|
Written by ထင်အောင်ရ
|
|
Thursday, 21 June 2012 11:41 |
|
ဥရောပ ဖလား ဆိုတာ ကမ္ဘာပေါ်မှာ ပရိသတ် အာရုံကို အဖမ်းစားနိုင်ဆုံး ပြိုင်ပွဲကြီး တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အကြောင်းအရာ ပေါင်းစုံ၊ စိတ်လှုပ်ရှားစရာ ကိစ္စပေါင်းစုံ ဖြစ်တည်ခဲ့တဲ့ မှတ်တမ်းတွေလည်း အများကြီး ရှိခဲ့ဖူးပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာ အီတလီနဲ့ ခရိုအေးရှား အသင်းတို့ ရင်ဆိုင်ကစားတဲ့ ပွဲမှာ ကွင်းထဲကို ငှက်ပျောသီးတစ်လုံး ပစ်သွင်းပြီး အီတလီ တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီကို လူမျိုးရေး ခွဲခြား စော်ကားခဲ့တာ၊ ပေါ်တူဂီနဲ့ပွဲမှာ ဂိုးသွင်းပြီး ဒိန်းမတ်တိုက်စစ်မှူး နစ်ကလက်စ် ဘန်တနာ အတွင်းခံ ဘောင်းဘီ လှစ်ပြပြီး အောင်ပွဲခံတာတွေဟာ ဥရောပ ဖလားရဲ့ ထူးခြားတဲ့ မြင်ကွင်းတွေ ဖြစ်ခဲ့ပါတယ်။ ကျင်းပ ပြုလုပ်ခဲ့တဲ့ အရင် ပြိုင်ပွဲတွေရဲ့ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရင် သမားရိုးကျ အခြေအနေက ကွဲထွက်သွားတဲ့ အဲဒီလို ဖြစ်ရပ်တွေကို ရှုမြင် ခံစားနိုင်မှာ ဖြစ်ပါတယ်။
အချစ်ရေး ကံမကောင်းတဲ့ ဒိုမီနက်ခ်ျ (၂၀၀၈)ခုနှစ်၊ ဥရောပဖလားမှာ ပြင်သစ် လက်ရွေးစင် နည်းပြ ရေမွန် ဒိုမီနက်ခ်ျရဲ့ အင်တာဗျူး ဖြေဆိုမှု တစ်ခုက လူပြောများတဲ့ ကိစ္စမျိုး ဖြစ်ခဲ့ပါတယ်။ ပြင်သစ်ဟာ စိတ်ပျ က်ဖွယ် ရလဒ်တွေနဲ့ ကြုံခဲ့ပြီးတဲ့နောက် အုပ်စုတွင်း ဘိတ်ဆုံးနေရာကနေ အိမ်ပြန်ခဲ့ရတယ်။ အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုတွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲအပြီးမှာ တာဝန်ယူ နုတ်ထွက်မှာလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဒိုမီနက်ခ်ျ ဖြေခဲ့တာက အဆန်းပါ။ "လောလောဆယ် ကျွန်တော့်မှာ အစီအစဉ် တစ်ခုပဲ ရှိတယ်။ အဲဒါက ကျွန်တော့်ချစ်သူ အက်စ်တယ်လီကို လက်ထပ်ဖို့ပါ။ ဒီနေ့ ညနေခင်းတင် ကျွန်တော် သူ့ကို လက်ထပ်ဖို့ ခွင့်တောင်းပါမယ်။ သူ့ကို ကျွန်တော် လိုအပ်နေပါတယ်"လို့ ဒိုမီနက်ခ်ျက ပြောသွားခဲ့ပါတယ်။ သတင်းထောက်တွေက တအံ့တဩ ဖြစ်သွားပေမယ့် ဂုဏ်ယူကြောင်း ပြောခဲ့ကြတယ်။ ဒါပေမဲ့ ချစ်ကံခေတဲ့ ဒိုမီနက်ခ်ျဟာ သူ့စီမံကိန်း မအောင်မြင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ထိ သူ့ကို အက်စ်တယ်လီက လက်မထပ်သေးတာ စိတ်ပျက်စရာပါပဲ။

