Wednesday, 22 May 2013
Home Myanmar Others အခြား သတင်းများ ယူရိုပြိုင်ပွဲထဲက မမေ့နိုင်စရာ ဖြစ်ရပ်များ-၂

ယူရိုပြိုင်ပွဲထဲက မမေ့နိုင်စရာ ဖြစ်ရပ်များ-၂ PDF Print E-mail
Written by ထင်အောင်ရ   
Thursday, 28 June 2012 11:49
Share |

ပြီးခဲ့တဲ့ တစ်ပတ်က ဥရောပ ဖလား ပြိုင်ပွဲတွေရဲ့ သမိုင်းတစ်လျှောက် စိတ်ဝင်စားစရာ၊ အမှတ်ရစရာ ကိစ္စလေး တချို့ကို ပြန်ပြောင်း အမှတ်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။ ခုတစ်ပတ်မှာလည်း အဲဒီလို ဖြစ်ရပ်လေးတွေကို စုစည်းပြီး ဇာတ်သိမ်းပိုင်း အနေနဲ့ မျှဝေပေးချင်ပါတယ်။


ဥရောပ ဖလားရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲ
ဥရောပ ဖလားမှာ ခြေညီတဲ့ ပြိုင်ဘက်အသင်းကောင်းတွေ တွေ့ဆုံပြီး အပြိုင်အဆိုင် အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ကြတာကြောင့် ပွဲကြီးပွဲကောင်း မြောက်မြားစွာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ (၂၀၀၀)ပြည့်နှစ်၊ ပြိုင်ပွဲတုန်းက အုပ်စု(C)မှာ စပိန်နဲ့ ယူဂိုဆလားဗီးယားတို့ ရင်ဆိုင်တဲ့ ပွဲကတော့ အံ့ဩစရာ ကောင်းလောက်အောင် အပြန်အလှန် ရှိခဲ့ပြီး စပိန်က အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲကြီးတွေမှာ စပိန်အသင်းဟာ စိတ်ဓာတ်ပိုင်း အားနည်းမှုတွေကြောင့် အောင်မြင်မှုနဲ့ အလှမ်း ဝေးရပါတယ်လို့ ဝေဖန် ခံနေရတဲ့ ကာလမျိုးမှာ စပိန်ဟာ (၃)ကြိမ်တိုင်တိုင် ဦးဆောင် ခံရပြီးမှ ပြိုင်ဘက်ကို (၄-၃)နဲ့ အနိုင် ရခဲ့တာပါ။ ပွဲက နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားလို့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပြီး စပိန်ဟာ (၁-၀)နဲ့တစ်ကြိမ်၊ (၂-၁)နဲ့တစ်ကြိမ်၊ (၃-၂)နဲ့တစ်ကြိမ် ဦးဆောင် ခံခဲ့ရတယ်။ ပွဲချိန်မိနစ်(၉၀)ထိ စပိန် အရေးနိမ့်နေလို့ ပရိသတ် တချို့တောင် ကွင်းထဲက ထပြန်နေတုန်း (၉၄)မိနစ်မှာ ဂိုင်ဇကာ မင်ဒီယေတာက ပင်နယ်တီနဲ့ ချေပဂိုး သွင်းပြီး (၃-၃)ဖြစ်ခဲ့တယ်။ (၉၆)မိနစ်မှာတော့ အယ်လ်ဖွန်ဆို ပီယာ့ဇ်ရဲ့ မြေမကျ ကန်ချက်နဲ့ စပိန်အသင်း အနိုင်ရပြီး အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းလုံး ကွာတား ဖိုင်နယ်မှာပဲ အရေးနိမ့်ပြီး အိမ်ပြန် ခဲ့ရသလို ယူဂိုဆလားဗီးယားတော့ ပူးတွဲအိမ်ရှင် နယ်သာလန်နဲ့ အတွေ့မှာ (၆-၁)နဲ့ မရှုမလှ ရှုံးနိမ့် သွားခဲ့ပါတော့တယ်။



