Tuesday, 21 May 2013
Home Myanmar Others အခြား ဆောင်းပါးများ အမိမြေမှာ မြန်မာလူငယ်တို့ ခြေစစ်ပွဲ အောင်စေချင်

အမိမြေမှာ မြန်မာလူငယ်တို့ ခြေစစ်ပွဲ အောင်စေချင် PDF Print E-mail
Written by မိုးဝေ   
Thursday, 21 June 2012 14:51
Share |

ဇွန်လ ၁၉ရက် နေ့တွင် ဖြစ်သည်။ မော်လ်ဒိုက် လူငယ် အသင်းအား မြန်မာ လူငယ်တို့ မမျှော်လင့်ဘဲ ၁-၀ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုရလဒ်ကြောင့် ကိုရီးယားလူမျိုး နည်းပြချုပ် ပတ်ဆောင်ဟွာ၏ လူထုတ်ပုံနှင့် နည်းဗျူဟာ တို့အား ဝေဖန်သံများ အစီအရီ ထွက်လာ ပေါ်လာခဲ့သည်။ ပြစ်တင် ဝေဖန်သံများ နားနှင့် မဆန့်အောင်ပင် ကြားနေခဲ့ရသည်။ မြန်မာ တို့အတွက် ဂုဏ်သိက္ခာ အားဖြင့် အရှက်ရစရာ ရလဒ်တစ်ခု ဖြစ်ခဲ့ခြင်းက မြန်မာလူငယ် တို့အား လိုက်ပါ အားဖြည့်ပေး ခဲ့ကြသည့် ပုဂ္ဂိုလ်များ အတွက် ကြိတ်မနိုင်ခဲမရ ရလဒ်တစ်ခု ဖြစ်ခဲ့ပေသည်။


မော်လ်ဒိုက် ရှုံးပွဲဂယက်

ထိုပွဲမတိုင်ခင် ဇွန်လ ၁၇ရက်နေ့က မြန်မာလူငယ်တို့ ဘန်ကောက်ရှိ ရာဇမင်္ဂလာ အားကစား ကွင်းကြီးအတွင်း အိမ်ရှင် ထိုင်းလူငယ် အသင်းအား ၃-၁ဂိုးဖြင့် ဂိုးပြတ် အနိုင်ရယူကာ မျက်နှာပန်း လှခဲ့သည်။ ထိုရလဒ်အတွက် အားလုံး ပျော်ကြရွှင်ကြ၊ ကျေနပ်ပီတိ ဖြစ်ခဲ့ပြီးခါမှ မော်လ်ဒိုက်ကဲ့သို့ အသင်းမျိုးအား ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ခြင်းသည် လက်ခံနိုင်စရာ မရှိဟု အပြစ်တင်ကြသည်။ နည်းပြ ပတ်ဆောင်ဟွာ အနေဖြင့် ထိုင်းနှင့် ပွဲစဉ်က လူစာရင်းအား ၁၀ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အဓိက ကစားသမား တစ်ဦး တစ်ယောက်မျှပင် မပါဝင်သည့် အသင်းမျိုးဖြင့် ပွဲထွက်လာခြင်း အပေါ် ဝေဖန်သံများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ရလဒ် မကောင်းဘဲ ရှုံးနိမ့်ခဲ့ရခြင်း နောက်တွင် ဝေဖန်သံများ ပိုမို ကျယ်လောင် လာခဲ့သည်။ နည်းပြ ပတ်ဆောင်ဟွာကမူ ခြေစစ်ပွဲ စတင်ရန် နီးကပ် လွန်းချိန်တွင် ၎င်း၏ အဓိက ကစားသမား တစ်ဦး တစ်ယောက်မျှပင် ဒဏ်ရာ အနာတရ ဖြစ်ရန် မလိုလားဟု ဖွင့်ဟခဲ့သည်။ မော်လ်ဒိုက်အား ရှုံးနိမ့်အပြီး အ၀တ်လဲခန်း တွင်း၌ ထိုရလဒ်အတွက် စိုးရိမ်စိတ် မထားကြရန်နှင့် ရလဒ်အပေါ် မိမိ အပြည့်အ၀ တာဝန်ယူသည်ဟု ဖွင့်ဟခဲ့ကြောင်း အသင်း တာဝန်ရှိသူ တစ်ဦးအဆိုအရ သိရှိရသည်။