လူမျိုးရေး ပြဿနာကြောင့် နှစ်ခြမ်းကွဲတဲ့ နယ်သာလန် (၁၉၉၆)ခုနှစ် ဥရောပ ဖလားမှာ နယ်သာလန် အသင်းအတွက် အတွင်း လှိုက်စားနေတဲ့ ပြဿနာ တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အသင်းသားတွေ စုပြီး ညစာ စားနေချိန် အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ လူဖြူ ကစားသမားတွေက တစ်စု၊ လူမည်း ကစားသမားတွေက တစ်စု ထိုင်နေတာ မြင်ရတဲ့နောက် နယ်သာလန် အသင်းမှာ လူမျိုးရေး အမြင် ကွဲမှုတွေ ရှိနေပြီလို့ စပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ နယ်သာလန်ဟာ ဆူရီနမ် လူမည်း နွယ်ဖွား ကလာရင့်ဆီးဒေါ့ဖ်ရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ပြင်သစ်ကို ကွာတားဖိုင်နယ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပါတယ်။ တခြား ဆူရီနမ်ဖွား တစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူ အဂ္ဂါ ဒေးဗစ်ကိုလည်း နည်းပြ ဂူးစ်ဟစ်ဒင့်ခ်က အိမ်ပြန်ခိုင်း ခဲ့တာကြောင့် လူမျိုးရေး ပြဿနာ ပိုကြီးလာခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒေးဗစ်ရော၊ ဆီးဒေါ့ဖ်ကပါ နယ်သာလန်ရဲ့ ပြဿနာဟာ လူမျိုးရေးထက် ၀ါရင့်တွေနဲ့ လူငယ်တက်သစ်စ ကစားသမားတွေကြားက မပြေလည်မှုကြောင့် ပိုပြီး နက်ရှိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် နယ်သာလန်မှာ အဲဒီ ပြဿနာဟာ (၂၀၁၀)ပြည့်နှစ် အစောပိုင်းတွေထိ နာကျင်စရာ အတေးအမှတ် တစ်ခု အနေနဲ့ ဘောလုံးမျိုးဆက် တစ်ခုစာ တည်ရှိနေခဲ့ပါတယ်။
အရန်ကနေ ဟီးရိုးဖြစ်ခဲ့တဲ့သူ မာကိုဘန် ဘက်စတန်ဆိုတာ နယ်သာလန် ဘောလုံး သမိုင်းရဲ့ အတောက်ပဆုံး ဂန္ထ၀င် ကြယ်တစ်ပွင့်အဖြစ် ဘောလုံး ပရိသတ်တွေ အမြဲတမ်း အမှတ်ရနေမှာပါ။ (၁၉၈၈)ခုနှစ်၊ ဥရောပ ဖလားမှာ ဘက်စတန်ဟာ လှပတဲ့ ဂိုးတွေ သွင်းယူခဲ့တယ်။ အထူးသဖြင့် အာနိုးလ် မူဟာရန်ရဲ့ ထောင့်ဖြတ်ဘောကို လုံးဝ မဖြစ်နိုင်သလောက် နီးပါး အနေအထားကနေ Volley ဖြတ်ကန်ပြီး သွင်းယူခဲ့တဲ့ ဂိုးဟာ ဘက်စတန်ရဲ့ ပါရမီကို ကမ္ဘာသိဖြစ်အောင် ထင်ရှား လာစေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲကို ဘက်စတန်ဟာ ထည်ထည်ဝါ၀ါ ကစားသမား တစ်ယောက် အနေနဲ့ လိုက်ပါလာခွင့် ရတာတော့ မဟုတ်ပါဘူး။ သူဟာ အရန်ကစားသမား တစ်ယောက် အဖြစ်သာ အရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ ရုရှားအသင်းကို အဖွင့်ပွဲစဉ်မှာ အရေးနိမ့်တဲ့နောက် အပြောင်းအလဲတွေ လုပ်ခဲ့လို့သာ ဘက်စတန် အခွင့်အရေးတွေ ရလာခဲ့ပြီး အင်္ဂလန် အသင်းကို Hat-Trick သွင်းယူခဲ့ပါတယ်။ ပြီးတော့ အကြိုဗိုလ်လုပွဲမှာ ခါးသီး ပြိုင်ဘက်ကြီး အနောက်ဂျာမနီကို ကျော်ဖြတ်ဖို့ (၈၈)မိနစ် အနိုင်ဂိုးကိုလည်း ဘက်စတန်ပဲ ရယူခဲ့ပြန်တယ်။ ဗိုလ်လုပွဲမှာတော့ အုပ်စုတွင်းပြိုင်ဘက် ဆိုဗီယက်ကို ရုဒ်ဂူးလစ်ရဲ့ ခေါင်းတိုက်ချက်ရယ်၊ ဘက်စတန်ရဲ့ သွင်းဂိုးရယ်ကြောင့် (၂-၀)နဲ့ အနိုင်ရပြီး နယ်သာလန်တို့ ဥရောပ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ (၅)ဂိုး သွင်းယူတဲ့ ဘက်စတန်ကတော့ အရန်ဘ၀ကနေ နိုင်ငံရဲ့ မမေ့လျော့နိုင်တဲ့ သူရဲကောင်း ဖြစ်လာပါတော့တယ်။
ဒိုင်ကို အင်္ကျီပေးတဲ့ ဂိုမက်ဇ် (၂၀၀၀)ပြည့်နှစ် ဥရောပဖလား ပြိုင်ပွဲမှာ ပေါ်တူဂီဟာ တက်ကြွထက်သန်မှု အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေဟာ အကြိုဗိုလ်လုပွဲ အဆင့်မှာတင် ပြင်သစ်ကို အရေးနိမ့်ပြီး အဆုံးသတ်သွားခဲ့တယ်။ (၁)ဂိုးစီ သရေကျနေပြီး အချိန်ပို ကစားနေတဲ့ဆဲမှာ ဩစတြီးယား ဒိုင်လူကြီး ဂန်တာ ဘန်ကိုက ပြင်သစ်အသင်းကို ပင်နယ်တီကန်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်ဟာ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ (၃)မိနစ်ပဲ လိုပါတော့တယ်။ ဂိုးဧရိယာထဲမှာ ပေါ်တူဂီ နောက်ခံလူ အေဘယ်လ် ဇာဘီယာက ဘောလုံးကို လက်နဲ့ပုတ်တယ်လို့ ဒိုင်က ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ဇင်နီဒင်း ဇီဒန်းက ကန်သွင်းပြီး ပြင်သစ်တို့ ရွှေဂိုးစည်းမျဉ်းနဲ့ ဗိုလ်လုပွဲ တက်ခဲ့တယ်။ ပြဿနာက ပေါ်တူဂီ ကစားသမားတွေ အုံလိုက်ကျင်းလိုက် စုပေါင်းပြီး ဒိုင်ကို ကန့်ကွက်ရာက စပါတယ်။ နောက်ဆက်တွဲ ရလဒ် အနေနဲ့ တိုက်စစ်မှူး နူနိုဂိုမက်ဇ် အနီကတ်ထိပြီး (၈)လပွဲပယ် ခံရတယ်။ ပေါ်လိုဘင်တိုက (၆)လနဲ့ ဇာဘီယာက (၉)လ အသီးသီး ပွဲပယ်ခံရတယ်။ ဂိုမက်ဇ်က ဒိုင်လူကြီးကို ပေါ်တူဂီ အသင်း အင်္ကျီနဲ့ ပစ်ပေါက်တယ်လို့ စွပ်စွဲခံရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုက်စစ်မှူး ဂိုမက်ဇ်က "ကျွန်တော် သူ့ကို အင်္ကျီနဲ့ ပစ်ပေါက်ခဲ့တာ မဟုတ်ဘူး။ ပေါ်တူဂီ အသင်းရဲ့ အင်္ကျီကို လက်ဆောင် ပေးလိုက်ချင်တာ။ အဲဒါကို မြင်နေတိုင်း ကျွန်တော်တို့ နိုင်ငံအပေါ် သူဘာတွေ ကျူးလွန်ခဲ့တယ် ဆိုတာ အမြဲတမ်း သတိရနေစေချင်လို့လေ"လို့ ပြောဆိုခဲ့ပါတယ်။