အမုန်းခံ သူရဲကောင်း ယာရှင်

လက်ဗ်ယာရှင် ဆိုတာ ကမ္ဘာ့ဘောလုံး လောကမှာ ဂန္ထ၀င်မြောက် အထူးချွန်ဆုံး ဂိုးသမားကြီး တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။ (၁၉၆၀)ပြည့်နှစ်က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပဖလား ပြိုင်ပွဲမှာ ယာရှင်ဟာ ဆိုဗီယက် ယူနီယံကို ဗိုလ်စွဲဖို့ အဓိက ဦးဆောင်ပြီး နိုင်ငံရဲ့ သူရဲကောင်း ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်ကတော့ စစ်အေး ကာလ အင်အားကြီး နိုင်ငံကို ကိုယ်စားပြုတဲ့ လက်ရွေးစင် အသင်းမှာ ယာရှင်ဟာ လူမုန်းခံရသူ တစ်ယောက်ပါ။ သူဟာ ခံစစ်ကြောင်းက ကစားသမားတွေကို ဆူပူကြိမ်းမောင်း လမ်းညွှန် အော်ဟစ်လေ့ ရှိတာကြောင့် အသင်းက ကစားသမားတွေက မနှစ်မြို့ကြတာ မဆန်းပါဘူး။ ယူဂိုဆလားဗီးယားနဲ့ ကစားတဲ့ ဗိုလ်လုပွဲမှာလည်း ယာရှင်ဟာ ထုံးစံအတိုင်း သူ့ရဲ့ အသင်းဖော်တွေကို ဆူဆူပူပူနဲ့ အော်ဟစ်ညွှန်ကြားရင်း အသင်းအတွက် ဗိုလ်စွဲအောင် ကြိုးစားပေးခဲ့ပါတယ်။ ဒီလိုနဲ့ (၂-၁) အနိုင်ရလဒ်နဲ့ ပွဲပြီးသွားပြီး ယာရှင်ရဲ့ နားဝင် ဆိုးလောက်စရာ စကားလုံးတွေဟာလည်း ဆိုဗီယက် အသင်းသားတွေအတွက် ဗေလုဝ နတ်စောင်းသံလို ချိုမြိန်တဲ့ ရသမျိုး ပြောင်းလဲသွားပါတော့တယ်။

အထုတ် ခံရလည်း အရှက်မကွဲတဲ့ နည်းပြ
ဒိုင်လူကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ကြိမ်းမောင်းလို့ ကွင်းပြင်ကို မောင်းထုတ်ခံရတယ် ဆိုတာဟာ ရှက်စရာ ကိစ္စတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ (၂၀၀၈)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲမှာ အထုတ်ပယ် ခံရတဲ့ ဂျာမန်နည်းပြ ဂျိုအာချင် လိုဝီအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ အဲဒီတုန်းက လိုဝီကို ဒိုင်လူကြီး မန်နျူရယ်လ် မာတီနက်ဇ်က သူ့ကို မချေမငံ စောဒက တက်မှုနဲ့ ကွင်းထဲကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ လိုဝီအတွက် ဒါက ရှက်စရာ မဟုတ်ခဲ့ပါဘူး။ ဂျာမန် ၀န်ကြီးချုပ် အန်ဂျလာ မာကယ်လ်က အမျိုးသား လက်ရွေးစင် အသင်းရဲ့ နည်းပြကို သူ့ရဲ့ အထူးတန်း ပွဲကြည့်ခွင့်ရ နေရာကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနောက် အမျိုးသမီး နိုင်ငံခေါင်းဆောင်နဲ့ လိုဝီဟာ မိနစ် အနည်းငယ်လောက် စကားလက်ဆုံ ကျနေပြီး ပွဲကိုတောင် တူတူ ကြည့်ခဲ့ပါသေးတယ်။ များသောအားဖြင့် နည်းပြတွေ ထုတ်ပယ် ခံရရင် မျက်နှာနီနီကြီးနဲ့ ရှက်သွေးဖြာ နေရပေမယ့် လိုဝီအတွက်တော့ နိုင်ငံ ခေါင်းဆောင်နဲ့ အတူ ယှဉ်တွဲပြီး ဘောလုံးပွဲ ကြည့်ရလို့ ဂုဏ်တောင် တက်ခဲ့သေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံ သူရဲကောင်း ဘီယာဂျိုး
