ့ ကစားသမားတွေ အသင်းကို ကျောခိုင်းနေကြတဲ့ အဖြစ်ကို ရပ်တန့်ပစ်ဖို့တော့ လိုအပ်နေပါပြီ။ တစ်ခါက အာစင်ဝင်းဂါး ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ "အသင်းရဲ့ ထိပ်တန်း ကစားသမားတွေ ကျောခိုင်း စွန့်ခွာခံနေရတဲ့ အသင်းတစ်သင်းကို ထိပ်တန်း အသင်းလို့ သတ်မှတ်ဖို့ မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားပါ။ ဒါကြောင့် အာဆင်နယ်ဟာ ထိပ်တန်း အဆင့်မှာ ရှိနေဆဲပါ ဆိုတာကို အခိုင်မာ သက်သေပြရတော့မှာ ဖြစ်ပါတယ်။

ဗန်ပါစီရဲ့ ပြဇာတ်
အာဆင်နယ် ဖလား လက်မဲ့ သံသရာမှာလည် မဆုံးဖြစ်နေရသလို ကစားသမားကောင်းတွေ ထွက်ခွာမှု ဆိုတဲ့ ကျိန်စာ သင့်မူကလည်း မဆုံးနိုင်ပဲ ဖြစ်နေတယ်။ ဒီနှစ်မှာလည်း အသင်းအတွက် အားထားရတဲ့ ဗန်ပါစီက စာချုပ်သက်တမ်းတိုးဖို့ လက်မှတ် မထိုးနိုင်ဘူးလို့ ဆိုတယ်။ သူလည်း အသင်းက ခွာတော့မယ့် အရိပ်အဟောင်တွေ ပြလာတယ်။ အာဆင်နယ်ဟာ ရည်မှန်းချက် ရှိတဲ့ အသင်းမဟုတ်ဘူး။ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်း မဟုတ်ဘူး။ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမားတွေနဲ့ ထိုက်တန်တဲ့ အသင်းမဟုတ်ဘူး ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အသင်းကိုရော၊ မန်နေဂျာကိုပါ အာခံဝေဖန်လာတယ်။
တကယ်တော့ အာဆင်နယ် ပရိသတ်တွေ သူ့ကို အားကိုးတယ်။ ဒီအသင်းရဲ့ သူရဲကောင်း အဖြစ် ကိုးကွယ် ချင်ကြတယ်။ သူ့ကို အာစင်ဝင်းဂါးက ကပ္ပတိန် ဖြစ်စေခဲ့တာပါ။ အပယ်ခံ တောင်ပံ ကစားသမားဘ၀ကနေ ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး တိုက်စစ်သမား တစ်ဦး ဖြစ်လာအောင် ၀င်းဂါးက အသွင်ပြောင်းပေးခဲ့တာပါ။ ဒါကြောင့်လည်း ပရီးမီးယား လိဂ်မှာ ရွှေဖိနပ် ရခဲ့တယ်။ တစ်နှစ်တာ အကောင်းဆုံး ကစားသမားလည်း ဖြစ်လာတယ်။ အာစင်ဝင်းဂါး ပျိုးထောင် ပေးလိုက်တဲ့ ကျေးဇူးတွေကို အခုတော့ ပယ်ပယ်နယ်နယ် ပြန်လည် ပေးဆပ်နေတယ်။ အသင်းပြောင်းဖို့ တောင်းဆိုတာ ငွေမက်လို့ မဟုတ်ပါဘူး ဆိုပေမယ့် မန်နေဂျာကိုရော၊ အသင်းနဲ့ ပရိသတ်တွေကိုပါ ပုတ်ခတ်သွားခဲ့တယ်။
