|
Written by မောင်(K.L)
|
|
Monday, 02 July 2012 10:41 |
|
ပြီးခဲ့တဲ့(၂၆)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲမှာ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း တတိယ နေရာ ရရှိခဲ့တယ်။ ဗီယက်နမ် အသင်းကို ဂိုးပြတ် အနိုင်ယူပြီး တတိယ နေရာကို ရရှိခဲ့တာဟာ ဒီဘက်ခေတ် မြန်မာ့ လက်ရွေးစင် အသင်း အတွက် အောင်မြင်မှု တစ်ခုလို့ ယူဆရမှာ ဖြစ်ပေမယ့် အတိုင်းအတာ တစ်ခု အထိသာ ကျေနပ်စေတဲ့ အောင်မြင်မှု သေးသေးလေး တစ်ခုဖြစ်သလို ဘောလုံးပီတိ ပေးစွမ်းနိုင်မှုမှာလည်း သိပ်ပြီး မပီပြင် လှသေးပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ တစ်ချိန်တစ်ခါက အာရှအဆင့်ဘောလုံး တောသုံးတောင်မှာ မင်းမူခဲ့တဲ့ ကေသရာဇာ ခြင်္သေ့ ဖြစ်ခဲ့လို့ပါပဲ။ ခြင်္သေ့ဆိုတာသိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်တာမျိုးပါ။ ကြေးတို့၊ငွေတို့နဲ့ အစားထိုး ဖြေသိမ့်စရာ အကြောင်း မရှိပါဘူး။
ဒါ့ကြောင့် မိမိနဲ့ ထိုက်တန်တဲ့ “ရွှေ” ကို ပြန်လည် ရရှိချင်တဲ့ ဆန္ဒဟာ သက်ဆိုင်ရာ အားကစားသမားများ၊ အားကစား တာဝန်ရှိသူ အသီးသီးတို့ဆီမှာ ရှိနေတဲ့ အပြင် မြန်မာ့ ဘောလုံး အားကစား ပရိတ်သတ်တွေဆီမှာလည်း သူတို့အောက် မလျော့တဲ့ ဆန္ဒ ပြင်းပြမှုမျိုး ရှိနေပါတယ်။ ဒီလိုပြင်းပြ ထက်သန်လှတဲ့ ဆန္ဒကို ရင်မှာပိုက်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းတွေရဲ့ ဘယ်လို ပြိုင်ပွဲမျိုးကို မဆို မြန်မာ ပရိတ်သတ်တွေဟာ တခဲနက် လှိုက်လှိုက်လှဲလှဲ အားပေးဖို့ ဘယ်သောအခါမှ မပျက်ကွက် ခဲ့ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ သူတို့နိုင်ငံ လက်ရွေးစင် အသင်းနဲ့ ပတ်သက်ပြီး ပီတိဆိုတာမျိုး မဖြစ်ခဲ့ရတာ ကြာပြီလို့ ဆိုချင်ပါတယ်။ မိမိနိုင်ငံ အသင်းရဲ့ စွမ်းဆောင်မှုကြောင့် ၀မ်းမြောက်ဝမ်းသာ၊ နှစ်သက်မှု လှိုင်းလေးတွေ ပရိတ် သတ်တွေရဲ့ စိတ်နှလုံးကို မရိုက် ခတ်နိုင်တာ ကြာပါပြီ။

အခုကျင်းပ ပြုလုပ်နေတဲ့ အာရှ ဘောလုံး အဖွဲ့ချုပ် အသက် ၂၂-နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်အ ဖြစ်ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့လူငယ် လက်ရွေးစင် ဘောလုံး အသင်းက ပရိတ်သတ ရင်ထဲမှာကာလ အတန်ကြာပျောက် ကွယ်နေတဲ့ ဘောလုံး ပီတီလှိုင်းတွေ ဖန်တီး ရိုက်ခတ်စေခဲ့ပါတယ်။ အခုဆိုရင် အသက်-၂၂ နှစ်အောက် မြန်မာ့လူငယ် လက်ရွေးစင် ဘောလုံး အသင်းဟာ ငါးပွဲ ယှဉ်ပြိုင်ရမယ့် အနက် သုံးပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီးဖြစ်ပါတယ်။ ပွဲဦးထွက် ဖိလစ်ပိုင်နဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် မြန်မာ့ ဘောလုံး ပရိတ်သတ်တွေဟာ ပွဲဦးထွက် ပီတိကို ခံစား သုံးဆောင် ခဲ့ရပါတယ်။
