|
Written by ထင်အောင်ရ
|
|
Thursday, 05 July 2012 11:45 |
|
ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲလည်း ပြီးဆုံး သွားခဲ့ပါပြီ။ နိုင်ငံပွဲတွေကို အပြည့်အ၀ အာရုံစိုက်နေတဲ့ ဘောလုံး ပရိသတ်တွေ အနေနဲ့ မကြာခင် ကလပ် ပြိုင်ပွဲတွေ ပြန်စတင် လာတဲ့အခါ အားပေးဖို့ စိတ်ကူးနေမှာ ဖြစ်သလို ကလပ်အသင်း အသီးသီးကလည်း ဘောလုံး ရာသီသစ် အတွက် အပြောင်းအလဲတွေ၊ မူဝါဒသစ်၊ အစီအစဉ်သစ်တွေ စတင် လုပ်ဆောင်နေကြတာ တွေ့မြင်နိုင်ပါလိမ့်မယ်။ အသင်းအသီးသီး အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ပိုပြီးတောက်ကြွား ပီပြင်အောင် အကောင်းဆုံး တွေးတော စဉ်းစားပြီး စီမံကိန်းတွေ ရေးဆွဲနေမှာ သေချာပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေ မျှော်လင့်တကြီး စီစဉ်ခဲ့တဲ့ အပြောင်းအလဲတိုင်း ကောင်းလှတာတော့ မဟုတ်ပါဘူး။ အလွဲအချော်တွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတာတွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း သာမန်လောက် မျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဟာ အရမ်းကြီးကြီးမားမား အောင်မြင် သွားခဲ့တယ် ဆိုတဲ့ သာဓကတွေ အများကြီး လက်တွေ့မြင်နိုင်ပါတယ်။
အရောင် မပြောင်းနဲ့ အောက်စ်ဖို့ဒ် ယူနိုက်တက် အသင်း ပရိသတ်တွေဟာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဒေ၀ါလီ ခံရလုလု ဖြစ်နေတဲ့ အသင်းကို မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ရောဘတ်မက်စ်ဝဲလ်က ၀ယ်ယူလိုက်တဲ့အပေါ် အရမ်းပီတိဖြစ် ပျော်ရွှင်နေခဲ့ကြပါတယ်။ မက်စ်ဝဲလ်ရဲ့ အသင်းအပေါ် ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေကိုလည်း အများကြီး မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ပထမဆုံး စီမံကိန်းတွေနဲ့တင် ပရိသတ်ဟာ မက်စ်ဝဲလ်ကို လက်လန် သွားကြတယ်။ ဥက္ကဋ္ဌရာထူးကို ရယူထားသူ မက်စ်ဝဲလ်ဟာ (၁၉၈၆)ခုနှစ်မှာ အသင်းကို ဒစ်ဒေါ့နေရာနား ပြောင်းရွှေ့ခဲ့ပါတယ်။ အသင်းကိုလည်း သိမ်းစ်ဗယ်လီ ရွိုင်ရယ်လ်လို့ နာမည်ပြောင်းဖို့ စီစဉ်ခဲ့တယ်။ ဒီထိ ပရိသတ်တွေ သည်းခံနေတုန်းပဲ။ အသင်းရဲ့ ဂျာစီအရောင်ကို ပြောင်းဖို့ပါ စီစဉ် လာချိန်မှာတော့ ပြဿနာ ထတက်ပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်စ်ဝဲလ် ရွေးချယ်လိုက်တဲ့ အရောင်က အပြာနဲ့အဖြူဖြစ်ပြီး အောက်စ်ဖို့ဒ်ရဲ့ ခါးသီးလှတဲ့ ပြိုင်ဘက်ကြီး ရက်ဒင်းနဲ့ တူညီနေပါတယ်။ အောက်စ်ဖို့ဒ် ပရိသတ်တွေဟာ မက်စ်ဝဲလ်ရဲ့ အစီအစဉ်ကို အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်။ အောက်စ်ဖို့ဒ် မန်နေဂျာဟောင်း ရွန်အက်ကင်ဆန်ကဆိုရင် "မစ္စတာ မက်စ်ဝဲလ်ဟာ ရက်ဒင်းပရိသတ် (၆၀၀၀)နဲ့ အောက်စ်ဖို့ဒ်ပရိသတ် (၆၀၀၀)ကို တစ်သားတည်းမြင်ပြီး ပရိသတ် (၁၂၀၀၀)လို့ သတ်မှတ်ချင်နေလားတောင် မသိဘူး"လို့ ခပ်ရွဲ့ရွဲ့ ပြောခဲ့ဖူးပါတယ်။
