Friday, 24 May 2013
Home MNL Articles ရခိုင် တိုင်းရင်းသားတို့ အတွက် ဘောလုံးလောကရဲ့ ထောက်ပံ့ရေး ခရီးစဉ်

ရခိုင် တိုင်းရင်းသားတို့ အတွက် ဘောလုံးလောကရဲ့ ထောက်ပံ့ရေး ခရီးစဉ် PDF Print E-mail
Written by မိုးဝေ   
Thursday, 14 June 2012 15:02
Share |

မနေ့က နံနက်ခင်း အစောပိုင်းက လေကြောင်းလိုင်းနဲ့ စစ်တွေကို နေ့ချင်းပြန် သွားဖြစ်ခဲ့ပါတယ်။ လေယာဉ်တက်ခွင့် ကြန့်ကြာနေတာကြောင့် မူလ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ထွက်ခွာ ဖြစ်ခဲ့ပေမယ့် စစ်တွေကို အန္တရာယ် ကင်းစွာနဲ့ ဆင်းသက် ခွင့်ရခဲ့ပါတယ်။ ပြေးလမ်းပေါ်မှာ အရှိန်မသေသေးပေမယ့် ဘေးဘီမြင်ကွင်း တစ်ခုက ကျွန်တော်တို့ အဖွဲ့ကို ဆီးကြိုနေ ခဲ့ပါတယ်။ စစ်တွေလေဆိပ် အဆောက်အအုံရဲ့ နောက်ဘက်မှာ မီးခိုးတွေ အူတက်နေတာကို တွေ့မြင် လိုက်ရပါတယ်။


ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ နေရှင်နယ်လိဂ် ကလပ်အသင်းတွေရဲ့ အသင်းပိုင်ရှင်တွေ၊ တာဝန်ရှိသူတွေ လိုက်ပါခဲ့တဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မိသားစု၊ ဆွေမျိုးသား ချင်းတွေက စိုးရိမ်တကြီး ဖြစ်ခဲ့ကြပေမယ့် ခရီးစဉ်ကို လိုက်ပါခဲ့တဲ့ ၄၀ကျော်တဲ့ ပုဂ္ဂိုလ် အားလုံးကတော့ တက်တက်ကြွကြွပါပဲ။ လေယာဉ် တက်ခွင့်ရပြီဆိုတဲ့ အချိန်မှာတောင် ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ မြန်မာ တိုင်းရင်းသားတွေကို ကူညီခွင့်ရပြီဆိုပြီး ၀မ်းပန်းတကာ လက်ခုပ်တီး ခဲ့ကြပါသေးတယ်။


လူသူကင်းမဲ့ပြီး ခြောက်တိခြောက်ကပ် ဖြစ်နေတဲ့ စစ်တွေမြို့ထဲကို ယာဉ်တန်းတွေနဲ့ စီတန်း ထွက်ခွာချိန်မှာတော့ ကျီးလန့်စာစား ဖြစ်နေတဲ့ ဒေသခံတိုင်းရင်းသား တချို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ လူစုစု စုစုဖြစ်နေတဲ့ နေရာတစ်ခုရောက်တော့ ဘာများထူးသလဲ ကားပြတင်းပေါက်မှန်ကို ကျော်ကြည့်လိုက်ချိန် မီးဟုန်းဟုန်းတောက်နေတဲ့ အဆောက်အအုံတစ်ခုကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ ခြံတံတိုင်း အပြင်ဘက်မှာ လူအနည်းအကျဉ်းသာ ရပ်ကြည့်နေကြပြီး အိမ်နီးနားချင်းလို့ ဆိုရမယ့် အဆောက်အအုံတွေရဲ့ အိမ်ရှေ့မှာတစ်မျိုး၊ အပေါ်ထပ် ၀ရံတာမှာ တစ်ဖုံ ညှိုးငယ်နေတဲ့ မျက်နှာတွေနဲ့ ဒေသခံ တချို့ကို တွေ့ရပါတယ်။ မီးလောင်နေတဲ့ အဆောက်အအုံကိုတော့ ၀ိုင်းဝန်း မီးငြိမ်းသတ်ခြင်း မရှိသလို သက်ဆိုင်ရာ အဖွဲ့အစည်းကလည်း ရောက်မလာသေးပါဘူး။

