|
Written by မိုးဝေ
|
|
Monday, 09 July 2012 11:38 |
|
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ရက်နေ့ သုဝဏ္ဏ ညခင်းက ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်လို့ နေခဲ့ပါတယ်။ အဲဒီနေ့ အဲဒီညက မြန်မာ လူငယ်တို့ အာရှခြေစစ်ပွဲ အုပ်စု အဆင့်ကို ဖြတ်ကျော် နိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အာရှ အဆင့်ကို လှမ်းဝင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအောင်ပွဲကို တရားဝင် ကိန်းဂဏန်း တွေအရ ပရိသတ် (၂၈၀၀၀) လာရောက် အားပေးတယ်လို့ ဆိုပေမယ့် တကယ့် ပရိသတ် အရေအတွက် ကတော့ (၃၅၀၀၀) လောက်အထိ များပြား ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီ ပရိသတ် အားလုံးရဲ့ အပျော်က တစ်နိုင်ငံလုံးက မြန်မာတွေ အားလုံးကို သာမကဘဲ ရေခြား မြေခြားကို ရောက်ရှိနေတဲ့ မြန်မာတွေ အားလုံးကိုပါ ကူးစက် စေခဲ့ပါတယ်။ အားလုံး၊ အားလုံးရဲ့ အပျော်တွေ ဖန်တီးပေးခဲ့တဲ့ ကစားသမားတွေ၊ အသင်းနည်းပြတွေ၊ အုပ်ချုပ်သူ တွေနဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တကွ တာဝန်ရှိသူတွေ စသဖြင့် သူရဲကောင်း ဖြစ်လာကြသူတွေ များစွာ ရှိခဲ့ပါတယ်။ စွမ်းဆောင်ခဲ့သမျှ ထင်ထင်ပေါ်ပေါ် မဖြစ်ခဲ့ကြတဲ့ အမေ့လျော့ခံ သူရဲကောင်း တွေလည်း ရှိနေခဲ့ပါတယ်။ စာရေးသူ လက်လှမ်း မီသမျှ ထဲကမှ အမေ့လျော့ခံ သူရဲကောင်း တွေကို ထုတ်ဖော် ချီးကျူးရင်းက မေ့ကျန်ခဲ့သူများ ရှိခဲ့လျှင်လည်း ခွင့်လွှတ် နားလည်ပေးစေ လိုပါကြောင်း...။
နောက်ကွယ်မှ ပေးဆပ်ရမှုများ
ထိုင်ခုံ အရေအတွက် အရ ပရိသတ် နှစ်သောင်းလောက်သာ ၀င်ဆန့်တဲ့ သုဝဏ္ဏ ကွင်းထဲကို ၀င်ရောက် ကြည့်ရှုချင်တဲ့ ပရိသတ်က ကွင်းအပြင်မှာ ငါးသောင်းမက များပြား လွန်းခဲ့ပါတယ်။ ပြင်းပြင်းပြပြနဲ့ ကွင်းထဲ ၀င်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြတဲ့ ပရိသတ် တွေကြောင့်လည်း လက်မှတ် အရေအတွက် အတိုင်းသာ ၀င်ခွင့်ပြုမယ် ဆိုတဲ့ ပွဲမတိုင်ခင်က ဆုံးဖြတ် ကန့်သတ်ချက်ဟာ ပွဲစဉ်တိုင်းမှာ လိုလို အရာမထင် ခဲ့ပါဘူး။ ဒီလိုနဲ့ ကွင်းတွင်း၊ ကွင်းပြင်က ပရိသတ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရတဲ့ သူတွေ အားလုံးဟာ အတိုင်းထက် အလွန် ပင်ပန်း ခဲ့ကြပါတယ်။ အမှန်တော့ လုံခြုံရေး ကိစ္စတွေ စီမံကွပ်ကဲရတာ လွယ်မယောင်နဲ့ ခက်တဲ့ ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ တွေ့ကြုံလာရတဲ့ အခြေအနေ တွေကို ပြန်လှန် သုံးသပ်ပြီး လုံခြုံရေး အစီအမံတွေကို ပြင်ဆင်ရေးဆွဲကာ တစ်ပွဲထက် တစ်ပွဲ ပိုပြီး အဆင်ပြေအောင် ထိန်းချုပ်နိုင်ခဲ့ တာကိုလည်း ချီးကျူးရမှာပါ။ အထက်က ဆုံးဖြတ် ပေးလိုက်တဲ့ အရေးပါတဲ့ လုံခြုံရေး အစီအမံတွေကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ အတွက် ပွဲရှိတဲ့ နေ့တိုင်း အစောကြီး ကြိုရောက်နှင့်ပြီး နေပူမိုးရွာ မရှောင် အားထုတ် ကြိုးပမ်းခဲ့ကြတဲ့ ဘောလုံးအဖွဲ့ချုပ် တာာဝန်ရှိ သူများနဲ့ ရဲတပ်ဖွဲ့မှ အရာရှိ၊ အရာခံများ၊ အခြား ပြင်ပ အဖွဲ့အစည်းတွေက လုံခြုံရေး အကြီးအကဲတွေ အားလုံးဟာ တကယ့်ကို ပင်ပန်း ခဲ့ကြပါတယ်။
 ဒီလိုပါပဲ၊ တကယ်တမ်း လက်တွေ့ကျကျ ကြိုးပမ်း ရွက်ဆောင်ခဲ့ရတဲ့ လုံခြုံရေး ၀န်ထမ်းများ အားလုံးနဲ့ တကွ ပြင်ပမှ ၀ိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ Volunteer တွေ အားလုံးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဘောလုံးပွဲ တစ်ပွဲ၊ ဘောလုံးအသင်း တစ်သင်းရဲ့ အောင်မြင်မှု အတွက် နောက်ကွယ်ကနေ ပေးဆပ်ရမှုပေါင်း များစွာ ရှိနေတတ်ပါတယ်။ ခြေစစ်ပွဲ ပွဲစဉ်တွေ အားလုံးပြီးဆုံး ခဲ့ချိန်မှာတော့ ပွဲစဉ်တွေ တိုင်းမှာ တာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက် နေပူမိုးရွာ မရှောင် တာဝန် ထမ်းဆောင်ခဲ့ရာက အအေးမိဖျားနာပြီး အသက်ကိုတောင် စတေးခဲ့ရတယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။
ပီတိတွေ စားတဲ့သူ
မြန်မာလူငယ် အသင်းဟာ ပြိုင်ပွဲ မစတင်မီမှာ အကြီးမားဆုံး အခက်အခဲ တစ်ခုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဒါကတော့ ဂိုးသမား ပြဿနာပါပဲ။ အဓိက ဂိုးသမား ပြည့်ဖြိုးအောင် ခြေဖမိုးရိုး ကျိုးခဲ့တာကြောင့် ပြိုင်ပွဲနဲ့ လွဲခဲ့ရပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာ အတွေ့အကြုံ လုံးဝ မရှိသေးဘူးလို့ ဆိုနိုင်တဲ့ ဂိုးသမား လေးတွေနဲ့ ဦးမျိုးချစ် တစ်ယောက် လုံးလည် ရိုက်နေခဲ့ပါတယ်။
ဦးမျိုးချစ် ဆိုတာ မြန်မာ ယူ-၂၂ အသင်းရဲ့ ဂိုးနည်းပြပါ။ အမြဲလိုလို အေးအေးဆေးဆေး နေတတ်တဲ့ ဆရာ ဦးမျိုးချစ်ဟာ မြန်မာလူငယ် အသင်းရဲ့ အောင်မြင်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ရသူ တစ်ဦးပါ။ နည်းပြချုပ် ပတ်ဆောင်ဟွာ၊ အုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ နည်းပြ ဦးတင်မြင့်အောင် အစရှိတဲ့ နာမည်ကြီး နည်းပြ၊ အုပ်ချုပ်သူ တွေကြောင့် ဦးမျိုးချစ် ကိုတော့ အားလုံးက သတိလက်လွတ် ဖြစ်ခဲ့ကြပါတယ်။