ရီးယဲလ်ကလည်း ဟီဂူအင် အသင်းမှာ ဆက်ရှိနေမှာမို့ သူ့ကို စိတ်မ၀င်စားပါဘူး။ ဘာကာကလည်း လူကောင်းတွေ ပြည့်နေလို့ သူ့ကို စဉ်းစားမှာ မဟုတ်ပါဘူး။ သူကတော့ ဘယ်အသင်းသွားသွား လက်ရှိရနေတဲ့ တစ်ပတ်ပေါင်(၁)သိန်းထက် ပိုတဲ့ (၂)သိန်းခွဲလောက်ကို ရနိုင်မယ်လို့ သွေးနားထင်ရောက်နေပေမယ့် သူ့ကို တရားဝင် ကမ်းလှမ်း လာတာ ဂျူဗင်တပ် တစ်သင်းပဲ ရှိတယ်။ သူက စီးရီးအေကို မသွားချင်ဘူး။ ဒီတော့ နာဆရီနဲ့ ကလစ်ချီတို့ ရှိရာ မန်စီးတီးကို မှန်းနေတာပါ။ ဒီအသင်းကလည်း လက်ရှိသုံးစွဲထားတဲ့ ငွေကြေးပမာဏ အရ ယူအီး အက်ဖ်အေရဲ့ စည်းမျဉ်းသစ်ကို ငဲ့ကြည့်နေရတဲ့ အတွက် အရင်လို လက်ရဲဇက်ရဲ မလုပ်နိုင်တဲ့ အချိန် ဖြစ်နေပါတယ်။ ဒီတော့ သူ့ကို ဂျူဗီထံ ဒီနှစ်မှာပဲပေါင်(၂၇)သန်းနဲ့ ရောင်းမလား။ နောက်နှစ်မှ ပြောင်းကြေးလွှတ်နဲ့ လွှတ်မလား ဆိုတာ အာဆင်နယ် ဘုတ်အဖွဲ့ စဉ်းစားဆုံးဖြတ်ရပါလိမ့်မယ်။
ဒင်းနစ်ဘားကမ့်ရဲ့ စကား
အာဆင်နယ် ရွှေခေတ်ဖြစ်ခဲ့ဖူးတဲ့ ဒင်းနစ်ဘားကမ့်၊ ရောဘက်ပီးရက်စ်၊ ယွန်းဘတ်၊ ပက်ထရစ်ဗီအဲရာ၊ သီယာရီအွန်နရီတို့ ခေတ်ဟာ ဂန်းနားတို့ ရွှေထီးဆောင်းတဲ့ ခေတ်ပါ။ ထိုစဉ်ကတည်းက အသင်းရဲ့ အထင်ကရ တစ်ဦးဖြစ်တဲ့ ဒင်းနစ်ဘားကမ့်က "ကျွန်တော် အာဆင်နယ်ကို တကယ်ချစ်တာ ဆုဖလားတွေကြောင့် မဟုတ်ဘူး။ ခင်ဗျားတို့ကော အသင်းကို တကယ်နှစ်သက်ကြပါရဲ့လား။ ဆုဖလားတွေ မရတော့ရင် အသင်းကို ငြိုငြင်ကြမှာလား" ဆိုတဲ့ မေးခွန်းပါ။ ဒီစကားတွေက အခုတော့ အာဆင်နယ် ကြယ်ပွင့်ဆိုတဲ့ ကစားသားတွေကို တိုင်းတာစစ်ဆေးမယ့် မေးခွန်း ဖြစ်လာနေပြီလို့ ဆိုရပါမယ်။
အာဆင်နယ်မှာ အွန်နရီ ခေတ်လွန်ကာလ အသင်းကို အသားကျအောင် အသွင် ကူးပြောင်းရတဲ့ ကာလတစ်ခု လိုအပ်ခဲ့တယ်။ အဲဒီနောက် အဒီဘာယော၊ ဖာဘရီဂက်စ်၊ နာဆရီတို့ ထွက်ခွာချိန်မှာ အလားတူ ကာလမျိုးနဲ့ ရုန်းကန်ခဲ့ရတယ်။ အခုတော့ အသင်းဟာ ပြန်လည် အသားကျလာပြီး ပုံမှန်လမ်းကြောင်းပေါ် ရောက်မယ့် အချိန်မှာ ဗန်ပါစီ အသင်းက ထွက်ခွာမယ့် အရေးနဲ့ ရင်ဆိုင် လာရပြန်ပါပြီ။ ဒီဂျိုရူး၊ စကွီလာစီ၊ သီယိုဝဲလ်ကော့၊ ဒန်နီလ်ဆင်နဲ့ ချာမက်တို့လည်း အသင်းက ထွက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ အသင်းကို ကျောခိုင်း သွားကြတဲ့ ကစားသမားတိုင်းမှာ အာဆင်နယ်ကို တကယ်ချစ်တဲ့ သစ္စာစောင့်သိမှုမျိုး ရှိကြရဲ့လား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဘားကမ့်ရဲ့ မေးခွန်းဟာ အသင်းအတွက် စံထားရမယ့် မေးခွန်းတစ်ခု ဖြစ်လာတယ်။ ရော်ဘင်ဗန်ပါစီကတော့ သူဟာ"ထာဝရ ဂန်းနား" ဖြစ်နေမှာပါလို့ ပြောခဲ့ပေမယ့် သူ့စကားကို သံသယ ဖြစ်စရာတွေ ရှိနေပါတယ်။ အသင်းနဲ့ အတူ ဆုဖလားတစ်လုံး ယူပြဖို့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်ခြင်းဟာ ဗန်ပါစီရဲ့ ပင်ကိုယ် စိတ်ထားကို ထင်ဟပ်ပြခြင်းပဲလို့ ယူဆရပါလိမ့်မယ်။