လူဝင် သွားတဲ့ဂိုး ဘောလုံးပွဲ တစ်ပွဲမှာ ဂိုးပေါက်ထဲ ဘောလုံး ၀င်သွားမှ ဂိုးလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ ပရိသတ် တစ်ဦးဖြစ်တဲ့ ဂျင်မီဂျမ့်ကတော့ လူသား ဂိုးအဖြစ် ကမ္ဘာ့မီဒီယာတွေမှာ နာမည်ကြီးခဲ့သူပါ။ (၂၀၀၄)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဖြစ် အိမ်ရှင် ပေါ်တူဂီနဲ့ ဂရိတို့ ယှဉ်ပြိုင် ကစားနေပါတယ်။ အဲဒီအချိန်မှာ ဂျင်မီဟာ ကွင်းထဲ ပြေးဝင်လာပြီး ဘာစီလိုနာ အသင်း တံဆိပ်နဲ့ အလံကို ပေါ်တူဂီ ကွင်းလယ်လူ လူးဝစ်ဖီဂို မျက်နှာဆီ လှမ်းပြီး ပစ်ပေါက်ခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဘာစီလိုနာကို စွန့်ခွာပြီး ခါးသီးလှတဲ့ ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းသွားတဲ့ ဖီဂိုကို အရှက် ခွဲဖို့ပါ။ အဲဒီနောက် ဂျင်မီဟာ ပေါ်တူဂီ ဂိုးပေါက်ထဲ ပြေးဝင်ပြီး သူ့ကိုယ်သူ ဘောလုံးလို အရှိန်ပြင်းပြင်း ပစ်ဝင် လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ရွှတ်နောက်နောက် နိုင်လွန်းတဲ့ ဂျင်မီကို ကွင်းလုံခြုံရေးတွေက လာခေါ်ပြီး ကွင်းပြင်ကို ထုတ်ခဲ့ရပါတယ်။
ကြယ်တစ်ပွင့် မွေးဖွားခြင်း (၂၀၀၄)ခုနှစ် ဥရောပ ဖလားမှာ အင်္ဂလန် အသင်းနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ဒေးဗစ်ဘက်ဟမ်းကို ပရိသတ်တွေက အများကြီး မျှော်လင့်နေကြပါတယ်။ အင်္ဂလန် အသင်းဟာ အဲဒီပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်ပြီးမှ ကံအကြောင်း မလှလို့ အိမ်ရှင် ပေါ်တူဂီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရတာပါ။ အင်္ဂလန်ဟာ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေး ၀ိန်းရွန်နီကို ပွဲထုတ်ခဲ့ပြီး အံ့ဩလောက်စရာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ရွန်နီဟာ (၄)ဂိုးသွင်းပြီး ပြိုင်ပွဲရဲ့ ငွေဖိနပ်ဆုရှင် ဖြစ်လာခဲ့တယ်။ ဆယ်ကျော်သက် တိုက်စစ်သမားလေးဟာ အကြောက်အလန့် ကင်းကင်းနဲ့ ပြိုင်ဘက်တွေကို ထိုးဖောက်ခဲ့ပြီး အင်္ဂလန်ကို အောင်မြင်မှုတွေ ရအောင် အားထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီနဲ့ပွဲမှာတော့ (၂၇)မိနစ်မှာတင် ဒဏ်ရာရသွားပြီး လူစားလဲခဲ့ရတာကြောင့် အင်္ဂလန်ရဲ့ အရှုံးရလဒ်ကို ကွင်းပြင်ကနေပဲ နာနာကျင်ကျင် ငေးကြည့်နေခဲ့ရရှာပါတယ်။ အဲဒီပြိုင်ပွဲမှာ အင်္ဂလန်ဟာ စိတ်ကျေနပ်စရာ အောင်ပွဲမျိုး မပိုင်ဆိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမား တစ်ယောက်ကိုတော့ အောင်မြင်စွာ မွေးဖွားပေးလိုက်နိုင်ခဲ့ပါတယ်။
ရွှေရောင်မျိုးဆက် တစ်ခုအတွက် ဒဏ်ရာဆိုး (၁၉၉၂)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲကို ယူဂိုဆလားဗီးယား အသင်းအနေနဲ့ ၀င်ကစားဖို့ ခွင့်မပြုတော့ဘူးလို့ UEFAက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတွင်းမှာ စစ်ပွဲတွေ နွှဲနေတာကြောင့် ယူဂိုကို ပြိုင်ပွဲဝင်ခွင့် ပယ်ချလိုက်တာလို့ ပုဒ်မ (၇၅၇)အရ UEFAက အရေးယူကြောင်း ကြေညာပါတယ်။ ဒါဟာ အသင်းကို အကြီးအကျယ် ပြင်ဆင်နေတဲ့ နည်းပြ အိုင်ဗီကာ အိုဆမ်အတွက် ဆိုးရွားလွန်းတဲ့ ဒဏ်ခတ်မှု ကျိန်စာတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ယူဂိုအသင်းဟာ (၁၉၈၇)ခုနှစ်၊ FIFA ကမ္ဘာ့လူငယ်ဖလား ချန်ပီယံ အသင်းကို အခြေပြုပြီး ဖွဲ့စည်းထားတာပါ။ ပြောရရင် ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးက ယူဂိုရဲ့ စုဖွဲ့မှုဟာ ရွှေရောင်မျိုးဆက်တစ်ခု အစပြုမယ့် အချိန်လို့ မျှော်လင့် စောင့်စားနေတုန်း ခုလို ပြိုင်ပွဲဝင်ခွင့် ပယ်ဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ယူဂိုမှာ နောင်တစ်ချိန် ခရိုအေးရှား လက်ရွေးစင် ဖြစ်လာမယ့် ဆူကာတို့၊ ဘိုဘန်တို့လို ကစားသမားတွေ၊ ဆဗိုင်ဆီဗစ်၊ ပရိုနက်စကီတို့လို ကစားသမားတွေနဲ့ အရမ်း တောင့်တင်းနေပါတယ်။ ယူဂိုအတွက် ပိုပြီး ရင်နာစရာ ဖြစ်ခဲ့တာကတော့ သူတို့အစား ပြိုင်ပွဲဝင်ခွင့် ရသွားတဲ့ ခြေစစ်ပွဲ အုပ်စု ဒုတိယ နေရာက ဒိန်းမတ်အသင်း ပြိုင်ပွဲမှာ ချန်ပီယံပါ ဖြစ်သွားတာပါပဲ။ ယူဂိုအသင်းသားတွေ စိတ်ထဲမှာ "ငါတို့သာ ပြိုင်ပွဲမှာ ကစားရရင်"ဆိုတဲ့ အတွေးကို ဘယ်လိုမှ ဖျောက်ဖျက် မရတော့မှာ သေချာပါတယ်။