မြန်မာအသင်းရဲ့ အဖွင့်ပွဲစဉ်မှာ အဓိက ဂိုးသမား ကျော်ဇင်ဖြိုး အမှားတချို့ လုပ်ခဲ့ပြီး နောက်မှာတော့ ဦးမျိုးချစ် အတွက် စိုးရိမ်စရာ ပိုပြီး ဖြစ်လာခဲ့ပါတယ်။ တာဝန်ရှိသူတွေ၊ ပရိသတ်တွေ အားလုံးက ဂိုးသမား နေရာအတွက် စိုးရိမ်စိတ်တွေ ပိုပြီးကြီးထွား လာခဲ့ပါတယ်။ ဦးမျိုးချစ်ကတော့ ကျော်ဇင်ဖြိုး အတွက် စိတ်ခွန်အားတွေ ဖြစ်စေမယ့် အားပေး စကားတွေနဲ့ အကောင်းဆုံး အကြံဥာဏ်တွေ ကိုပဲ ပေးနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ကျော်ဇင်ဖြိုး တစ်ယောက် အမှားတွေ တဖြေးဖြေး လျော့နည်းလာပြီး ယုံကြည်မှုတွေ တိုးပွား လာခဲ့ပါတယ်။ နောက်ဆုံး မလေးရှားနဲ့ ပွဲစဉ်မှာဆိုရင် မြန်မာအသင်း ဂိုးပေါက်ကို ယုံကြည်မှု အပြည့်၊ ရဲရဲဝံ့ဝံ့ ကာကွယ် လက်စွမ်းပြနေတဲ့ ကျော်ဇင်ဖြိုးကို ကွင်းထဲက ပရိသတ်ကြီးက "ကျော်ဇင်ဖြိုး... ကျော်ဇင်ဖြိုး..." ဆိုပြီး သံပြိုင် ဟစ်ကြွေးခဲ့တဲ့ အထိ ဖြစ်လာ ခဲ့ပါတယ်။ ခြေစစ်ပွဲအောင် အပြီးမှာတော့ ဦးမျိုးချစ်က ဂိုးသမားကောင်း တစ်ဦး ထပ်ပေါ် လာပြီလို့ပဲ ပီတိတွေနဲ့ ဖွင့်ဟခဲ့ပါတယ်။
မရှိမဖြစ် ကစားသမား ဖြစ်လာသူ
ခြေစစ်ပွဲ မတိုင်ခင်က စာရေးသူ ရေးခဲ့တဲ့ ဆောင်းပါးတစ်ခု ရှိပါတယ်။ မြန်မာယူ-၂၂ အသင်းရဲ့ အဓိက ကစားသမား (၅)ဦး ဆိုတဲ့ ဆောင်းပါးလေးပါ။ ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း၊ ကြည်လင်း၊ ဇော်မင်းထွန်းတို့ အားလုံး အသင်းရဲ့ အောင်မြင်မှုနဲ့ အတူ သူရဲကောင်းတွေ ဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ အခု ခြေစစ် ပွဲစဉ်တွေမှာ အထူး ခြေစွမ်းပြခဲ့တဲ့ နိုင်လင်းဦးတော့ မပါဝင်ခဲ့ပါဘူး။ စာရေးသူ အနေနဲ့ ယခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ် ဆိုရင် ခြေစွမ်းပြ လာနိုင်တဲ့ ကစားသမားတွေ ထဲမှာတောင် ထည့်မတွက် ခဲ့မိပါဘူး။
နိုင်လင်းဦးဟာ အထက်က ကစားသမား (၅)ဦးထက် မပိုရင်တောင် မလျော့တဲ့ ခြေစွမ်းမျိုးနဲ့ အသင်းကို အကျိုးပြု နိုင်ခဲ့ပါတယ်။ ကွင်းလယ် ခံစစ်နေရာမှ အထူး ခြေစွမ်းပြခဲ့တဲ့ သူ့ကို ဒုတိယ မြောက်ပွဲ ဖြစ်တဲ့ ဗီယက်နမ်နဲ့ ပွဲမှာ စပြီးသတိထား ခဲ့မိပါတယ်။ တရုတ် တိုင်ပေနဲ့ ပွဲစဉ်မှာတော့ ဧရိယာ အပြင်ကနေ အလွန်လှပတဲ့ ကန်ချက်နဲ့ ပိရိသေသပ်တဲ့ ဂိုးတစ်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ တောင်ကိုရီးယား၊ မလေးရှားတို့နဲ့ အရေးပါတဲ့ ပွဲစဉ်တွေမှာလည်း မပျက်မကွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ နိုင်လင်းဦးဟာ ယူ-၂၂ အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်လာတယ် လို့တောင် ဆိုရမှာပါ။ အမှန်ကတော့ မြန်မာ လူငယ်တို့ရဲ့ အောင်ပွဲဟာ တစ်ဦး တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ ရခဲ့တဲ့ အောင်ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်လင်းဦးကတော့ သူရဲကောင်း တစ်ဦး ဖြစ်ထိုက်တဲ့ ခြေစွမ်းမျိုးနဲ့ ခြေစွမ်းပြ ကစားနိုင်ခဲ့တယ် ဆိုတာကတော့ အမှန်ပါပဲ။
 အညတရ သူရဲကောင်းတစ်ဦး
တကယ်လို့ ဒီမြန်မာ ယူ-၂၂ အသင်းရဲ့ အောင်မြင်မှုဟာ နည်းပြ ပတ်ဆောင်ဟွာရဲ့ စွမ်းဆောင်မှု၊ ကစားသမား တွေရဲ့ ကြိုးစား အားထုတ်မှုတွေက အဓိကကျ ခဲ့တယ်လို့ ဆိုကြမယ် ဆိုရင် ဒီကစားသမား တွေနဲ့ ကိုရီးယား နည်းပြကြီး အကြား ပြောဆို ဆက်သွယ်နိုင်ဖို့ အတွက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ရသူ တစ်ဦးကိုလည်း မေ့မထား သင့်ပါဘူး။ အနေကုတ်ကုတ်နဲ့ ရိုကျိုးတဲ့စိတ် အပြည့်ရှိတဲ့ ကိုအောင်သူရဟာ တစ်ဖက်သားကို အကူအညီ ပေးဖို့အတွက် အမြဲတမ်း အဆင့်သင့် ဖြစ်နေတတ်သူပါ။ နည်းပြ ပတ်ဆောင်ဟွာလို စည်းကမ်းလည်းကြီး၊ ကိစ္စတိုင်းမှာ တစ်ချက်လေး တောင်မှ အတိမ်းအစောင်း အဖြစ်မခံတဲ့ နည်းပြတစ်ဦးရဲ့ စကားပြန်အဖြစ် တာဝန်ယူ ရတာဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ဒီအလုပ်ဟာ ခက်ခဲတဲ့ အလုပ်တစ်ခု ဆိုတာ ကိုအောင်သူရ မတိုင်ခင် စကားပြန် လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက သက်သေတည်ပေး နိုင်ပါလိမ့်မယ်။ ဘောလုံး အားကစား အပေါ် ၀ါသနာကြီးသူ တစ်ယောက် ဖြစ်တာကြောင့် လေ့ကျင့်ရေး ကွင်းမှာဆို အမြဲလို တက်တက်ကြွကြွနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ကြိုးစား အားထုတ် တတ်သူပါ။ နည်းပြရဲ့ ကိုယ်ကာယ လေ့ကျင့်ခန်း တွေမှာ ကိုယ်တိုင်ပါဝင် သရုပ်ပြ ဆောင်ရွက်တတ် သလို၊ လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းတွေ ကူသယ် ပေးရတာမျိုး၊ ရံဖန်ရံခါ ဘောလုံး လိုက်ကောက် ပေးရတာမျိုး အထိ မညည်းမညူ စွမ်းဆောင် ပေးခဲ့တဲ့ သူရဲကောင်း တစ်ဦးပါပဲ။ စကားပြန် တစ်ဦး အနေနဲ့ သံတမန်နည်း ဆန်ဆန် ကြားထဲက လိုအပ်သလို ဖြတ်တောက် ပြောကြားပေး နိုင်တဲ့ သူ့အရည်အချင်း ကလည်း ဒီအသင်း အောင်ပွဲတွေ ဆင်နိုင်ဖို့ တစ်ဖက် တစ်လမ်းက အရေးပါ ခဲ့ပါတယ်။ နည်းပြရဲ့ ဆိုလိုရင်းတွေကို ကစားသမားတွေ၊ အုပ်ချုပ်သူတွေနဲ့ တာဝန်ရှိသူတွေ အားလုံးထံ အရောက်ပို့ ပေးရင်းကပဲ မြန်မာလူငယ် တို့ရဲ့ အောင်ပွဲအတွက် အညတရ သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းရေးထိုး နိုင်ခဲ့သူပါ။
 ကွင်းထဲအရောက် အားပေးစို့
အာရှ ယူ-၂၂ ခြေစစ်ပွဲ မြန်မာက အိမ်ရှင်လုပ်မယ် ဆိုတုန်းက အခုလောက် အထိ ပရိသတ် အများအပြား စိတ်ဝင်တစား အားပေးမယ်လို့ မထင်မှတ်ခဲ့ပါဘူး။ အထူးသဖြင့် မြန်မာ - အိုမန်ပွဲစဉ်အပြီး မြန်မာ့ဘောလုံး အပေါ် စိတ်ကုန် နေချိန်မျိုးမှာ ပရိသတ် များကောင်းများမယ်၊ ကွင်းလုံးပြည့်လျှံ မယ်လို့တော့ မတွေးခဲ့ရိုး အမှန်ပါ။ တကယ်တမ်း ပြိုင်ပွဲစတော့ ဘာမဟုတ်တဲ့ ဖိလစ်ပိုင်နဲ့ ပွဲမှာတောင် ပရိသတ် အများအပြား လာရောက် အားပေးတာ တွေ့ခဲ့ရပါတယ်။ မြန်မာအသင်းရဲ့ အောင်မြင်မှု တွေဟာ ပရိသတ်ရဲ့ အားပေးမှုနဲ့ ပေါင်းစပ်ပြီးမှ ရခဲ့တာပါ။ မြန်မာလူငယ်တို့ ခြေစွမ်းကိုလည်း ပရိသတ်က အကောင်းဆုံး ဆွဲတင် ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာ နည်းပြတွေ တော်ခဲ့သလို၊ ကစားသမားတွေ ခြေစွမ်းပြ ခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက အကောင်းဆုံး ပံ့ပိုးပေးခဲ့တယ် ဆိုတာကိုလည်း မေ့ပစ်လို့တော့ မရပါဘူး။ နေ့စဉ်နေ့တိုင်း အလုပ်ပျက်၊ အကိုင်ပျက်၊ ငွေကြေး အကုန်ကျခံ၊ အပင်ပန်းခံပြီး ကွင်းထဲ အရောက်လှမ်း ခဲ့ကြတဲ့ ပရိသတ် တစ်ဦး တစ်ယောက်ချင်းစီ ကိုလည်း ချီးကျူး ကျေးဇူးတင် ရမှာပါ။
ဒီနေရာမှာ ပရိသတ် အမြောက်အမြားက စိတ်ဝင်တစား ဖြစ်လာအောင် လှုံ့ဆော် ပံ့ပိုးပေးခဲ့တဲ့ သူတွေကတော့ အမေ့လျော့ခံတွေ ဖြစ်နေခဲ့ပါတယ်။ "မြန်မာအသင်း ခြေစစ်ပွဲ အောင်ဖို့ ကွင်းထဲအရောက် အားပေးစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဘေလ်ဘုတ် ကြော်ငြာတွေ၊ ဂျာနယ် စာမျက်နှာ ပေါ်က ကြော်ငြာတွေ၊ လက်ကမ်း ကြော်ငြာတွေ၊ ရုပ်သံ တီဗွီတွေက ကြော်ငြာတွေ၊ သတင်းတွေ အားလုံး အားလုံးက ပရိသတ် ကွင်းလုံးပြည့်လျှံ အားပေးဖို့ အတွက် အဓိက စည်းရုံးလှုံ့ဆော်မှု ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာရှ ခြေစစ်ပွဲ တွေကတော့ အောင်ပန်းတွေ ဆင်နိုင်ခဲ့ရိုး အမှန်ပါ။ အာရှ တစ်ဝှမ်းက ခြေစစ် ပွဲစဉ်တွေ အားလုံးမှာ ပရိသတ် အများဆုံး