ဒီလိုနဲ့ စစ်တွေမြို့ရဲ့ မြို့တော်ခန်းမကို ရောက်ခဲ့ပါတယ်။ အားလုံး အပြေးအလွှားနဲ့ အခမ်းအနား တစ်ခုကို အမြန်ကျင်းပခဲ့ပါတယ်။ ခန်းမရဲ့ အရှေ့ဘက်ခြမ်းမှာတော့ လှူဒါန်းပွဲ အခမ်းအနား ကျင်းပနေပြီး နောက်ဘက်ခြမ်း မှာတော့ ပြည်နယ် လုံခြုံရေးအတွက် စီမံကွပ်ကဲနေတဲ့ ကွပ်ကဲရေး စင်တာတစ်ခုတွေ့ရပါတယ်။ မြေပုံတွေ၊ တယ်လီဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စာရွက်စာတမ်းတွေနဲ့ ကိုယ်စီ အလုပ်များနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အိပ်ရေးပျက်ထားတဲ့ မျက်နှာပြင်က သိသာလွန်းလှပါတယ်။

အလှူ့ရှင်တွေရဲ့ လှူဒါန်းမှုတွေကို ခရီးစဉ်နဲ့ အတူလိုက်ပါလာတဲ့ သတင်းဓာတ်ပုံ ဆရာတွေက ဓာတ်ပုံတွေ အဆက်မပြတ် ရိုက်နေကြပါတယ်။ အစီအစဉ်တကျ စီစဉ်နိုင်ခြင်းမရှိဘဲ အားလုံး တက်သုတ်ရိုက်နေခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုံးအရှေ့မှာ အဆင်သင့် စီတန်းစောင့်ဆိုင်းနေတဲ့ ယာဉ်တန်းဆီ အပြေးအလွှားတက်ကာ နေရာယူပြီး ချက်ချင်းပဲ ကယ်ဆယ်ရေး စခန်းတစ်ခုကို ခရီးဆက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ပြည်နယ်က တာဝန်ရှိသူတွေနဲ့ အလုပ်မပြီးပြတ်သေးတဲ့ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကားပေါ် ပါမလာခဲ့လို့ ယာဉ်တချို့ ပြန်လှည့်ပြီးခေါ်ရပါသေးတယ်။


လေဆိပ်ကနေ လာခဲ့တုန်းက မြင်ခဲ့ရတဲ့ မီးလောင်နေတဲ့ အဆောက်အအုံက မီးငြိမ်းသလောက် ဖြစ်နေတာ တွေ့ရပြီး လမ်းပေါ်မှာတော့ မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ကားတစ်စီးနဲ့ လုံခြုံရေး တာဝန်ကျ လက်နက်ကိုင် စစ်သားတချို့ နေရာယူထားတာကို တွေ့ရပါတယ်။ လမ်းဆုံလမ်းခွဲတိုင်းနဲ့ မြို့နယ်အတွင်းက ရဲစခန်းတွေ၊ အရေးကြီး အဆောက်အအုံတွေ ရှေ့မှာတော့ လုံခြုံရေး ၀န်ထမ်းတွေ၊ ယာဉ်ထိန်းတာဝန်ရှိသူတွေကို အများအပြား တွေ့မြင်ရပါတယ်။ ဘယ်လို အမည်ပေးထားမှန်း မသိတဲ့ အ၀ိုင်းပတ် တစ်ခုမှာတော့ အ၀တ်အစား အမှိုက်သရိုက်တွေ အပုံလိုက် မြင်မကောင်းအောင် ဖြစ်နေတာကို သတိပြုမိခဲ့ပါတယ်။ စစ်တွေမြို့ခံတွေ အနေနဲ့ကတော့ မိမိတို့ အိမ်တွင်းကပဲ ယာဉ်တန်းကို စိတ်ဝင်တစား ငေးမောနေတာ တွေ့ရပါတယ်။