ရှေ့ဖြစ်ဟော ပုရောဟိတ် ရေဘ၀ဲ ဂျာမနီနိုင်ငံက ငါးပြတိုက် တစ်ခုမှာ မွေးမြူထားတဲ့ ရေဘ၀ဲလေး တစ်ကောင်ကို ပေါလ်လို့ နာမည်ပေးထားပါတယ်။ အဲဒီ ရေဘ၀ဲလေးဟာ (၂၀၀၈)ခုနှစ်၊ ဥရောပဖလားမှာ ထူးခြားတဲ့ ဟောကိန်းတွေ ထုတ်ပေးခဲ့ရင်း ဂျာမန်ပရိသတ်တွေကြား လူသိများလာခဲ့ပါတယ်။ ဂျာမနီအသင်း ကစားရတဲ့ ပွဲစဉ် (၆)ခုမှာ ပေါလ်က (၄)ခုအတွက် မှန်အောင် ဟောကိန်း ထုတ်ပေးခဲ့ပါတယ်။ သူ့ကို ဂျာမနီနဲ့ ပြိုင်ဘက် အသင်းရဲ့ အလံတို့ ကပ်ထားတဲ့ မှန်ပုံးလေးတစ်ခုစီမှာ အစာအဖြစ် ယောက်သွားတွေ ထည့်ထားပေးပြီး ဘယ်မှန်ပုံးက အစာကို ရွေးမလဲဆိုတာ လူတွေက စောင့်ကြည့်ခဲ့တာပါ။ ပေါလ်ဟာ ရလဒ်တွေ မှန်ကန်အောင် ခန့်မှန်းခဲ့တဲ့ အတွက် ရှေ့ဖြစ်ဟော ပုရောဟိတ် ရေဘ၀ဲလေး ဖြစ်လာ ခဲ့ပါတယ်။ နောက်(၂)နှစ်အကြာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပေါလ်ဟာ ပိုနာမည်ကြီး လာပြီး (၈)ပွဲစာ ခန့်မှန်းရာမှာ ပွဲအားလုံး မှန်အောင် အဖြေ ထုတ်ပေးနိုင်ခဲ့ပါတယ်။
ပွဲကြည့်စင်ပေါ်က ရန်ပွဲ (၁၉၈၀)ပြည့်နှစ်က ဥရောပဖလားကို အိမ်ရှင်အဖြစ် အီတလီ နိုင်ငံက လက်ခံ ကျင်းပခဲ့သည်။ ထိုစဉ်က ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနှင့် အင်္ဂလန် အသင်းတို့သည် တူရင်မြို့တွင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ထိုပွဲတွင် အင်္ဂလန်၏ ရေးဝီလ်ကင်စ်က အဖွင့်ဂိုးကို စတင်သွင်းယူသည်။ သို့သော်လည်း (၃)မိနစ်အတွင်း ဘယ်လ်ဂျီယံဘက်မှ ရီနီ ဗန်ဒါရစ်ကန်က ချေပဂိုး ပြန်လည် သွင်းယူသွားသည်။ ထိုအခါ အီတလီ ဘောလုံး ပရိသတ်များက ဘယ်လ်ဂျီယံကို အားပေးကြသည့်နောက် အင်္ဂလန် အစွန်းရောက် အားပေးသူများက ပြဿနာ ရှာရာမှ ရန်ပွဲများ ဖြစ်ပွားခဲ့သည်။ အီတလီ ရဲများသည် ပွဲကြည့်စင်ပေါ်သို့ မျက်ရည်ယိုဗုံးများပါ ပစ်တင်ပြီး လူစုခွဲရန် ကြိုးစားခဲ့ရသလို ပွဲသည်လည်း (၅)မိနစ်မျှ ရပ်ဆိုင်းထားလိုက်ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အင်္ဂလန် ပရိသတ်များ၏ ပြဿနာရှာသော ညာဉ်သည် ဥရောပကို ပျံ့နှံ့လာမည်ဟု ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ အင်္ဂလန်သည် ပရိသတ်များကြောင့် နာမည်ပျက်ခဲ့သည့် အပြင် ဘယ်လ်ဂျီယံနှင့် အီတလီတို့နောက် အုပ်စုတတိယသာ ရခဲ့ပြီး အုပ်စုအဆင့်မှပင် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