လာရောက် အားပေးသည့် အုပ်စုဖြစ်ခဲ့ သလို မြန်မာ လူငယ်တို့ ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ အောင်မြင်မှု မျိုးကို အစပျိုးခဲ့ သူတွေကတော့ ဘောလုံး အဖွဲ့ချုပ် မီဒီယာဌာနမှ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကြုံကြိုက်လို့ ပြောပြချင်တာက တစ်ချိန်က ၁၉၉၅ခုနှစ် လောက်က သထုံလမ်းက တက္ကသိုလ် ဘောလုံးကွင်းမှာ လာရောက် လေ့ကျင့်တဲ့ ငွေခေတ် လက်ရွေးစင် ကစားသမား တစ်ဦး (ယခု ယူ-၂၂အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး) ဆီက ကောင်လေး တစ်ယောက်က ဂျာစီလက်ဆောင် အမှတ်တရ ပေးဖို့ တောင်းဆို ခဲ့ဖူးပါတယ်။ ပထမ တစ်ရက်မှာ ငြင်းပယ် ခံခဲ့ရတဲ့ သူငယ်လေးဟာ နောက်တစ်ရက် မှာလည်း ဇွဲကောင်းကောင်းနဲ့ ထပ်ပြီး တောင်းဆို ပြန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆန္ဒကတော့ မပြည့်ဝ ခဲ့ပါဘူး။ ကျောမှာ နာမည်ရေးထိုး ထားတဲ့ ဂျာစီက အဲဒီတုန်းက ငွေခေတ် ကစားသမား အတွက် တစ်ထည်တည်းသော ဂျာစီ ဖြစ်နေခဲ့ တာကြောင့်ပါ။ ဂျာစီကို လိုချင်ခဲ့တဲ့ အဲဒီ ကောင်လေးဟာ ယခုချိန်မှာတော့ ဘောလုံး အဖွဲ့ချုပ်ရဲ့ မီဒီယာဌာနမှာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပါပြီ။ မြန်မာယူ-၂၂ အသင်းရဲ့ အောင်ပွဲအတွက် အမေ့လျော့ခံ သူရဲကောင်းတွေ ထဲက တစ်ဦး ဖြစ်တဲ့သူလည်း ပျော်ရွှင်နေမှာ ကတော့ အသေအချာ ပါပဲ။
Volunteer သူရဲကောင်းများ
ပြီးခဲ့တဲ့ ပြိုင်ပွဲဟာ အတော်လေး ခြေလက်အင်္ဂါ ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ သုဝဏ္ဏ ကွင်းထဲက ထိုင်ခုံသစ်တွေက အစ မြန်မာအသင်း ၀တ်ဆင် ကစားခဲ့တဲ့ Lotto ဂျာစီအဆုံး အသစ်ပေါင်း များစွာရဲ့ အဖွင့်ပွဲ ဖြစ်ခဲ့ပါတယ်။ အဖွင့်ကတော့ တော်တော်လေး လှခဲ့ ကြပါတယ်။ ကွင်းအတွင်း မျက်နှာဆေးရေး ပန်းချီအဖွဲ့ ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည် တွေကို ပြန်လည် လှူဒါန်းဖို့ အတွက် အလှူငွေ ဆယ်သိန်းကျော် ရရှိခဲ့တဲ့အထိ အောင်မြင် ခဲ့ပါတယ်။ သူတို့တတွေရဲ့ ကြိုးပမ်း အားထုတ်မှုနဲ့ သုဝဏ္ဏ ကွင်းထဲက မြန်မာ ဘောလုံးချစ် ပရိသတ်တွေရဲ့ ဘောလုံးဖက်ရှင်ကို တစ်ခေတ်ဆန်းသစ် စေခဲ့ပါတယ်။ နောက်ပြီး မြန်မာ ကစားသမားတွေ ၀တ်ဆင်တဲ့ Lotto ဂျာစီတွေ ပရိသတ်တွေထံ ရောင်းချပေး နိုင်တာလည်း တွေ့ရပါတယ်။ ဒီဂျာစီတွေကို နေ့စဉ်နေ့တိုင်း အပင်ပန်းခံ၊ စေတနာ အရင်းခံပြီး အားတက်သရော ကြိုးစားရောင်းချ ပေးခဲ့တဲ့ Volunteer တဖြစ်လဲ ဘောလုံးချစ် ပရိသတ်တွေ ကိုလည်း တကယ့်ကို ချီးကျူး ဂုဏ်ပြု မိပါတယ်။