လူရောင်းနေရပေမယ့် မူမပြောင်းတဲ့ ၀င်းဂါး
အာစင်ဝင်းဂါးကတော့ စီးပွားရေး ပညာ မဟာဝိဇ္ဇာ ဘွဲ့ရတစ်ဦး ပီပီ အသင်းကို လိုချင်တဲ့ ပုံစံသွင်းဖို့ ကြိုးစားရာမှာ နာမည်ကြီး၊ ဈေးကြီး ကစားသမား ၀ယ်ယူ အားဖြည့်မှုမျိုး မလုပ်ဘူးလို့ ခေါင်းမာနေပါတယ်။ ပိုဒေါစကီးနဲ့ ဂီရောက်တို့လို ကစားသမားတွေ ခေါ်ယူ ခဲ့ပေမယ့် အသင်းမှာ အနည်းဆုံး ကွင်းလယ်လူ တစ်ဦးနဲ့ ဂိုးသမားကောင်း တစ်ဦး ထပ်မံ ခေါ်ယူဖို့ လိုအပ်ပေမယ့် နာမည်ကြီးတွေကို မခေါ်ဘူးလို့ ဆိုတယ်။ ဒါကလည်း ဂန္တ၀င် ကစားသမားကြီး ဂျိုဟန်ခရိုက်ဖ်ရဲ့ "ပေါင်သန်းချီ မသုံးစွဲဘဲ ချန်ပီယံလိဂ် ဖလား ရနိုင်ပါတယ်" ဆိုတဲ့ စကားကို အလေးအနက် ထားခြင်း ဖြစ်ပါတယ်။
ခရိုက်ဖ်ဟာ အေဂျက်အသင်းကို ၁၉၉၅မှာ ချန်ပီယံလိဂ် ဖလားရအောင် အုတ်မြစ်ချ ပေးခဲ့သူ ဖြစ်သလို ဘာစီလိုနာရဲ့ ကစားဟန်ကိုလည်း အယ်လ်မာရီယာ အကယ်ဒမီကနေ ဖန်တီးပေးခဲ့သူပါ။ ဒါကြေင့် ၀င်းဂါးရဲ့ လူငယ်ပျိုးထောင်ရေး အယူအဆနဲ့ တိုက်ဆိုင် ကိုက်ညီနေပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ မူကို စွန့်လွှတ်မှာ မဟုတ်ကြောင်း၊ သူ့အတွက် စိတ်မကောင်းစရာ ဖြစ်ရတာက ကစားသမား တစ်ဦးရဲ့ အကောင်းဆုံး အရွယ်မှာ အသင်းအတွက် ပေးဆပ်မှုမျိုးကို မြင်တွေ့လိုပေမယ့် အထ မမြောက်ခဲ့ကြောင်း၊ နာဆရီ၊ ကလစ်ချီနဲ့ ဖာဘရီဂက်စ်တို့ကို အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးရမယ့် အချိန်မှာ လက်လွတ် ဆုံးရှုံးခဲ့ရကြောင်း၊ ဒါပေမဲ့ သူတတ်နိုင်သမျှ ကြိုးစားသွားမှာ ဖြစ်ပြီး အာဆင်နယ်ကို ဘယ်တော့မှ အရှုံးနဲ့ စွန့်ခွာမှာ မဟုတ်ဘူးလို့ သူ့သဘောထားကို ဆန္ဒကို ကြူးရင့်ပြခဲ့တယ်။ သူဟာ အသင်းကို စွန့်ခွာနိုင်တဲ့ အခြေအနေတွေ အကြိမ်ကြိမ် ကြုံခဲ့ပေမယ့် လက်မခံခဲ့ကြောင်း၊ ဒါကလည်း တစ်သားတည်းသော အမြင်သဘောထားတွေနဲ့ အာဆင်နယ်မှာ (၁၆)နှစ် ကြာအောင် စွဲမြဲ လုပ်ဆောင်ခဲ့လို့ ဖြစ်ပြီး ဒီယုံကြည်မှုနဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘဲ လူငယ် သွေးသစ်တွေနဲ့ အောင်မြင်မှု ရအောင် စွမ်းဆောင် သွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အာဖရိက စွန့်စားခန်းနဲ့ ဂန်းနားတောင်လှန်ရေး