အဆုံးသတ် ဂိုးသွင်းမှုအပိုင်းမှာ အားနည်းချက် အနည်းငယ် ရှိပေမယ့် မြန်မာ အားကစားသမားလေးတွေရဲ့ အပေး အယူလုပ်ပုံ၊ ပြေးလမ်းကြောင်းထဲ ဘောလုံး ခင်းပေးပုံ၊ တစ်ဖက် အသင်းရဲ့ဂိုး ဧရိယာထဲမှာ ထိုးဖောက်ပုံ၊ တောင်ပံတွေကနေ ထိုးဖောက်ပုံတွေဟာ ယခင့်ယခင် အသင်းများနဲ့ မတူတော့ဘူးလို့ ယူဆမိပါတယ်။ ဘောလုံး ဆုံးသွားရင် ပြန်လိုက်တာ၊ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာတဲ့ အချိန် နေရာလွတ် မရှိအောင် ပိတ်ဆို့ထားနိုင်တာတွေဟာ ရာနှုန်း အတော်များများ အပြစ် ဆိုစရာ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ပွဲဦးထွက် ပြိုင်ဘက် ဖိလစ်ပိုင် အသင်းရဲ့ ခြေစွမ်းဟာ အတော်လေး အားနည်းခဲ့တဲ့ အတွက် အကယ်၍များ ဖိလစ်ပိုင် အသင်းထက် ပိုပြီးကောင်းတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရရင် အထက်မှာတင် ပြခဲ့တဲ့ မြန်မာ့ အားကစားသမားလေးတွေရဲ့ စွမ်းဆောင်မှု အပေါ် ဘယ်လို ရိုက်ခတ်မှု ရှိနိုင်မလဲဆိုတဲ့ အတွေးမျိုး တွေးမိတယ်။ ဒါ့ကြောင့် ဒုတိယ ပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ ပွဲကို ပွဲဦးထွက် ပီတိ ခံစားချက်ထဲမှာ စိုးရိမ်စိတ်လေး အနည်းငယ် စွက်ပြီး ဆက်လက် အားပေးခဲ့ကြပြန်တယ်။
ပွဲဦးထွက်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဖိလစ်ပိုင် အသင်းထက် ပိုကောင်းလေ့ ရှိတဲ့အပြင် ပထမဆုံး ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး နောက် တစ်ပွဲရှူံးလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ပွဲထွက်လာတဲ့ ဗီယက်နမ် အသင်းကို ရင်ဆိုင်ရတာဟာ မြန်မာအသင်း အတွက် ပိုပြီး ခက်ခဲ ခဲ့ပေမယ့် မြန်မာ အသင်းဟာ ပုံမှန် ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တစ်ဂိုး ပေးလိုက်ရပြီးမှ သုံးဂိုး ပြန်သွင်း အနိုင်ယူခဲ့တဲ့ အတွက် ယခင်တုံးက ဗီယက်နမ် အသင်းကြောင့် စိတ်ပျက် ညိုးနွမ်းခဲ့ရတဲ့ နှလုံးသားတွေဟာ တက်ကြွ လန်းဆန်း လာပါတယ်။ ပွဲဦးထွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပီတီအပေါ် နောက်ထပ် ပီတိလှိုင်းတွေ ထပ်ဆင့် ရိုက်ခတ်ခဲ့ပြီး ပီတိပေါ် ပီတိ တွေဆင့်ခဲ့တယ်။
တောင်ကိုရီးယား ဘောလုံး အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်ကို အတိုင်းအတာတစ်ခု အထိ ရောက်ရှိနေတဲ့ နိုင်ငံဖြစ်တဲ့ အတွက် အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ဘောလုံးအဖွဲ့ချုပ် အသက်နှစ်ဆယ့်နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲမှာ အားအကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ထားပြီး ကိုရီးယား အသင်းနဲ့ ရင်ဆိုင်တဲ့အခါ မြန်မာလူငယ် အသင်း ဘယ်လို ယှဉ်ပြိုင် ကစားမလဲ၊ တစ်ဖက်သပ် ဖိကစားတာကို ခံရမလား၊ ဂိုးပြတ်တွေနဲ့ ရှူံးမလား၊ ရှူံးရင်ရှူံးပါစေ ဂိုးမပြတ်ရင် တော်ပြီ၊ ခြေမပြတ်ရင် တော်ပြီ၊ သရေကစား နိုင်ရင် မဆိုးဘူး စတဲ့စတဲ့ အတွေးတွေနဲ့ ပွဲစဉ် ငါးပွဲထဲမှာ မြန်မာလူငယ် အသင်း အတွက် အခက်ခဲဆုံး ပြိုင်ပွဲကို ဆက်လက် အားပေးခဲ့ကြတယ်။
တကယ်တမ်း ယှဉ်ပြိုင်ကစားတဲ့ အခါ အားလုံး မျှော်လင့်ထားတ အတိုင်းပဲ တောင်ကိုရီးယား လူငယ်အသင်းဟာ မြန်မာအသင်းအပေါ် အသားစီနဲ့ ကစား သွားခဲ့ပါတယ်။ ဒါပေမယ့် သေချာတာကတော့ တစ်ဖက်သပ် အသာစီး၊ ခြေပြတ် အသာစီးနဲ့ မဟုတ်ဘူး။ တောင်ကိုရီးယား လူငယ်အသင်းရဲ့အားထုတ်မှုဟာ ရာနှုန်းပြည့်ဟုတ်/မဟုတ် အငြင်း မပွားလိုပေမယ့် မြန်မာ လူငယ်အသင်းရဲ့တုံ့ပြန်လာတဲ့ စွမ်းဆောင်မှုက တောင်ကိုရီးယား အသင်း ကစားသမားတွေကို အခက်တွေ့စေတယ်။ လုပ် ချင်တိုင်း လုပ်ခွင့် မပေးဘူး။ ခြိမ်းခြောက် ဖိအားပေးနိုင်ခဲ့တယ်။
