|
Written by Admin Team
|
|
Friday, 29 June 2012 10:17 |
|
နယ်သာလန် အသင်းမှ နည်းပြ ဘာ့တ်ဗန်မားဝစ်ဂ်ျ နုတ်ထွက်သွားခြင်း အတွက် ၀မ်းနည်း ကြေကွဲမိကြောင်း ကွင်းလယ်လူ ကီဗင် စထရွတ်မန်းက ဖွင့်ဟခဲ့သည်။
အသက်(၆၀) ရှိပြီဖြစ်သော ဗန်မားဝစ်ဂ်ျသည် ဥရောပ ဖလားတွင် နယ်သာလန် အသင်း အုပ်စုအဆင့်၌ (၃)ပွဲလုံး ရုပ်ပျက်ဆင်းပျက် အရေးနိမ့် ထွက်ခွာ ခဲ့ပြီးနောက် အသင်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဗန်မားဝစ်ဂ်ျသည် လွန်ခဲ့သော (၂)နှစ်က နယ်သာလန် အသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်ပြခဲ့သူ ဖြစ်သည်။ PSV အင်ဒိုဗန် ကွင်းလယ်လူ စထရွတ်မန်းက ယခုလို နည်းလမ်းမျိုးဖြင့် ဗန်မားဝစ်ဂ်ျ အသင်းအား ကျောခိုင်းသွားခြင်း အတွက် ၀မ်းနည်း ကြေကွဲနေမိကြောင်း ဖွင့်ဟသွားသည်။
 ဗန်မားဝစ်ဂ်ျသည် နယ်သာလန်အသင်း၏ အ၀တ်လဲခန်းတွင်း ညီညွတ်မှုကို မထိန်းသိမ်းနိုင်ခဲ့ဟု သတင်းများက ဖော်ပြနေပြီး စထရွတ်မန်းက မိမိကို လက်ရွေးစင် အသင်းအတွက် နေရာပေးခဲ့သည့် နည်းပြကို ကျေးဇူးတင်နေမည်ဟု Twitterတွင် ရေးသားခဲ့သည်။ "သူ့လို နည်းပြကောင်း တစ်ယောက် ခုလို နုတ်ထွက်သွားရတာ တကယ် နှမြောဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဗန်မားဝစ်ဂ်ျ လက်အောက်မှ ကစားခဲ့ရတဲ့ အချိန်တွေကို အမြဲ သတိ ရနေမှာပါ။ ကျွန်တော့်အတွက် လက်ရွေးစင် ပွဲဦးထွက်ခွင့် ပေးခဲ့တဲ့ သူ့ကိုလည်း ကျေးဇူး တင်မိပါတယ်" ဟု စထရွတ်မန်းက ပြောဆိုသွားသည်။
လက်ရှိတွင် နယ်သာလန် အသင်း၏ ထိုင်ခုံပူ နေရာကို ဆက်ခံမည့်သူ အဖြစ် ဖိုင်ယန်နော့ဒ် နည်းပြ ရော်နယ်လ်ကိုးမင်းက ရေပန်း အစားဆုံး ဖြစ်နေကြောင်း သိရှိရသည်။ Ref: Goal
|