(၁၉၇၆)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲမှာ ချက်ကိုဆလိုဗက်ကီးယား အသင်းဟာ သမိုင်းဝင် အောင်မြင်မှုအဖြစ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ အနောက်ဂျာမနီ အသင်းကို ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာပါ။ အဆုံးအဖြတ် နောက်ဆုံးပင်နယ်တီကို ကွင်းလယ်တိုက်စစ်မှူး အန်တိုနင် ပါနန်ကာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ အဲဒီတုန်းက ပါနန်ကာဟာ အစားအသောက် အနေအထိုင် မဆင်ခြင်လို့ နည်းပြဖြစ်သူက သူ့ကို လက်ရွေးစင် အသင်းမှာ ရွေးသင့်၊ မရွေးသင့် တော်တော်လေး ခေါင်းစားခဲ့ပါသေးတယ်။ ပါနန်ကာဟာ ဘီယာဂျိုး တစ်ယောက်ဖြစ်ပြီး ချောကလက်တွေကိုလည်း သူ့အကြိုက်ဆုံး အစားအစာ အဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသောက် ခဲ့တာကြောင့် ကိုယ်အလေးချိန် တော်တော်များနေခဲ့ပါတယ်။ ဒါပေမဲ့ သူက ဗိုလ်လုပွဲ အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်းပြီး နိုင်ငံ သူရဲကောင်း ဘ၀ကို ခံယူနိုင်ခဲ့တယ်။ အဲဒီတုန်းက ပါနန်ကာက ဂိုးသမားတွေဟာ ဒိုင်ဗင်ပစ်ဖို့ အားသန် လွန်းနေတာကြောင့် ဂိုးသွင်းဖို့ သိပ်လွယ်တယ်လို့ ဝေဖန်ခဲ့ဖူးပါသေးတယ်။ သူက "တစ်ချက်လောက် ခြေယောင်ပြလိုက်ရုံနဲ့ ဂိုးသွင်းဖို့ အရမ်းလွယ်သွားပြီဗျ။ ဂိုးသမားတွေက ဘောလုံးလမ်းကြောင်းကို မှန်းဆပြီး တစ်ဖက်ဖက်ကို ဒိုင်ဗင်ပစ်ပြီးသားပဲ။ ကိုယ်က ဂိုးပေါက် အလယ်ထဲ ကန်ထည့်လိုက်ရင်တောင် ရနေပြီ"လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဂန္ထ၀င်ဆန်ခဲ့တဲ့ ချက်အသင်းရဲ့ နိုင်ပွဲ
ပေါ်တူဂီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဥရောပ ဖလား အုပ်စု အဆင့်မှာ နယ်သာလန်နဲ့ ချက်တို့ အတူတကွ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီပွဲဟာ ချက်အသင်းရဲ့ ဥရောပ ဖလား သမိုင်းကြောင်းမှာ ဂုဏ်ယူစရာ အကောင်းဆုံး ဖြတ်သန်းမှု တစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရတယ်။ နယ်သာလန် အသင်းဟာ ချက်ဘက်ကို (၂)ဂိုးအသာနဲ့ ဦးဆောင် နေတာကြောင့် ဒီလို ရလဒ်နဲ့ ပွဲပြီးပြီလို့ပဲ ပရိသတ်တွေက ယူဆနေကြတယ်။ ဒါပေမဲ့ အံ့ဩစရာ ကောင်းလောက်အောင် ချက်အသင်းက တုံ့ပြန်ခဲ့ပြီး ပွဲအပြီးမှာ (၃-၂)နဲ့ အနိုင် ရခဲ့ပါတယ်။ နိုင်ငံတကာ ဘောလုံးသုတေသီတွေက ချက်ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းကို အထူးတလည် ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ ချက်အတွက် ဂိုးတွေကို ယန်ခိုလာ၊ မီလန်ဘာရို့စ်နဲ့ ဗလာဒီမာ စမိုက်ဆာတို့က သွင်းယူခဲ့တာပါ။ ချက်ရော၊ နယ်သာလန်ပါ အကြို ဗိုလ်လုပွဲမှာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် ချက်အသင်း ပရိသတ်တွေကတော့ အဲဒီနိုင်ပွဲ အကြောင်း အမြဲတမ်း တသသ ပြောပြီး ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။

နောက်ဖေးပေါက်က တက်လာပြီး အသင်းကြီးတွေကို ထိပ်ပုတ်ခဲ့တဲ့ အသင်း
(၁၉၉၂)ခုနှစ်၊ ဥရောပ ချန်ပီယံ ဒိန်းမတ်အသင်း အကြောင်း ဘောလုံး ပရိသတ် တော်တော်များများ ကြားဖူးပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ်။ သူတို့အသင်းဟာ ပြိုင်ပွဲကို နောက်ဖေးပေါက်က ၀င်လာပြီး နာမည်ကြီး အသင်းတွေ အားလုံးကို ထိပ်ပုတ်ခေါင်းပုတ် လုပ်ပြီးမှ ဆုဖလားနဲ့အ တူ အိမ်ရှေ့ကနေ ခေါင်းမော့ရင်ကော့ပြီး ပြည်တော်ပြန်ခဲ့ပါတယ်။ တကယ်တော့ ဒိန်းမတ်အသင်းဟာ ခြေစစ်ပွဲ မအောင်ဘဲ ပြိုင်ပွဲကြီး တရားဝင် စတင်ဖို့ (၁၁)နာရီ အလိုအထိ သူတို့ အသင်းဟာ ပြိုင်ပွဲဝင် အသင်း စာရင်းမှာ မပါခဲ့ပါဘူး။ UEFA က စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ယူဂိုဆလားဗီးယား အသင်းအစား ခြေစစ်ပွဲ အုပ်စု ဒုတိယ နေရာက ဒိန်းမတ်ကို အိမ်ဖြည့်သဘော ၀င်ရောက် ယှဉ်ပြိုင်စေတဲ့လို့သာ ပြိုင်ပွဲမှာ မမျှော်လင့်ဘဲ ပါဝင်ခွင့် ရလာတာ ဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ပြင်သစ်နဲ့ အင်္ဂလန်ကို အုပ်စုအဆင့်ကနေ အိမ်ပြန်စေခဲ့ပြီး အကြိုဗိုလ်လုပွဲမှာ နာမည်ကြီး နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကျော်ဖြတ် အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ နာမည်ကျော် နယ်သာလန် တိုက်စစ်ကြယ်ပွင့် မာကိုဗန် ဘာစတန်ရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ပီတာရှမိုက်ကယ်ဟာ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဒိန်းမတ်ဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဂျာမနီကိုပါ (၂-၀)နဲ့ အနိုင်ယူပြီး အသင်းရဲ့ သမိုင်းဝင် အောင်ပွဲကို ဖန်တီး နိုင်ခဲ့ပါတော့တယ်။