တောင်ကိုရီးယား အသင်းတိုက်စစ်ဆင်မှုမှာ နေရာလွတ်တွေ များများ မရှိအောင် မြန်မာလူငယ်တွေ ပိတ်ဆို့ထားနိုင် တယ်။ မြန်မာအသင်းရဲ့ကွင်းလယ်ကစားသမားတွေဟာ တောင်ကိုရီးယား လူငယ်တွေ ခြေထဲ ဘောလုံးရောက်နေတဲ့ အခါ လိုက်လံဖိအား ပေးဟန့်တားနိုင်ခဲ့တာတွေ့ရတယ်။ ဒါ့ကြောင့် တောင်ကိုရီးယား ကစားသမားတွေဟာ မြန်မာ နောက်တန်းကို (သူတို့အဆင့်အတန်းနဲ့လျော်ညီတဲ့)ထိုးဖောက်မှုမျိုးတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ကျေနပ်စရာ အကောင်းဆုံးကတော့ ဘောလုံး အဆင့်အတန်းချင်း ကွာပေမယ့် မြန်မာလူငယ် အသင်းဟာ ဘာမှ ပြန်မလုပ်နိုင်တဲ့အဖြစ်မျိုးနဲ့ ခေါင်းငုံ့ခံ၊ စုပြုံ ပိတ်ဆိုတာမျိုး မလုပ်ဘဲ အကွက်ကျကျ ခုခံကစားရင်း တိုက်စစ်ဆင်ဖို့ အခွင့်အရေးတွေ ဖန်တီးပြီး တန်ပြန် တိုက်စစ်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒီတိုက်စစ်ဆင်မှုတွေဟာလည်း ထိရောက်ပြီး တောင်ကိုရီးယားလို အသင်းမျိုးကို ဖိအားပေး ခြိမ်းခြောက်ထား နိုင်တယ်။ မြန်မာ ကစားသမားတွေဟာ ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင် အတွေ့မှာ ယုံကြည်မှု ရှိရှိ၊ ကျွမ်းကျင်မှု ရှိရှိနဲ့ ကျော်ဖြတ်နိုင်တာတွေကိုလည်းတွေ့ရတယ်။ မြန်မာလူငယ် အသင်းရဲ့ အခုမြင်တွေ့နေရတဲ့ စွမ်းဆောင်ရည် အတွက် ကိုရီးယား လူမျိုး အသင်း နည်းပြကြီးကိုလည်း အထူးတလည် အသိအမှတ်ပြု ချီးကျူးရမှာ ဖြစ်ပါတယ်။
ဆိုရရင် အသက်-၂၂နှစ်အောက် မြန်မာ့ လက်ရွေးစင်အသင်းဟာ ဘောလုံးပွဲ တစ်ပွဲကို “ရသ”မြောက်အောင် ကစားသွားနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ ဒီ“ရသ”တွေကြောင့်လည်း မြန်မာလူငယ် အသင်း ယှဉ်ပြိုင်ပြီးတဲ့ ပြိုင်ပွဲသုံးပွဲက နေပြီး မြန်မာ့ ဘောလုံး ပရိတ်သတ်တွေ ရင်ထဲ ပီတိလှိုင်းတွေ ဆင့်ကာဆင့်ကာ ရိုက်ခတ် စေနိုင်ခဲ့ပါတယ်လို့ တင်ပြလိုက်ရပါတယ်။ လက် ကျန်ပွဲ နှစ်ပွဲကိုလည်း ခြေစွမ်းပြ အနိုင် ယူရင်း မြန်မာလူငယ် လက်ရွေးစင် အသင်းကို ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် နေပူ မရှောင် မိုးရွာ မရှောင် အားပေးနေတဲ့ မြန်မာ့ဘောလုံး ပရိတ်သတ်များ ရင်ထဲမှာ သာမန် ပီတိသာမက လေထဲ ပျံချင်မတတ် ဖြစ်ရတဲ့ ပီတိမျိုးကိုလည်း ဆက်လက် ဆောင်ကျဉ်းပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း ၂၂နှစ်အောက် မြန်မာလူငယ် အသင်းအား အလေး ပြုလိုက်ရပါတယ်။
ရေးသားသူ - မောင်(K.L) Email Address –
This e-mail address is being protected from spambots. You need JavaScript enabled to view it
Fans Talks ဆောင်းပါး ကဏ္ဍသည် ပရိသတ်များမှ ပေးပို့လာသည့် ဆောင်းပါးများအား ပြန်လည် ဖော်ပြ ပေးထားခြင်း ဖြစ်ပြီး Soccer Myanmar ၏ အာဘော် မဟုတ်ပါကြောင်း အသိပေး အပ်ပါသည်။
|