အာစင်ဝင်းဂါးဟာ သူ့မူ၊ သူ့လမ်းစဉ်နဲ့ အမ်းမရိတ်စ် ကွင်းမှာ ခရီးဆက်နေဆဲပါ။ ဟိုက်ဘူရီကွင်းမှာ အောင်မြင်ခြင်းတွေနဲ့ ခမ်းနားခဲ့တဲ့ ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ ဘာမှ မည်မည်ရရ တက်လှမ်းမပြနိုင်သေးပါဘူး။ လူငယ် ကစားသမားကောင်းတွေ ပျိုးထောင်ရင်း ကြိုးစား နေစဉ်မှာ ဆန္ဒစောတဲ့ လူငယ်တွေနဲ့ နားလည်မှု လွဲပြီး အသင်းနဲ့ နည်းပြအပေါ် အမြင် စောင်းတာတွေတောင် ဖြစ်ခဲ့ရတယ်။ လက်ရှိမှာ ဗန်ပါစီ အသင်းက ထွက်ဖို့ တောင်းဆိုမှုဟာ အသင်းပိုင်ရှင် ခရွန်အန်ကီနဲ့ အသင်းဘုတ်အဖွဲ့တို့ရဲ့ အားနည်းမှုကြောင့်လို့ အသင်းရှယ်ယာ ဒုတိယ အများဆုံး ပိုင်ဆိုင်ထားတဲ့ အူစမာနော့ဗ်က ထောက်ပြဝေဖန်မှုတွေလည်း ကြုံတွေ့နေရတယ်။
ဝင်းဂါးကတော့ သူ့မူအတိုင်း ယခုဆို Intel မိုဘိုင်းကုမ္ပဏီနဲ့ (၃)နှစ်စာ ချုပ်ပြီး အာဖရိကမှာ ဈေးကွက်ချဲ့ထွင်ရင်း ကစားသမားသစ်တွေ ရှာဖွေ စုဆောင်းမယ့် ခရီးစဉ်ကို စီစဉ် ထားပါတယ်။ အဆိုပါ ကုမ္ပဏီဟာ သူတို့ရဲ့ တယ်လီဖုန်း ကွန်ရက် ဆက်သွယ်မှု ဈေးကွက်ဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ဂါနာ စတဲ့ အာဖရိက(၅)နိုင်ငံကို လုပ်ငန်း ချဲ့ထွင်ပါလိမ့်မယ်။ ဒီနိုင်ငံတွေမှာ အာဆင်နယ်ရဲ့ ဈေးကွက်လည်း ပေါ်ထွက်လာဖို့ ရှိပါတယ်။ အာဆင်နယ် ပထမ အသင်းနဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း ခြေစမ်းပွဲ အပါအ၀င် အခြား ခြေစမ်းပွဲတွေ ကစားရင်း အသင်းအတွက် ဈေးကွက်ချဲ့ဖို့ ဦးဆောင် လှုပ်ရှားနေပါပြီ။ အာစင်ဝင်းဂါးရဲ့ ထူးချွန်တဲ့ လူငယ် ကစားသမား စုဖွဲ့မှုနဲ့ ချန်ပီယံလိဂ် ဖလားကိုတောင် ဆွတ်ခူးနိုင်ရမယ် ဆိုတဲ့ ယုံကြည် ရည်မှန်းချက်ဟာ ဘယ်လောက် ထက်မြက် အသက် ၀င်လာမလဲ။ ချန်ပီယံလိဂ် ဖလားမဟုတ်ရင်တောင် ပရီးမီးယားလိဂ်၊ အက်ဖ်အေ ဖလား၊ ကားလင်းဖလားနဲ့ ကွန်မြူနတီဒိုင်း တစ်ခုခု ရယူပြီး ဖလား လက်မဲ့နွှံမှာ (၇)နှစ်ကြာ နှစ်နေရတဲ့ ဘ၀ကို ရုန်းကန် ပြနိုင်ဖို့ ဗန်ပါစီ မရှိလည်း ဖြစ်ပါတယ် ဆိုတဲ့ အားမာန်နဲ့ ဂန်းနားတွေရဲ့ လူငယ်သွေးသစ် တော်လှန်ရေး အောင်မြင်ပါစေလို့ပဲ ဆန္ဒပြုမိကြောင်းပါ။
မှတ်ချက်။ ။ SM Journal Vol.1 No.38 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
|