ဇီဒန်းရဲ့ မိနစ်(၉၀)ကျော် သေမင်းတေးသွား

ကမ္ဘာပေါ်မှာ ဘောလုံးကို အနိုင်နင်းဆုံး၊ အကျွမ်းကျင်ဆုံး စေစားနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင် ဘောလုံး မှော်အောင်ထားသူ တစ်ယောက် အနေနဲ့ ဇနီဒင်း ဇီဒန်းကို မှတ်မိကြပါလိမ့်မယ်။ (၂၀၀၄)ခုနှစ်၊ ဥရောပ ဖလား အုပ်စု အဆင့်မှာ ပြင်သစ်လက်ရွေးစင် အသင်းဟာ ဇီဒန်းရဲ့ စောင်မ မြှင့်တင်မှုကြောင့် အင်္ဂလန် အသင်းကို အနိုင် ရခဲ့ပါတယ်။ (၂-၁)နဲ့ ပြင်သစ်က အနိုင်ရတဲ့ ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ် ကစားသမားကြီးက (၂)ဂိုး သွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း ပြောစမှတ် ဖြစ်ခဲ့တာက ဇီဒန်း သွင်းခဲ့တဲ့ (၂)ဂိုးလုံးက မိနစ်(၉၀)ကျော်မှာ ဖြစ်နေတာပါ။ အင်္ဂလန်ဟာ ဖရန့်ခ်လမ်းပတ်ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲချိန် တစ်လျှောက်လုံး အသာ ရနေပြီးမှ (၉၁)မိနစ်မှာ ဇီဒန်းက ချေပဂိုး၊ (၉၃)မိနစ်မှာ ပင်နယ်တီနဲ့ အနိုင်ဂိုး သွင်းယူပြီး ပြင်သစ်အသင်း အနိုင် ရရှိသွားတာ ဖြစ်ပါတယ်။

သင်္ကြန် ကျခဲ့တဲ့ အင်္ဂလန် ပရိသတ်များ
(၂၀၀၀)ပြည့်နှစ်၊ ဥရောပ ဖလား ပြိုင်ပွဲ အုပ်စုအဆင့်မှာ အင်္ဂလန်ဟာ မဟာပြိုင်ဘက်ကြီး ဂျာမနီကို အနိုင်ရခဲ့ပါတယ်။ ဒီအတွက် အစွမ်းကုန် ပျော်ရွှင်တဲ့ အင်္ဂလန် ပရိသတ်တွေဟာ အပျော်လွန်ပြီး ရမ်းကားတဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂလန် ပရိသတ်တွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး လမ်းပေါ်ထွက် သောင်းကျန်းနေသူတွေကို ဖိအားပြင်းတဲ့ ရေပိုက်တွေနဲ့ ခပ်ကြမ်းကြမ်း ရေပက်ပြီး လူစုခွဲရပါတော့တယ်။ ဒါပေမဲ့ အင်္ဂလန် ပရိသတ်တွေကို အပြည့်အ၀ ထိန်းချုပ်ဖို့ ခက်ခဲနေတာကြောင့် UEFAက ဒီလိုဆက်ဖြစ်နေရင် အင်္ဂလန်ကို ပြိုင်ပွဲမှာ ဆက်ယှဉ်ပြိုင်ခွင့် မပေးတော့ဘူးလို့ ခြိမ်းခြောက်ရတဲ့ အထိပါပဲ။ အဲဒီတုန်းက အင်္ဂလန်အသင်း နောက်ခံလူ ဖီးလ်နဗီးလ်က ပရိသတ်တွေကို ရည်စူးပြီး ငြိမ်းငြိမ်းချမ်းချမ်း နေပေးဖို့ တောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ UEFAအတွက် ခေါင်းကျိန်းစရာ လျော့သွားတာကတော့ အုပ်စု နောက်ဆုံးပွဲမှာ အင်္ဂလန် အသင်းဟာ ရိုမေးနီးယားကို အရေးနိမ့်ပြီး ဂျာမနီနဲ့ အတူ အိမ်ပြန်စောသွားတာပါပဲ။