နောက်တစ်ခု ကတော့ ကွင်းအတွင်း သန့်ရှင်းရေး အတွက် အနစ်နာခံပြီး ဆောင်ရွက် ပေးခဲ့ကြတဲ့ လူငယ်လေး တွေပဲ ဖြစ်ပါတယ်။ ဘောလုံး ပွဲစဉ်တွေ ပြီးဆုံးသွားတိုင်း ကွင်းအတွင်း စွန့်ပစ်ခဲ့သမျှ အမှိုက်သရိုက် တွေကို မညည်းမညူ ပင်ပင်ပန်းပန်း လိုက်လံ ကောက်သိမ်းပြီးမှ ညစ်ပတ် ပေရေတဲ့ ပုံစံတွေနဲ့ အိမ်ပြန် ခဲ့ကြရတဲ့ ကိုယ်ကျိုးစွန့်ခဲ့ အနစ်နာခံ ခဲ့သူတွေကိုလည်း ဒီပြိုင်ပွဲရဲ့ သူရဲကောင်းများ စာရင်းမှာ သေချာပေါက် ထည့်သွင်းရေးထိုး ပေးရမှာပါ။ ဒီလိုပါပဲ။ အခုလို သူရဲကောင်းတွေ ထွက်ပေါ်လာအောင် စွမ်းဆောင် ပေးခဲ့သူ၊ Volunteer တွေအဖြစ် ပါဝင်ခွင့်ရဖို့ အခွင့်အလန်း ဖန်တီး ပေးခဲ့သူ တစ်ဦး ရှိပါသေးတယ်။ ပြိုင်ပွဲ မတိုင်ခင် နှစ်လ၊ သုံးလလောက် ကတည်းက Volunteer တွေအဖြစ် ပါဝင် ကူညီပေးကြမယ့် သူတွေနဲ့ ကြိုတင်တွေ့ဆုံ၊ ညှိနှိုင်းဆွေးနွေး၊ အားပေးမှုတွေ လုပ်ခဲ့တဲ့၊ လိုအပ်သမျှ ထောက်ပံ့ ကူညီပေးခဲ့တဲ့ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဈေးကွက် တာဝန်ခံ ကိုဆူးအောင် ကိုလည်း အမေ့လျော့ခံ သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူး ဂုဏ်ပြုလိုပါတယ်။
အမှန်တော့ မြန်မာလူငယ် အသင်းရဲ့ အောင်မြင်မှုနဲ့ အတူ သူရဲကောင်းတွေ များစွာ ထွက်ပေါ် လာခဲ့ပါတယ်။ သန်း(၆၀)သော ပြည်သူတွေကို ပြုံးပျော်စေ ခဲ့ပါတယ်။ ဒီအောင်မြင်မှု အတွက် တစ်ဦး တစ်ယောက်ချင်း စွမ်းဆောင် ခဲ့သူတွေ ရှိသလို အဖွဲ့လိုက် ပါဝင် စွမ်းဆောင် ခဲ့ကြတာလည်း ရှိပါတယ်။ သေချာ တာကတော့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ပြောကြားခဲ့တဲ့ "အားလုံး စည်းလုံးလို့ အောင်မြင်မှု ရတာပါ" ဆိုတဲ့ စကားဟာ သွေးထွက်အောင် မှန်နေတာကို တွေ့ရပါတယ်။ နောက်နောင် ပြိုင်ပွဲတွေမှာ အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြမယ် ဆိုရင်ဖြင့် အောင်မြင်မှုတွေ ထပ်ပြီး ဆွတ်ခူးနိုင်ဦးမှာ သေချာပါတယ်။ ဒီလိုပါပဲ သူရဲကောင်းတွေ ထွက်ပေါ် နေသရွှေ့လည်း အောင်ပွဲတွေ အလီလီ ဆွတ်ခူး နိုင်ဦးမယ် ဆိုတာ...
ယခုဆောင်းပါးမှာ ဇူလိုင်လ (၁၁)ရက်နေ့တွင် ထုတ်ဝေဖြန့်ချိမည့် Soccer Myanmar အားကစားဂျာနယ် အတွဲ (၁)၊ အမှတ်စဉ် (၃၈)မှ ဆောင်းပါးဖြစ်ပါသည်။
|
|
Last Updated on Monday, 09 July 2012 20:08 |