အနီများသွားတဲ့ လိမ္မော် (၁၉၇၆)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲဟာ နယ်သာလန် ဂန္ထ၀င် ဘောလုံး သမားကြီး ဂျိုဟန်ခရိုက်ဖ်ရဲ့ နိုင်ငံတကာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာတော့မှာပါ။ ခရိုက်ဖ်ရဲ့ လိမ္မော်ရောင် တပ်ပေါင်းစုဟာ အဲဒီပြိုင်ပွဲအတွက် အများကြီး မျှော်လင့် ပြင်ဆင်လာပြီး အကြို ဗိုလ်လုပွဲ အဆင့်မှာ ချက်ကိုဆလိုဗက်ကီးယား အသင်းနဲ့ ရင်ဆိုင်ရပါတယ်။ ပထမတော့ ချက်ကစားသမား တစ်ယောက် အထုတ်ခံရတာကြောင့် နယ်သာလန်က လူအသာစီးနဲ့ ကစားပြီး (၁)ဂိုးစီ သရေ ဖြစ်နေပါတယ်။ ဒါပေမဲ့ နယ်သာလန်တို့ အရေးနိမ့်ဖို့ ကြုံလာတော့ ဂျိုဟန်နဲ့ နီးကက်စ်တို့ အထုတ်ပယ်ခံလိုက်ရတယ်။ ပြီးတော့ ခရိုက်ဖ်ကိုယ်တိုင်လည်း အ၀ါကတ် ထိခဲ့တာကြောင့် ဗိုလ်လုပွဲကို နယ်သာလန် အသင်း တက်ရောက်ခွင့် ရရင်တောင် ပါဝင်ကစားခွင့် မရတော့ဘူး ဖြစ်သွားပါပြီ။ ချက်ဟာ အချိန်ပိုမှာ အနိုင်ဂိုး စပြီး သွင်းယူခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ခရိုက်ဖ်ကို ချက်ကစားသမားတွေက ပေါ်ပေါ်ထင်ထင် ဥပဒေမဲ့ ဖျက်ထုတ်ခဲ့ပေမယ့် ဒိုင်က အရေးမယူခဲ့ပါဘူး။ နောက်တော့ နယ်သာလန်က ၀မ်းဗန် ဟန်နီဂန်ပါ အနီကတ် ထပ်ထိပြီး ပွဲအပြီးမှာ ချက်က (၃-၁)နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ရွှေရောင်ဂိုးအတွက် ရွှေရောင်ဂုဏ်ပြုမှု "သူ့လို ပုဂ္ဂိုလ်မျိုးနဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ရခဲ့တာ ကျွန်တော် အမြဲတမ်း ဂုဏ်ယူနေမိပါလိမ့်မယ်"လို့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗာ ဘီယာဟော့ဖ်က (၁၉၉၆)ခုနှစ်၊ ဥရောပဖလား ဗိုလ်လုပွဲအပြီး ဗြိတိန် ၀န်ကြီးချုပ် ဂျွန်မေဂျာနဲ့ တွေ့ဆုံပြီးချိန်မှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဗြိတိန်မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ချက်အသင်းကို အနိုင်ယူပြီး ဂျာမနီဟာ ရွှေဂိုးစည်းမျဉ်းနဲ့ အနိုင်ရတဲ့ ပထမဆုံး ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဘီယာဟော့ဖ်ဟာလည်း ဥရောပ ပြိုင်ပွဲရဲ့ ပထမဆုံး ရွှေဂိုးသွင်းယူတဲ့ ကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တယ်။ ချယ်လ်ဆီး အသင်းကို အားပေးတဲ့ ၀န်ကြီးချုပ် မေဂျာဟာ ဗိုလ်လုပွဲကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ အားပေးခဲ့ပါတယ်။ ချက်အသင်းဟာ အုပ်စု အဆင့်မှာ ဂျာမနီကို ခြေစွမ်း ပြတ်ပြတ်သားသားနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ပက်ထရစ်ဘာဂါရဲ့ သွင်းဂိုးနဲ့ ဦးဆောင် ကစားခွင့်တောင် ရခဲ့ပါသေးတယ်။ ဒါပေမဲ့ နည်းပြ ဘာတီဗောက်ရဲ့ ဇနီးဖြစ်သူက ရွေးချယ်သင့်တယ်လို့ ထောက်ခံချက်ကြောင့် ဥရောပပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့သူ ဘီယာဟော့ဖ်က ခေါင်းတိုက် ချေပဂိုး သွင်းယူပြီး ချက်တို့အတွက် သေရာပါ ထိုးနှက်ချက် ရွှေဂိုးကိုလည်း အချိန်ပိုမှာ သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသည်းခွဲသမား အရန်များ (၂၀၀၀)ပြည့်နှစ် ဥရောပဖလား ဗိုလ်လုပွဲကတော့ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ ခံစစ်ကို အကောင်းဆုံး တည်ဆောက်ပြီး အိမ်ရှင် နယ်သာလန်ကို အကြို ဗိုလ်လုပွဲမှာ ဖြိုချခဲ့တဲ့ အီတလီနဲ့ (၁၉၉၈)ခုနှစ်၊ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်တို့ရဲ့ တွေ့ဆုံမှုဟာ ပွဲကြီးပွဲကောင်း ဖြစ်လာခဲ့တယ်။ ရလဒ်ကတော့ အီတလီ အသင်း အချိန်ပိုမှာ အရေးနိမ့်ပြီး ပြင်သစ်တို့ ဗိုလ်စွဲ သွားတာပါ။ "ကျွန်တော့်ကိုယ် ကျွန်တော် သေနတ်နဲ့ ပစ်လိုက်မိသလို ခံစားရတယ်" လို့ အီတလီ နည်းပြ ဒီနိုဇော့ဖ်က ကြေကြေကွဲကွဲ ညည်းညူ ခဲ့ပါတယ်။ အီတလီဟာ မာကို ဒယ်လ်ဗက်ချီယိုရဲ့ သွင်းဂိုးနဲ့ ပြင်သစ်အပေါ် ဦးဆောင်နိုင်ခဲ့သလို ပြင်သစ် တိုက်စစ်မှူးတွေကိုလည်း လှုပ်လို့ မရအောင် ထိန်းချုပ် ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်နည်းပြ ရိုဂျာ လီမီရီဟာ သူရဲကောင်းဆန်ဆန် တားဆီး ကာကွယ်နေတဲ့ အီတလီ နောက်တန်းကို ဖြိုဖို့ အသင်းရဲ့ အရန် ကစားသမား (၃)ယောက် ဖြစ်တဲ့ ရောဘတ်ပီရက်စ်၊ ဆီလ်ဗိန်း ၀ီလ်တော့ဒ်နဲ့ ဒေးဗစ် ထရာဇီဂေးတို့ကို လူစား သွင်းခဲ့ပါတယ်။ ပွဲပြီးဖို့ စက္ကန့်ပိုင်း အလိုမှာ အီတလီအသင်း ကြေကွဲစေမယ့် ချေပဂိုးကို ၀ီလ်တော့ဒ်က သွင်းယူပါတယ်။ ပြီးတော့ အချိန်ပိုမှာ ပီရက်စ် ချိုးပေးလိုက်တဲ့ ဘောလုံးကို ထရာဇီဂေးက ပိတ်သွင်းပြီး ပြင်သစ်တို့ အနိုင် ရခဲ့တယ်။ အသင်း ဂျာစီကို ဆွဲချွတ်ပြီး ပြေးလွှား အောင်ပွဲခံနေတဲ့ ထရာဇီဂေးရဲ့ ပျော်ရွှင်မှုရယ်၊ မယုံနိုင်စရာ ကြေကွဲမှုတွေကြောင့် မျက်ရည်လည်ရွဲ ဖြစ်နေတဲ့ ဖရန်ဆက်စကို တော့တီနဲ့ သောကရယ်ဟာ (၂၀၀၀)ပြည့်နှစ် ဥရောပ ဖလားရဲ့ မမေ့နိုင်စရာ သမိုင်းဝင် ပုံရိပ်တွေ ဖြစ်လာ ပါတော့တယ်။
မှတ်ချက်။ ။ SM Journal Vol.1 No.35 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
|