|
Written by Admin Team
|
|
Friday, 29 June 2012 13:59 |
|
တောင်ကိုရီးယား - မြန်မာ ပွဲစဉ်တွင် လက်မှတ် ၀ယ်ယူ ထားပါလျက် ၀င်ရောက် ကြည့်ရှုခွင့် မရခဲ့သည့် ပရိတ်သတ် များအား လက်ကျန် ပွဲစဉ် လက်မှတ်များဖြင့် ပြန်လည် အစားထိုး လဲလှယ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဘောလုံး အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်မှု အရ တောင်ကိုရီးယား - မြန်မာ ပွဲစဉ် လက်မှတ်အား မူရင်းအတိုင်း ပြသနိုင်သူ များအား မြန်မာ - တရုတ်တိုင်ပေ ပွဲစဉ် လက်မှတ် (သို့) မြန်မာ - မလေးရှား ပွဲစဉ် လက်မှတ်များဖြင့် အစားထိုး လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လဲလှယ်ရန် နေရာ အဖြစ်မူ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရုံး တည်ရှိရာသို့ ဇွန်လ ၂၉ရက်နေ့ မွန်းလွဲ ၁၂း၀၀ နာရီမှ စတင်ကာ ရုံးချိန်အတွင်း လာရောက် လှဲလှယ် နိုင်ကြောင်း သိရသည်။ ထို့အတူ ပွဲကစားမည့် နေ့များတွင် မွန်းလွဲ ၁၂း၀၀ မတိုင်မီတွင် လဲလှယ် နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ဇွန်လ ၂၈ရက်နေ့ ပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ်များ များပြားခြင်းကြောင့် ၀င်ခွင့် ဂိတ်ပေါက်များ အားလုံးအား ပိတ်ထား ခဲ့ရသည်။ ထို့အတူ ရိုးရိုးတန်း ပွဲကြည့်စင် ဘက်တွင်လည်း ဆောက်လုပ်ဆဲ ပွဲကြည့်စင်များ ပေါ်သို့ ပရိသတ်များ တက်ရောက်ခြင်းကြောင့် ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံမှ ပွဲအား ဆက်ကစားခွင့် မပေးရန် ဖိအားပေးခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံကို မနည်း တောင်းပန် ယူခဲ့ရပါတယ်။ ကွင်းထဲကို ပရိသတ်တွေ ထပ်ဝင်လာခဲ့ရင် အိုမန်နဲ့ ပွဲတုန်းကလို ပြဿနာတွေ ထပ်ဖြစ်လာပြီး တိုင်းပြည်လည်း သိက္ခာ ကျမှာဖြစ်တဲ့ အတွက်ကြောင့် ဂိတ်တွေ ပိတ်ထားခဲ့ရ တာပါ" ဟု ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့အတူ ကွင်းတွင်း ကွင်းပြင် နည်းအမျိုးမျိုးဖြင့် မြန်မာအသင်းအား အားပေးခဲ့သည့် ပရိသတ်များ အားလုံးကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း၊ ၀င်ခွင့် မရခဲ့၍ ကြည့်ရှုခွင့် မရခဲ့သည့် ပုဂ္ဂိုလ်များ အားလုံးကိုလည်း အထူး လေးနက်စွာ တောင်းပန်ပါကြောင်း ဖော်ပြထားသည်။
|