ထိုနေ့ ပွဲစဉ်အပြီးတွင် ပတ်ဆောင်ဟွာ၏ အိုင်ဒီယာနှင့် ပတ်သက်၍ လက်ခံသူများ ရှိသကဲ့သို့ လက်မခံ ပြစ်တင် ဝေဖန်သူများလည်း ရှိခဲ့ပေသည်။ ညဘက်ပိုင်းတွင် ပတ်ဆောင်ဟွာနှင့် တစ်ခဏတာ ဆုံတွေ့ဖြစ်ရာ "ဒီနေ့ပွဲ ရလဒ်က ပြဿနာ မဟုတ်ပါဘူး" ဟုသာ ရိုးရိုးရှင်းရှင်း တိုတိုတုတ်တုတ် ဖွင့်ဟခဲ့သည်။ အဓိက ကစားသမား များအား အသုံးမပြုခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းမှု များအားလည်း တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက ချက်ချင်း အစားပြန်ပေး နိုင်မည်လောဟု ပြန်လည် မေးခွန်းထုတ်ခဲ့ ပေသည်။ နည်းပြအဖွဲ့ဝင် တစ်ဦးကမူ "နည်းပြကြီးက ပြိုင်ပွဲကျရင် ဘယ်အရန် ကစားသမား တွေက သူ့အတွက် အရေးပါလာမလဲ ဆိုတာကို သိချင်လို့ အခုလို ပွဲထွက် စေခဲ့တာလို့ မြင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ကစားသမားတွေ အနေနဲ့ ကိုယ့်အရည်အချင်း ဘယ်လောက် ရှိသလဲ ကွဲကွဲပြားပြား ဖြစ်သွားတာမို့ ဒီထက် ပိုပြီး ကြိုးစားကြမယ်လို့ ထင်ပါတယ်" ဟု ဆိုသည်။ မော်လ်ဒိုက်နှင့် ပွဲစဉ် ရှုံးနိမ့်မှုသည် မြန်မာတို့အတွက် အရှက်ရဖွယ် ရလဒ်တစ်ခုဟု ဆိုချင် ဆိုနိုင်ပေသည်။ သို့သော် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းက ပြိုင်ပွဲ ကာလအတွင်း ခြေချော်လက်ချော် ဖြစ်ခြင်းထက် ပို၍ ကောင်းမွန်သော ရင်းနှီးမှု တစ်ခု ဖြစ်ပေသည်။