မိုးပြာရောင်တို့ကို ကယ်တင်ခြင်း ဒီတစ်ခါ အသင်းကို အပြောင်းအလဲ ဖြစ်စေသူကတော့ အသင်းရဲ့ ကောင်းရာကောင်းကျိုးကို လမ်းညွှန်ပေးခဲ့တဲ့ ဂျင်မီဟေးလ်ပဲ ဖြစ်ပါတယ်။ ဟေးလ်ဟာ (၁၉၆၁)ခုနှစ်မှာ ကိုဗင်ထရီစီးတီး အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့တယ်။ အဲဒီကာလတွေမှာ မိုးပြာရောင် ဂျာစီဝတ် အသင်းဟာ ရပ်တည်ချက်တွေ ကျဆင်းနေပြီး အသင်းရဲ့ ကွင်းထဲထိ ပရိသတ်တွေ လာအားပေးနှုန်း တစ်စထက်တစ်စ ယုတ်လျော့ ကျဆင်းနေခဲ့တယ်။ ဒီတော့ ဟေးလ်ဟာ အပြောင်းအလဲတစ်ခုခု လုပ်သင့်ပြီလို့ သဘောပေါက်ပြီး ဖျော်ဖြေရေးနဲ့ ဆက်နွယ်တဲ့ စီမံကိန်းတွေကို ဖန်တီးခဲ့ပါတယ်။ ပွဲမစခင် ဖျော်ဖြေရေး အစီအစဉ် အမျိုးမျိုးကို ထည့်သွင်းထားသလို ပရိသတ်တွေ ပွဲလာကြည့်ဖို့ အဆင်ပြေအောင် ရထားစီစဉ်ပေးတာမျိုးတွေ ပြုလုပ်ပေးခဲ့တယ်။ သူ့ရဲ့ ဆွဲဆောင်မှုရေးရာ စီမံကိန်းတွေဟာ အောင်မြင်ခဲ့ပါတယ်။ ကိုဗင်ထရီရဲ့ ကွင်းဝင်ပရိသတ် ပျမ်းမျှအရေအတွက် ပြန်တိုးတက်လာသလို အသင်းဟာလည်း ဦးမော့လာခဲ့တယ်။

မအောင်မြင်ခဲ့တဲ့ ဇီဒိန်းနဲ့ ပါဗွန် (၂၀၀၀)ပြည့်လွန် နှစ်တွေမှာ ရီးယဲလ်မက်ဒရစ် အသင်းဟာ ကမ္ဘာပေါ်က ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကစားသမားတွေကို ရွေးချယ်ဝယ်ယူပြီး ကြယ်စင်စု အသင်းအဖြစ် တန်ခိုးထွားခဲ့တာကို မှတ်မိကြဦးမှာပါ။ အဲဒီတုန်းက ကမ္ဘာ့အကောင်းဆုံးနဲ့ ဥရောပ အကောင်းဆုံးဆု တစ်ခုခု ရဖူးပြီးရင် ရီးယဲလ်ကစားသမား ဖြစ်ကိုဖြစ်သွားပြီလို့ သေချာပေါက် ဟောကိန်းထုတ်နိုင်လောက်အောင် ရီးယဲလ်က ကြယ်ပွင့်တွေကို ၀ယ်ယူ စုဆောင်းခဲ့ပါတယ်။ ဇနီဒင်း ဇီဒန်း၊ ရော်နယ်လ်ဒို ဒီလားမား၊ လူးဝစ်ဖီဂိုတို့လို ထိပ်သီးတွေကို ၀ယ်ယူထားပေမယ့် အသင်းဟာ အသင်းရဲ့ အကယ်ဒမီက ထွက်ပေါ်လာတဲ့ အရည်အသွေးပြည့် လူငယ်လေးတွေကိုလည်း နေရာပေးပါ့မယ်လို့ အသင်းဥက္ကဋ္ဌကြီး ဖလော်ရန်တီနို ပီရက်ဇ်က ကြွေးကြော်ခဲ့တယ်။ လူငယ်နောက်ခံ ကစားသမားလေး ဖရန်ဆက်စကို ပါဗွန်ကို ဥပမာပေးပြီး ကြယ်ပွင့်တွေနဲ့ လူငယ်တွေကို မျှတနေရာပေးမယ့် စီမံကိန်းကို ဇီဒိန်းနဲ့ပါဗွန် စီမံကိန်းလို့ သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီစီမံကိန်းဟာ လေထဲမှာတင် ပျောက်ကွယ်သွားပါတယ်။ ရီးယဲလ်ဟာ ကြယ်ပွင့်တွေကိုသာ မတန်တဆ မှီခိုခဲ့ပြီး ရောလ်ဘရာဗိုတို့၊ ပါဗွန်တို့လို လူငယ်လေးတွေရဲ့ အနာဂတ်ဟာ အဖြူရောင် ကြယ်စင်စု အသင်းကြီးမှာ အပြီးတိုင် ပျောက်ဆုံးသွားကြတယ်။ ပါဗွန်ဆိုရင် (၂၀၁၁)ခုနှစ်က ၀က်စ်ဟမ်းယူနိုက်တက်လို အသင်းမှာ အစမ်းသပ်ခံ လာလေ့ကျင့်တာတောင် အသင်းက စာချုပ်ဖို့ အရည်အသွေး မပြည့်မီဘူးဆိုပြီး ငြင်းပယ်တာ ခံခဲ့ရရှာပါတယ်။ ခုချိန်ထိ သူဟာ ကလပ်အသင်းလက်မဲ့ အနေနဲ့ ရှိနေတုန်းပါပဲ။
ဘီယာသောက်မယ် လာကြ ယေဘုယျအားဖြင့် အားကစားနဲ့ အရက်သေစာ ဆိုတာ ဆန့်ကျင်ဘက် အဓိပ္ပါယ်မျိုးကို ဖော်ဆောင်တယ်လို့ သတ်မှတ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းဒေသ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ၀စ်တန် အယ်လ်ဘေးနီးယန်း အသင်းရဲ့ လုပ်ပုံကတော့ ကမ္ဘာ့ဘောလုံးလောကမှာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့တယ်။ (၂၀၀၁)ခုနှစ်မှာ သူတို့အသင်းဟာ ကိုယ်ပိုင်အိမ်ကွင်းကို ၀င်ချမ်ပါ့ခ်ဆိုတဲ့ နာမည်ကနေ ဘာဂိန်းဘုဇ် (ဈေးပေါပေါ အသောက်အစား)ဆိုပြီး ပြောင်းလဲ မှည့်ခေါ်စေခဲ့တယ်။ နယူးကာဆယ်လ် ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါ့ခ်ကို စပေါ့ဒါရိုက်ကွင်းလို့ နာမည်ပြောင်းတုန်းကလိုပဲ အသင်းပရိသတ်တွေက နာမည်သစ်ကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ ၀စ်တန် ပရိသတ်တွေအတွက် အပြည့်အ၀ ဆန့်ကျင် ကန့်ကွက်ဖို့ ခက်နေတဲ့ အနေအထား တစ်ခုကတော့ ကွင်းနာမည်နဲ့ လိုက်ဖက်အောင် ကွင်းထဲမှာ ဘီယာကို ဈေးပေါပေါနဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
ရက်ဒ်ဘူးလ်ဟုခေါ်သည် (၂၀၀၅)ခုနှစ်မှာ အမေရိကန် ဘောလုံးအသင်း နယူးယော့ခ် မက်ထရိုစတားကို ကမ္ဘာကျော် အားဖြည့်အချိုရည် ကုမ္ပဏီကြီး ရက်ဒ်ဘူးလ်က ၀ယ်ယူ သိမ်းပိုက်လိုက်ပါတယ်။ ပြီးတော့ အသင်းနဲ့ ပတ်သက်ပြီး နာမည်ကအစ အရာရာ အပြောင်းအလဲ ပြုလုပ်မယ်လို့ ကြေညာခဲ့တယ်။ ဒီလိုနဲ့ မေဂျာလိဂ် ပြိုင်ပွဲမှာ နယူးယော့ခ်ရက်ဒ်ဘူးလ်ဆိုတဲ့ အသင်းနာမည်သစ် ပေါ်ပေါက်လာပါတော့တယ်။ ရက်ဒ်ဘူးလ် ကုမ္ပဏီဟာ အသင်းအတွက် လိုအပ်တဲ့ ငွေကြေးအကုန်အကျခံ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးခဲ့သလို သီအာရီအွန်နရီလို အရည်အသွေးမြင့် ကစားသမားတွေကိုလည်း ခေါ်ယူ ဖြည့်ဆည်းပေးခဲ့တာကြောင့် ပရိသတ်တွေက ကျေနပ် နှစ်သက်ခဲ့ကြတယ်။ အသင်းရဲ့ တံဆိပ်မှာပါ အနီရောင်နွားလားနှစ်ကောင် ခေါင်းချင်းဆိုင် ဝှေ့နေပုံကို ထည့်သွင်းခဲ့ပြီး အသင်း ဂျာစီကိုလည်း မူလခရမ်းရောင်ကနေ အဖြူနဲ့ အနီအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