ဂျာမနီတို့ လာချေပြီ
(၁၉၇၂)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲမှာ ဂျာမနီ အသင်းဟာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ အနောက် ဂျာမနီ အနေနဲ့ပေါ့။ ဂျာမနီ အသင်းဟာ သူတို့ အနေနဲ့ လာမယ့် ဆယ်စုနှစ်တွေမှာ ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်မယ့် အင်အားစု တစ်ခု ပေါက်ဖွားလာပြီလို့ လူသိရှင်ကြား ကြေညာချက် အနေနဲ့ ဒီဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျာမနီရဲ့ ပထမဆုံး ဥရောပဖလား ဆိုရင်လည်း မမှားပါဘူး။ L'Equipe သတင်းစာက ဂျာမနီရဲ့ ကစားဟန်ကို အထူးပြု ချီးကျူးခဲ့ပြီး တခြားကမ္ဘာက ဂြိုဟ်သားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းလို့ အလွန်အကျွံ ခိုင်းနှိုင်းခဲ့တဲ့ အထိပါပဲ။ ဂျာမနီဟာ ဥရောပဖလားမှာ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ နှစ်မှာပဲ ဂတ်မူလာတို့ အုပ်စု အထူးတလည် ခြေစွမ်းပြပြီး ဗိုလ်လုပွဲမှာ ဆိုဗီယက်ကို (၃-၀)နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျာမနီရဲ့ ကစားပုံဟာ စုစည်းမှု အပြည့်နဲ့ မြိုင်ဆိုင်လွန်းပြီး အနီးကပ် အမြန်ပေး စနစ်နဲ့ ပြိုင်ဘက်တွေကို အရူးလုပ် လှည့်စား နိုင်ခဲ့တာကြောင့် ဥရောပဖလား ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး စာရင်းဝင် အသင်းတစ်သင်း အနေနဲ့ ကောင်းချီးပေး ခံခဲ့ရပါတယ်။ အဲဒီနောက် ဂျာမနီဟာ (၁၉၈၀)နဲ့ (၁၉၉၆)ခုနှစ် ပြိုင်ပွဲတွေမှာလည်း ချန်ပီယံ ဖြစ်ခဲ့တာကြောင့် လက်ရှိ ဥရောပဖလားရဲ့ အစဉ်အလာ အကြီးမားဆုံး အသင်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

လုပ်ပွဲတဲ့လား
(၂၀၀၄)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲ အုပ်စု အဆင့်မှာ အီတလီဟာ အုပ်စု အဆင့်က ထွက်ခဲ့ရပါတယ်။ ရင်နာစရာ ကောင်းတာက သူတို့ဟာ အုပ်စုဗိုလ်နဲ့ ရမှတ် တူခဲ့သလို တစ်ပွဲမှ မရှုံးဘဲ (၅)မှတ်ထိ ရခဲ့ပေမယ့် အိမ်ပြန်စောခဲ့တာ ဖြစ်ပါတယ်။ အီတလီဟာ ဖရန်ဆက်စကိုတော့တီ ပြိုင်ဘက်ကို တံတွေးနဲ့ ထွေးလို့ ပြဿနာ တက်ခဲ့တဲ့ ပွဲမှာ ဒိန်းမတ်ကို ဂိုးမရှိ သရေကျခဲ့တယ်။ ဒုတိယပွဲစဉ်မှာ ဆွီဒင်ကို ခြေစွမ်း အသာစီးနဲ့ ကစားပြီး (၁)ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြန်တယ်။ တကယ်လို့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အီတလီက ဘူလ်ဂေးရီးယားကို အနိုင်ရပြီး တစ်ဖက်မှာ ဆွီဒင်နဲ့ ဒိန်းမတ်တို့က (၂)ဂိုးစီ သရေကျရင် (၃)သင်း (၅)မှတ်တူ ဖြစ်နေမှာပါ။ အဲဒီအခါကျရင် အမှတ်တူ (၃)သင်းကို Mini-League အမှတ်ပေး ဇယား ရေးဆွဲပြီး အုပ်စုတက်မယ့် အသင်း ဆုံးဖြတ်ရပါတော့မယ်။ စကန်ဒီနေးဗီးယန်း ဒေသက (၂)သင်းသာ နောက်ဆုံးပွဲမှာ (၂)ဂိုးစီ သရေကစားရင် အီတလီဟာ ဘူလ်ဂေးရီးယားကို ဂိုး(၁၀၀၀)သွင်းလည်း ပြိုင်ပွဲက ထွက်ရတော့မှာပါ။ တကယ်ကစားတော့ ဂျီအိုဗန်နီ ထရာပက်တိုနီရဲ့ အသင်းဟာ ဘူလ်ဂေးရီးယားကို အနိုင်ကစားခဲ့ပါတယ်။ တစ်ဖက်က ပွဲစဉ်မှာလည်း မက်တီရက်စ် ဂျွန်ဆင်ရဲ့ (၈၉)မိနစ် သွင်းဂိုးနဲ့ လူတိုင်းမျှော်လင့်ထားတဲ့ (၂-၂)ရလဒ်ဟာ အတည်ဖြစ်ခဲ့ပါတယ်။ အီတလီတို့ အုပ်စု တတိယနဲ့ ပြိုင်ပွဲက ထွက်ရတယ်။ ဒီပွဲကို တစ်နယ်တည်းသား ဒေသခံ နှစ်သင်း လက်ဝါးချင်းရိုက်ပြီး ညှိကစားသွားတယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပေမယ့် ဘယ်လိုနည်းနဲ့မှ သက်သေ မပြနိုင်ခဲ့ပါဘူး။ အီတလီ တိုက်စစ်မှူး အလက်ဇန္ဒရို ဒယ်လ်ပီယာရိုကတော့ ဘယ်သူမပြု မိမိမှုပဲလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခဲ့ရှာပါတယ်။ "သူများအကြောင်း ပြောနေလို့ မရဘူးလေ။ ကျွန်တော်တို့ ပြိုင်ပွဲကို အနုတ်လက္ခဏာ ဆောင်တဲ့ နည်းဗျူဟာမျိုးနဲ့ ချဉ်းကပ်ခဲ့မိတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံပဲ ရှိပါတယ်" လို့ ဂျူဗင်းတပ်စ် ကစားသမားက ၀န်ခံပြောဆို သွားပါတယ်။

နည်းစနစ် အကြံပြုတဲ့ ဆွီဒင်ဝန်ကြီးချုပ်
(၂၀၁၂)ခုနှစ်၊ ဥရောပဖလားမှာ အင်္ဂလန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က အသင်းမန်နေဂျာ ရွိုင်ဟော့ဂ်ဆန် အနေနဲ့ (၄-၃-၁-၂) ကစားကွက်ကို အသုံးပြုပြီး အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကို ကွင်းလယ်ဗဟို တိုက်စစ်မှာ ကစားစေသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ လက်ရွေးစင် အသင်းကို ဥရောပဖလားမှာ ဘယ်လို ကစားသင့်တယ်လို့ သူ့အမြင်ကို ထုတ်ပြောခဲ့တာ ကင်မရွန်က ပထမဆုံး မဟုတ်ပါဘူး။ (၂၀၀၄)ခုနှစ်က ဆွီဒင်အသင်း ဘယ်လိုကစားကွက်နဲ့ ပြိုင်ပွဲကို ချဉ်းကပ်သင့်တယ် ဆိုတာကို ၀န်ကြီးချုပ် ဂါရန် ပီယာဆန်က ဆွေးနွေးခဲ့ဖူးပါတယ်။ "ဖရက်ဒီ လယွန်းဘာ့ဂ်ကို