|
Written by Admin Team
|
|
Monday, 02 July 2012 20:07 |
|
ဇူလိုင်လ ၃ရက်နေ့ ညနေ ၆း၁၅ အချိန်တွင် သုဝဏ္ဏကွင်း၌ မလေးရှား အသင်းနှင့် အဆုံးအဖြတ် ပွဲအဖြစ် ယှဉ်ပြိုင် ကစားရမည့် မြန်မာလူငယ် အသင်း၏ အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ရှေ့ပွဲစဉ်များ၌ ဆက်တိုက် ရလဒ်များ ကောင်းမွန်နေ သော်လည်း မြင်းကောင်းခွာလိပ် ဖြစ်မသွားရန် အရေးကြီးကြောင်း သတိပေး ပြောကြားခဲ့သည်။
"ဒီပွဲက အရေးကြီးပါတယ်။ သရေအတွက် ကြိုးပမ်းလို့ မဖြစ်ဘူး။ နိုင်အောင် ချရပါမယ်။ အနိုင် ကစားမှ မလေးရှားက ကိုယ့်ကို ဒုက္ခမပေး နိုင်မှာပါ။ မလေးရှား ဆိုတာ အရှေ့တောင် အာရှမှာ အမြဲတမ်း တွေ့ရမယ့် အသင်းပါ။ ကိုယ့်မြေပေါ်မှာ အနိုင်ကစားဖို့ လိုပါတယ်။ အနိုင်ကစား ပြမှလည်း ပရိသတ်က ကျေနပ်မှာပါ။ ပရိသတ်တွေ ပျော်ရွှင်ခွင့် ရဖို့ ကစားသမားတွေ ဆန္ဒရှိနေပါတယ်။ မြင်းကောင်း ခွာလိပ် မဖြစ်ဖို့ လိုပါတယ်။ တောင်ကိုရီးယားနဲ့ ကစားခဲ့တုန်းကလို စိတ်ဓာတ်မျိုးနဲ့ ကစားဖို့ လိုပါတယ်" ဟု ဦးသန်းတိုးအောင်က Soccer Myanmar သို့ ယနေ့ ညနေပိုင်း လေ့ကျင့်ရေး၌ ပြောကြားခဲ့သည်။
မြန်မာအသင်းသည် အစောပိုင်း ပွဲစဉ်များ၌ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်တိုင်ပေ အသင်းများအား ဂိုးပြတ် အနိုင်ရခဲ့ပြီး အာရှ အင်အားကြီး တောင်ကိုရီးယား အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည်။ နောက်ဆုံး ကစားရမည့် မလေးရှား အသင်းနှင့် ပွဲစဉ်တွင် အနည်းဆုံး သရေ ကစားရုံမျှဖြင့် ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါက အရှေ့တောင်အာရှ နိုင်ငံများ အနက်မှ ပထမဆုံး ခြေစစ်ပွဲ အောင်မြင်သည့် အသင်း ဖြစ်လာမည် ဖြစ်ကာ ထိုပွဲစဉ် မတိုင်မီ၌ ကစားသမား များအတွက် မလိုအပ်သည့် ဖိအားများ မ၀င်စေရန်လည်း အရေးပါကြောင်း ဦးသန်းတိုးအောင်က ဆက်လက် ပြောကြားခဲ့သည်။

"ကစားသမားတွေ ဖိအား အလွန်အကျွံ မခံစားရဖို့ အတွက်လည်း သတိထားရပါတယ်။ သူတို့တတွေကို နည်းပြချုပ် တစ်ဦးတည်းကပဲ ပြောတာဆိုတာ လုပ်ပါတယ်။ ဥက္ကဋ္ဌတို့ ဘာတို့ လာရင်တောင် အားပေးစကား ပြောတာမျိုးလောက်ပဲ ပြောကြပါတယ်။ ကျန်တဲ့ ကိစ္စတွေမှာတော့ သက်တောင့်သက်သာနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်အောင်၊ ခြေစွမ်းပြ နိုင်အောင် ဒီတိုင်းပဲ ထားထားတယ်။ တခြားကြီး ဖိအား ပေးမထားပါဘူး။ နိုင်အောင် ကစားဖို့ပဲ ပြောထားတယ်။ မကစားလို့တော့ မဖြစ်ဘူး။ မလေးရှားက အသက်ရှိ နေသေးတော့ ကြိုးစားလိမ့်မယ်။ ဘောလုံးက ကိုယ်မကစားရင် သူ ကစားမှာပဲ။ ဘယ်သူ အရင် စကစားမလဲ။ စကစားတဲ့သူက အသာရ သွားလိမ့်မယ်" ဟု ဆိုခဲ့သည်။
မလေးရှားနှင့် ပွဲစဉ်တွင် မြန်မာအသင်း ဘက်၌ ကွင်းလယ် ကစားသမား ဖြိုးကိုကိုသိန်း ပါဝင်နိုင်မည် မဟုတ်ဘဲ အဓိက တိုက်စစ်မှူး ကျော်ကိုကို၏ ဒဏ်ရာမှာလည်း စောင့်ကြည့် နေရဆဲ ဖြစ်သည်။ ကျော်ကိုကို အနေဖြင့် တရုတ်တိုင်ပေ အသင်းနှင့် ပွဲစဉ်အား ဒဏ်ရာကြောင့် လွဲချော်ခဲ့ရကာ ယနေ့ ညနေပိုင်း လေ့ကျင့်ရေး တွင်လည်း ပုံမှန် လေ့ကျင့်ရေးတွင် ပါဝင်နိုင်ခြင်း မရှိဘဲ အပေါ့စား လေ့ကျင့်ခန်း အချို့ကိုသာ ပြုလုပ်နိုင်ခဲ့သည်။
|