ဒီလိုနဲ့ အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်းကို ရောက်ရှိခဲ့ပါတယ်။ ဘုရားစောင်းတန်း တစ်လျှောက်မှာ ကိုရင်ငယ်လေးတွေ၊ ဘုန်းကြီးတွေနဲ့ ရခိုင်တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး တချို့ကို တွေ့ရပါတယ်။ ကယ်ဆယ်ရေး စခန်းအတွက် အလှူ့ရှင်တွေ အလာကို စောင့်ကြိုရင်းက ထောက်ပံ့ရေး ပစ္စည်းတွေကို သယ်ယူရာမှာ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်လုပ်အားပေး ခဲ့ကြပါတယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တွေ ကိုယ်တိုင်က ၀င်ရောက် လုပ်အားပေးခဲ့တာကြောင့် အားလုံးကလည်း အားတက်သရော ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ စောင်းတန်း တစ်လျှောက် ၀င်သွားလိုက်တာ ဒုက္ခသည်တိုင်းရင်းသားပေါင်း ရာနဲ့ချီပြီး ခိုနားနေရတဲ့ ဘုရားကျောင်း အဆောက်အအုံထဲ ရောက်ခဲ့ပါတယ်။

စည်းကမ်းတကျ ကိုယ့်နေရာ ကိုယ်ယူကာ ထိုင်နေကြတဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေ အစ ထိတ်လန့်နေတဲ့ သက်ကြီးရွယ်အိုတွေ အဆုံး သောကတွေနဲ့ ဒုက္ခသည် များစွာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီလိုနဲ့ လှူဒါန်းကြ၊ အားပေးစကားတွေ ပြောကြနဲ့ အားလုံး ရှုပ်ယှက်ခတ်နေချိန်မှာ မိမိတိုင်းရင်းသားတွေ အတိဒုက္ခရောက်နေတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားခဲ့ရတဲ့ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်ခု ဖြစ်တဲ့ နေပြည်တော်အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း တစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ကလေးငယ်တွေကို ပါလာတဲ့ မုန့်တွေ သကြားလုံးလေးတွေ ကျွေးသူကကျွေး၊ ဒေသခံတွေနဲ့ စကားလက်ဆုံ ကျသူကကျ၊ ကလေးငယ်လေးတွေကို ဓာတ်ပုံရိုက်သူကရိုက်နဲ့ သိပ်မကြာခင်မှာပဲ အာဂျိတ်တောင်က ပြန်လည် ထွက်ခွာခဲ့ပါတယ်။ ကားတွေပေါ်ကို အရောက်မှာတော့ ရွာသွန်းချလိုက်တဲ့ မိုးကြောင့် အားလုံး စိုရွှဲကုန်ပါတော့တယ်။

အဲဒီနောက်မှာတော့ ကျွန်တော်တို့ ယာဉ်တန်းဟာ တပ်ဦးပရိယတ္တိစာသင်တိုက်ရှိ စာသင်ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ မိုးဖွဲဖွဲ ရွာသွန်းနေတဲ့ ကြားက ကျောင်းရှေ့ကွက်လပ်နေရာမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ ငုတ်တုတ်ထိုင်ကာ အလှူ့ရှင်တွေကို စောင့်ကြိုနေတာ တွေ့လိုက်ရပါတယ်။ ဆရာတော်တွေက အုပ်ထိန်းထားပြီး ကျွန်တော်တို့ အဖွဲ့ဝင်သွားတယ် ဆိုရင်ပဲ သူတို့မျက်ဝန်း အစုံဟာ အရောင်တွေတောက် သွားပါတော့တယ်။ ရယ်မော ပြုံးရွှင်မှုတွေနဲ့ အတူ အံ့သြနေတဲ့ သူတို့တတွေရဲ့ ပါးစပ်က "ပြေတီဦး ပါလာတယ်၊ ပြေတီဦး၊ ပြေတီဦး" ဆိုပြီး အော်ဟစ်ကာ မတ်တပ်တွေ ရပ်လာ ပါတော့တယ်။ စစ်တွေကို သွားရောက်ခဲ့တဲ့ အထဲမှာ ဘောလုံးအသိုင်းအ၀ိုင်းက လူတွေက ဦးဆောင်ပြီး သွားခဲ့တယ် ဆိုပေမယ့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ၀ိုင်းတို့အပြင် လုပ်ငန်းရှင် တချို့လည်း လိုက်ပါသွားခဲ့ပါတယ်။