အပြောင်းအလဲ ပြုလုပ်ပေးမည့်သူ

ပတ်ဆောင်ဟွာသည် မြန်မာ့ ဘောလုံးလောက အဆင့်အတန်း နိမ့်ကျနေမှု၊ အောင်မြင်မှုများနှင့် ဝေးကွာ နေရခြင်းများအား ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ပေး နိုင်မည့်သူဟု ဆိုချင်သည်။ ကိုရီးယား နည်းပြကြီးထံ၌ မြန်မာဘောလုံး အသင်းအား နည်းပြခဲ့ဖူးသည့် အခြား နည်းပြများနှင့် မတူညီသည့် အချက်ပေါင်း များစွာ ရှိနေသည်ကို တွေ့ရပေသည်။ ၎င်းနှင့်အတူ နီးနီးကပ်ကပ် နေထိုင်မြင်တွေ့ သိကျွမ်းခွင့် ရခဲ့ခြင်းကြောင့် ၎င်း၏ စည်းကမ်းကြီးမှုနှင့် နည်းဗျူဟာ ကျကျ စနစ်တကျ အစီအစဉ်ရေးဆွဲ အလုပ်လုပ်တတ်မှု တို့အား ကြိတ်၍ ချီးကျူးမိပေသည်။ နံနက်စာ စားချိန်မှအစ နေ့လည်စာ၊ ညစာ စားသောက်ချိန် များအား ပွဲစဉ်၊ လေ့ကျင့်ရေး အချိန်များနှင့် သေချာ ချင့်ချိန်တွက်ချက်ကာ အတိအကျ စားသောက် နေထိုင်စေသည်။ ၎င်း၏ လက်အောက်တွင် ကစားသမားများ အားလုံး အချိန်နှင့် အလုပ်လုပ် ကြရသည်။ စားချိန်တွင်စား၊ အိပ်ချိန်တွင်အိပ်၊ လေ့ကျင့်ချိန်တွင် လေ့ကျင့်ရ၍ ပြိုင်ပွဲဝင်ချိန်တွင် အဆင်သင့် ဖြစ်နေရန် နေထိုင် အားထုတ်ရသည်။ ယခု ဘန်ကောက် ခရီးစဉ်တွင် ကစားသမားများ အပြင်ထွက် လည်ပတ်ခွင့်ပင် မရရှိခဲ့။ ခဏတာ ဘောလုံးကန် ဖိနပ်များ ထွက်ဝယ်စဉ် တစ်ခဏသာ မြို့ထဲသို့ ခြေချခွင့် ရခဲ့သည်။



ပတ်ဆောင်ဟွာသည် ကစားသမား တစ်ဦးချင်းစီ အလိုက် အကောင်းဆုံး အရည်အချင်းများ ထွက်ပေါ် လာစေရန်လည်း အားထုတ် ကြိုးပမ်း တတ်ပေသည်။ ပွဲစဉ်တစ်ခုတွင် အမှားအယွင်း လုပ်မိသည့် ကစားသမား တို့အား ညဘက်တွင် တစ်ဦးချင်း ခေါ်ယူ ဆွေးနွေးကာ လိုအပ်သည်များအား သေချာ သင်ကြားပြသ တတ်သည်ကိုလည်း တွေ့ရသည်။ လေ့ကျင့်ရေးသို့ ရောက်ချိန်တွင် ကစားသမား များက ကြံ့ခိုင်ရေး နည်းပြ ဟာဟေဂျွန်နှင့် လေ့ကျင့်မှုများ စတင်နေချိန်တွင် ၎င်းကိုယ်၌မှာ ဘောလုံးကွင်းအား အကြိမ်ကြိမ် ပတ်လျှောက်ကာ ကျန်းမာရေး လိုက်စား သည်ကိုလည်း တွေ့ရသည်။ ၎င်းစားသောက်သည့် အစားအစာ များမှာလည်း အသားများထက် အသီးအရွက်တို့အား ဦးစားပေး စားသောက် သည်ကိုလည်း တွေ့ရသည်။ မည်သည့် အချိန်တွင်မဆို တည်တည်ငြိမ်ငြိမ်နှင့် ရင့်ကျက်သည့် ခေါင်းဆောင်ကောင်း တစ်ဦး အသွင်မျိုး ဆောင်နေတတ်သည်။ ခေါင်းဆောင် ကောင်းပါမှ နောက်လိုက် ကောင်းမည်ဖြစ်၍ ခေါင်းဆောင်များ အနေဖြင့် ကစားသမားများက အတုယူ အားကျလောက်ဖွယ် နေထိုင် ပြောဆိုမှုများအား ပြသရန်လည်း အရေးကြီး လှပေသည်။ ပတ်ဆောင်ဟွာကဲ့သို့ ခေါင်းဆောင်ကောင်း တစ်ဦး မြန်မာလူငယ် အသင်းနှင့်အတူ ရှိနေခြင်း အတွက် ကံကောင်းသည်ဟု မြင်မိပါသည်။