ငါတို့သာ ကာတာလန်သား ကာတာလန် ဒေသမှာတော့ ဘာစီလိုနာလို ကမ္ဘာကျော် အသင်းကြီးရဲ့ အရိပ်အောက်မှာ အက်စ်ပန်ညိုဟာ အရမ်းအဆင့်ကွာတဲ့ အနှိမ်ခံဘ၀မျိုး ရောက်သလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ မြို့ခံပြိုင်ဘက်ပီပီ နှစ်သင်းရင်ဆိုင်ရင်တော့ အမြဲတမ်း ပွဲကောင်း၊ ပွဲကြမ်းတတ်တာ မြင်ရမှာပါ။ အက်စ်ပန်ညိုဟာ ဥရောပ ချန်ပီယံဆုတွေ အကြိမ်ကြိမ် သိမ်းပိုက်ထားတဲ့ ဘာစီလိုနာကို အောင်မြင်မှုချင်း မယှဉ်နိုင်ရင်တောင် သူတို့ပရိသတ်က ကိုယ့်စိတ်ကိုယ် ဖြေတွေးနိုင်ဖို့ ဂုဏ်မငယ်လောက်စရာ မှတ်တမ်းတွေ ရှိနှင့်ပြီးသားပါ။ အက်စ်ပန်ညိုဟာ ကာတာလန်မှာ ပထမဆုံးဖွဲ့စည်းတဲ့ ဘောလုံးအသင်း ဖြစ်ပါတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ စပိန်သားတွေကိုပဲ နေရာပေး အသုံးပြုခဲ့တဲ့ အသင်းအဖြစ်လည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရပ်တည်ခဲ့ပြီး သူတို့ပရိသတ်က ဘာစီလိုနာကို တိုင်းတပါး အလိုတော်ရိလို့ လှောင်ပြောင်ခဲ့ကြ ပါသေးတယ်။ (၁၉၉၅)ခုနှစ်မှာတော့ ကလပ်အသင်းက ရွေးချယ်လိုက်တဲ့ အပြောင်းအလဲ တစ်ခုကို အက်စ်ပန်ညို ပရိသတ်တွေ ၀မ်းသာအားရ ထောက်ခံခဲ့ကြပါတယ်။ အဲဒါကတော့ ကာတာလန် ဒေသရဲ့ အလံကို အသင်းတံဆိပ်မှာ ထည့်သွင်းရေးဆွဲဖို့ အက်စ်ပန်ညိုက ဆုံးဖြတ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ အက်စ်ပန်ညို ပရိသတ်တွေဟာ ကလပ်အသင်း နှစ်ခုရဲ့ တံဆိပ်တွေကို လက်ညှိုးယှဉ်ထိုးပြီး "ငါတို့သာ စစ်မှန်တဲ့ ကာတာလန်သား"လို့ ဘာစီလိုနာ ပရိသတ်တွေကို ခပ်ကြောကြော ပြောဆိုနေကြပါတော့တယ်။
အရင်တံဆိပ်ပဲ ကြိုက်တယ် အက်စ်ပန်ညို အသင်းပရိသတ်တွေက အသင်းတံဆိပ် အပြောင်းအလဲကို ကျေနပ် လက်ခံပေမယ့် နယ်သာလန် ထိပ်သီး အေဂျက်စ် အမ်စတာဒမ် ပရိသတ်တွေကတော့ ပြောင်းပြန်ပါ။ (၁၉၉၀)ပြည့်နှစ်မှာ အေဂျက်စ်အသင်းဟာ သူတို့ရဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို ပြောင်းလဲ ရေးဆွဲလိုက်တယ်။ ဂရိ ဒဏ္ဍာရီလာ စစ်သူရဲကောင်း အေဂျက်စ်ရဲ့ အထိမ်းအမှတ် ပုံကို မျဉ်းကြောင်း(၁၁)ကြောင်းနဲ့ ရေးဆွဲပုံဖော်ပြီး တံဆိပ်သစ်အတွက် ဒီဇိုင်းသတ်မှတ်ခဲ့တယ်။ အဲဒီမျဉ်း (၁၁)ကြောင်းက အသင်းအတွက် ကွင်းထဲမှာ ၀င်ကစားပေးနေတဲ့ ကစားသမား (၁၁)ယောက်ကို ကိုယ်စားပြုတာပါ။ အေဂျက်စ်ရဲ့ ရည်ရွယ်ချက်နဲ့ တံဆိပ်အပေါ် ဖန်တီးတင်ပြပုံ ကောင်းမွန်တယ် ဆိုပေမယ့် ခုချိန်မှာ ပရိသတ် (၁၀)ယောက်ကို မေးရင် (၉)ယောက်က အရင် တံဆိပ်ဟောင်းကိုပဲ ပိုသဘောကျကြောင်း ဖြေဆိုနေကြတာကတော့ ကသိကအောက် ဖြစ်စရာပါပဲ။ မှတ်ချက်။ ။ SM Journal Vol.1 No.37 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
|