တောင်ပံမှာ ထားမယ့်အစား ဇလာတန် အီဘရာဟီမိုဗစ်နဲ့ ဟင်းနရစ်လာဆင်တို့ နောက်ကနေ တိုက်စစ်ကို ပံ့ပိုးစေသင့်တယ်"လို့ ၀န်ကြီးချုပ်က Aftonbladet သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ သူက ပြောပါသေးတယ်။ "ဘောလုံးဆိုတာ နိုင်ငံရေးလိုပဲ။ ဘယ်လောက်ကောင်းအောင် လုပ်လုပ် နောက်ဆုံးရလဒ်က အဓိကပဲလေ"တဲ့။ ပြိုင်ပွဲမှာတော့ ဆွီဒင်ဟာ ကွာတားဖိုင်နယ်မှာ နယ်သာလန်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

ဘောလုံးလောကကို Shock ရသွားစေတဲ့ ချန်ပီယံ
(၂၀၀၄)ခုနှစ်က အိမ်ရှင် ပေါ်တူဂီကို အုပ်စုမှာရော၊ ဗိုလ်လုပွဲမှာပါ နှိပ်စက်ပြီး ဖလားသိမ်းသွားတဲ့ အသင်းကို မှတ်မိကြဦးမှာပါ။ အော်တိုရီဟာဂယ်လ် နည်းပြအဖြစ် တာဝန်ယူတဲ့ အသင်းဟာ အိမ်ဖြည့်အဆင့်လောက် ခန့်မှန်းခံရမှုတွေနဲ့ ပြိုင်ပွဲမှာ ပါဝင်ခွင့် ရခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ အုပ်စု လွတ်မြောက်ပြီးတဲ့နောက် ပြင်သစ်နဲ့ ချက်တို့ကို ကျော်ဖြတ်ပြီး အိမ်ရှင် ပေါ်တူဂီကို ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရပါတယ်။ ကျစ်လစ်တဲ့ ခံစစ်ကို အလွန်အကျွံ အားပြုပြီး တည်ကန်ဘောတွေက ဂိုးရအောင် ကြိုးစားတဲ့ ဂရိရဲ့ နည်းဗျူဟာပိုင်း အပြည့်အ၀ အောင်မြင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အန်ဂျီလော့စ် ဟရစ္စတေ့စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပေါ်တူဂီကို အနိုင်ရပြီး ချန်ပီယံ ဖြစ်လာပါတော့တယ်။ "ဒါဟာ နိုင်ငံတကာ အဆင့် ဘောလုံး ပြိုင်ပွဲကြီးတွေမှာ လူတိုင်းကို Shockရသွားစေမယ့် ရလဒ်မျိုးပဲ"လို့ ဗိုလ်လုပွဲ ဂိုးသွင်းရှင်က ဆိုပါတယ်။ သူပြောလည်း ပြောချင်စရာပါပဲ။ ဂရိဟာ ကွာတားဖိုင်နယ် အဆင့်ကစလို့ (၃)ပွဲမှာ (၃)ဂိုးပဲသွင်းပြီး အားလုံးက ခေါင်းတိုက် ဂိုးတွေပါ။ ပြင်သစ်ဟာ ဟရစ္စတေ့စ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဒူးထောက်ခဲ့ရတယ်။ နောက်ခံလူ ထရိုင်နော့စ် ဒဲလက်စ်ရဲ့ ခေါင်းတိုက်ချက်ကတော့ ချက်အသင်းအတွက် အိပ်မက်ဆိုး ဖြစ်စေခဲ့ပြီး ဗိုလ်လုပွဲမှာ ပေါ်တူဂီပါ ဂရိရဲ့ ရိုးရှင်းလွန်းတဲ့ နည်းဗျူဟာကို မတားဆီးနိုင်ဘဲ လက်တစ်ကမ်း အလိုက ဖလားကို လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်။   ။ SM Journal Vol.1 No.36 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.