မစ္စတာပတ်သည် ၎င်း၏ အတွေးအခေါ် စိတ်ကူးများနှင့် ပတ်သက်၍ ၀င်ရောက် စွက်ဖက်သည်များ ရှိပါကလည်း လက်မခံတတ်။ ခေါင်းမာသည့် နည်းပြတစ်ဦးဟု အမည်တပ် ခံရသူလည်း ဖြစ်သည်။ ထိုခေါင်းမာမှုသည် မော်လ်ဒိုက်အား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ထင်ထင်ရှားရှင် မြင်တွေ့ ခဲ့ရပေသည်။ လာမည့် ခြေစစ်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ရန် အာမ မခံနိုင်ပါဟု ဆိုခဲ့ခြင်းမှာ ဖိအားများအား ရင်မဆိုင် လိုခြင်းထက် ပြိုင်ဘက် ဗီယက်နမ်နှင့် မလေးရှား ကစားသမား များက မြန်မာ ကစားသမား များထက် ပိုမို ကောင်းမွန် နေခြင်းကြောင့် ဖြစ်ကြောင်း ဖွင့်ဟသည်။ ထိုင်းအသင်းအား အနိုင်ရပြီး စဉ်တွင်လည်း ထိုင်းအသင်းသည် ပိုကောင်းသည့် အသင်းတစ်သင်း ဖြစ်ကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ မြန်မာ ကစားသမားများသည် တစ်ဦး တစ်ယောက်ချင်းစီ၏ အရည်အသွေး အားရဖွယ် မရှိသေးကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုင်းအသင်းအား ဂိုးပြတ် အနိုင်ရပြီး ချိန်တွင်လည်း ခြေစစ်ပွဲ အောင်မြင်ရန် အကောင်းဆုံး ကြိုးပမ်းပါမည် ဟုသာ ကတိပြု ခဲ့သည်ကို တွေ့ရသည်။

