|
Written by Admin Team
|
|
Tuesday, 03 July 2012 13:54 |
|
အသင်းနှင့် စာချုပ်သက်တမ်း တိုးလိုက်သည့် ရာဖေးလ် ဒါဆေးလ်ဗားကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကမ္ဘာ့ အကောင်းဆုံး တောင်ပံ ခံစစ်မှူး တစ်ဦး ဖြစ်လာနိုင်သူဟု ချီးကျူးလိုက်သည်။
အသက်(၂၁)နှစ်ရှိ ဘရာဇီးလ် လူငယ် ကစားသမားလေးသည် မန်ယူတွင် နောက်ထပ် (၄)နှစ် ဆက်နေရန် စာချုပ်သစ် လက်မှတ် ရေးထိုးလိုက်သည်။ ၎င်းသည် အမြွှာအစ်ကို ဖေဘီယို ဒါဆေးလ်ဗားနှင့်အတူ (၂၀၀၈)ခုနှစ် ကတည်းက ဘရာဇီးလ်ကလပ် ဖလူမီနိစ်မှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည်။ ရာဖေးလ်သည် ယမန်နှစ်က မန်ယူအသင်း ညာနောက်ခံ နေရာတွင် အပြည့်အ၀ အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့သော်လည်း ဖာဂူဆန်က အလားအလာ ကောင်းမွန်သော ကစားသမားလေးအား စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။
 ဖာဂူဆန်က "ရာဖေးလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တောင်ပံ ခံစစ်သမားတစ်ယောက် ဖြစ်လာစေဖို့ လိုအပ်တဲ့ အခြေခံ ကျွမ်းကျင်မှု အားလုံး ပြည့်စုံသူပါ။ သူက မန်ယူနဲ့ စာချုပ်သစ် လက်မှတ်ထိုးခဲ့တဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်" ဟု အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ ဖာဂူဆန်က "ရာဖေးလ်ဟာ မန်ယူကို စပြီး ပြောင်းလာကတည်းက တဖြည်းဖြည်း တိုးတက်လာတယ်။ သူ့ရဲ့ စွမ်းအားနဲ့ ယုံကြည်ချက်၊ တက်ကြွမှုတွေ အားလုံးကလည်း အရမ်း အားရဖို့ ကောင်းပါတယ်" ဟုလည်း ဆိုသည်။ ရာဖေးလ်ကလည်း မိမိသည် မန်ယူနှင့် စာချုပ်သက်တမ်း တိုးခွင့် ရခြင်းအား ၀မ်းသာကြောင်းနှင့် နောက်ထပ် အောင်မြင်မှု ဆုဖလားများ ရယူသွားလိုကြောင်း ဖွင့်ဟခဲ့သည်။
ရာဖေးလ်၏ အမြွှာအစ်ကို ဖြစ်သော ဖေဘီယို ဒါဆေးလ်ဗားမှာမူ ပထမအသင်း အတွေ့အကြုံများ ရှာဖွေရန် အတွက် QPRသို့ တစ်ရာသီ အငှားပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်သည်။ Ref: Goal
|