ဖြည့်ဆည်းနိုင်မှ ခြေစစ်ပွဲအောင်မည်

အိမ်ရှင် မြန်မာအသင်းသည် လာမည့် ခြေစစ်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ရန် အခွင့်အလန်း ရှိနေသည်မှာ မှန်၏။ သို့သော် ခြေစစ်ပွဲ အောင်မြင်ရန်မှာ တောင်ကိုရီးယား အသင်းမှ လွဲ၍ ကျန်အသင်းများ အားလုံးအား အမှားအယွင်း မရှိ အနိုင်ယူရန် လိုအပ်ပေသည်။ ပွဲစဉ် ရေးဆွဲထားမှု အရလည်း ဗီယက်နမ်နှင့် ကစားရမည့် ဒုတိယပွဲစဉ် အထိ မြန်မာတို့ ရာနှုန်းပြည့် နိုင်ပွဲရထားရန် အထူးလိုအပ်ပေသည်။ တတိယမြောက် ပွဲအဖြစ် ကစားရမည့် တောင်ကိုရီးယားနှင့် ပွဲစဉ်တွင်မူ မည်ကဲ့သို့သော အာမခံချက် မျိုးမှ မရှိနိုင်ပေ။ တစ်ဦးချင်း အရည်အသွေး၊ ဘောလုံး ကျွမ်းကျင်မှု၊ ပါဝါ၊ အတွေ့အကြုံ အားလုံးမှာ တောင်ကိုရီးယားဘက်က အပြတ်အသတ် သာနေမည်သာ ဖြစ်သည်။ ထိုပွဲနှင့် ပတ်သက်၍ ကိုရီးယားလူမျိုး ကြံ့ခိုင်ရေး နည်းပြ ဟာဟေဂျွန်က "တောင်ကိုရီးယားကို အနိုင်ယူဖို့ ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ မိုးတွေ အရမ်းရွာလို့ ဆိုတဲ့ မထင်မှတ်တဲ့ အခြေအနေ မျိုးတွေသာ ရှိမနေခဲ့ရင် မြန်မာအသင်း အနိုင်ရဖို့ အရမ်းကို ခက်ခဲပါလိမ့်မယ်" ဟု သုံးသပ် ပြောကြားခဲ့သည်။ ထို့ကြောင့် အာမခံချက် ဘာတစ်ခုမှ မရှိသည့် ပွဲစဉ်အပြီးတွင် မြန်မာတို့ ရမှတ် ၆မှတ် ရရှိနေဖို့ မဖြစ်မနေ လိုအပ်လှပေသည်။ ရှေ့ပွဲစဉ်များ၌ တစ်ခုခုသော လွဲချော်မှုများ ရှိနေ ခဲ့ပါက စောစောစီးစီး မျှော်လင့်ချက်များ အဆုံးသတ် သွားနိုင်သည်ကို သတိထားရန် လိုလှပေသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ မလေးရှား အစရှိသည့် အသင်းများအား အနိုင်ယူကာ မြန်မာလူငယ်တို့ ခြေစစ်ပွဲ အောင်မြင်မည်ဟု လွယ်လွယ် တွေးပါက ရနိုင်ပေသည်။ စိတ်ကူး၍ လွယ်သည်။ ရလဒ်ကောင်းများ ဆက်တိုက် ရရှိရန်မှာမူ စည်းကမ်းနှင့် စိတ်ဓာတ်ကောင်းရန် အရေးကြီး လှပေသည်။ အသင်း၏ စည်းလုံးမှု ကောင်းရန်လည်း လိုသည်။ ပြိုင်ဘက်များ အပေါ် ကစားသမား များက လျှော့မတွက်ဘဲ ပွဲစဉ်တိုင်း မိနစ် ၉၀ပြည့် အာရုံစူးစိုက် ထားကြရန် အရေးကြီး သကဲ့သို့ နည်းပြ၊ အုပ်ချုပ်သူနှင့် တာဝန်ရှိသူများ အားလုံးက အလေးအနက် ထားရန်လည်း လိုအပ်ပေမည်။ ထို့အတူ မြန်မာ လူငယ်တို့ အတွက် ကြီးမားသည့် အင်အားတစ်ရပ် ဖြစ်စေမည့် ပရိသတ်များက တခဲနက် စည်းကမ်းတကျ အားပေးထောက်ပံ့ ပေးနိုင်ရန်လည်း လိုအပ်ပေမည်။ ဤနေရာတွင် ဖြည့်စွက် အကြံပြု လိုသည်မှာ ဘောလုံး လောကတွင် ဘောလုံး အသင်းများ အထနှေးတတ် သည်မှာ သဘာဝပင် ဖြစ်၍ ပရိသတ်များ အနေဖြင့် ရံဖန်ရံခါ ကစားသမားများ အမှား လုပ်မိပါက အော်ဟစ် အပြစ်တင်ကာ ဖိအားများ ပေးမည့်အစား လက်ခုပ်သံများဖြင့် ခြေစွမ်းအမှန် ပြလာနိုင်ရန် သတိမူ အားပေးသင့်ကြောင်း အကြံပြု လိုပါသည်။ ပရိသတ်များ အနေဖြင့်လည်း အောင်မြင်မှု ကိုသာ လိုလားကြသည် မဟုတ်ပါလော။

အချုပ်အားဖြင့် ဆိုရသော် လက်ရှိ မြန်မာ့ ဘောလုံးသည် စင်ပေါ်၌ ရှိမနေပါ။ စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ရန်မှာ အားလုံး အားလုံးသော ပုဂ္ဂိုလ်များ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် အားထုတ် ကြိုးပမ်းကြရန် အရေးကြီး လှသည်ဟု မြင်မိပါသည်။ ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့် ကျရာ အခန်းကဏ္ဍမှ နိုင်ငံတာဝန် ကျေပွန်စွာ ထမ်းရွက်ကြရင်း အောင်မြင်မှုများ ရရှိလာ ပါစေကြောင်း ဆန္ဒပြုရေးသား တင်ပြအပ်ပါသည်။

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.