ပြေတီဦးက "ဘာမှ စိတ်မပျက်ကြပါနဲ့၊ အားမငယ်ကြပါနဲ့၊ ကျွန်တော်တို့တတွေ နိုင်သလောက် ၀ိုင်းကူပေးကြမှာပါ" စသဖြင့် တစ်ဦးချင်းစီကို စိတ်ရှည်လက်ရှည် လက်ဆွဲနှုတ်ဆက်ကာ ပြုံးရွှင်သော မျက်နှာနဲ့အတူ အားပေးစကား ပြောကြားခဲ့တာက သူတို့ သူတို့တွေအတွက်တော့ အားဆေးတစ်ခု ဖြစ်ခဲ့မယ်လို့ ထင်မိပါတယ်။ အဲဒီနောက်မှာတော့ ဦးဇော်ဇော် ဦးဆောင်တဲ့ အဖွဲ့က ပါလာတဲ့ ခေါက်ဆွဲခြောက်၊ စောင်၊ ပန်းကန်ခွက်ရောက်တွေနဲ့ အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။ မိုးတွေ ရွာချလာပေမယ့် စိုစိုရွှဲရွှဲနဲ့ လှူတဲ့သူကလှူ၊ လက်ခံတဲ့သူက လက်ခံရင်း ကားပေါ်ရောက် ချိန်မှာတော့ အားလုံး အတော်လေးကို ရွှဲစိုနေ ခဲ့ပါတော့တယ်။

"ဘာမှ စိတ်မပျက်ကြပါနဲ့၊ အားမငယ်ကြပါနဲ့၊ ကျွန်တော် တို့တတွေ နိုင်သလောက် ၀ိုင်းကူပေးကြမှာပါ" စသဖြင့် တစ်ဦးချင်းစီကို စိတ်ရှည်လက်ရှည် လက်ဆွဲနှုတ်ဆက်ကာ ပြုံးရွှင်သော မျက်နှာနဲ့အတူ အားပေးစကား ပြောကြားခဲ့တာက သူတို့ သူတို့တွေ အတွက်တော့ အားဆေးတစ်ခု ဖြစ်ခဲ့မယ်လို့ ထင်မိပါတယ်...အဲဒီနောက်မှာတော့ သတ်မှတ်ထားတဲ့ အချိန်မပြည့်မီ လေဆိပ်ကို အပြေးပြန်ရမှာ ဖြစ်ပေမယ့် ဒေသအာဏာ ပိုင်များက စစ်တွေမြို့ရဲ့ မီးပြတိုက်ဘက်ကို ပတ်မောင်းပြပြီး ၅မိနစ်ပင် မပြည့်တဲ့ အချိန်အတွင်း စစ်တွေမီးပြတိုက်ရဲ့ ရှုခင်းအလှကို ခံစားစေ ခဲ့ပါတယ်။ အားလုံး အလုအယက် ဓာတ်ပုံရိုက်သူရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့ အပြေးအလွှားနဲ့ မီးပြတိုက်က ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လေဆိပ်ကို ပြန်ရောက်လာချိန်မှာတော့ ကမ္ဘောဇအသင်းရဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းအောင်က အားလုံးလေယာဉ်ပေါ် အမြန်တက်ကြရန်နှင့် ၅မိနစ်အတွင်း ပြန်လည် ထွက်ခွာရမည် ဖြစ်ကြောင်း ဆော်သြနေတာ တွေ့ရပါတယ်။ လေယာဉ်ကွင်းထဲ အပြေးအလွှားနဲ့ ၀င်ရောက်ခဲ့ကြပြီး ရပ်နားထားတဲ့ လေယာဉ်တွေနဲ့ ဓာတ်ပုံတချို့ ရိုက်ဖြစ်ခဲ့ပြီး လေယာဉ်ပေါ်ကို တက်ခါနီး အချိန်မှာတော့ အင်္ကျီအဖြူရောင် ရှေ့ဘက်ခြမ်းမှာ ရွှံ့တွေပေနေတဲ့ ဦးဇော်ဇော်လည်း အပြေးအလွှား ရောက်လာပါတော့တယ်။


လေယာဉ်ပေါ်မှာ လူစုံမစုံစစ်ဆေးအပြီးမှာတော့ ကျွန်တော်တို့ လေယာဉ်လည်း ပြေးလမ်းပေါ် ရောက်ရှိသွားပါတော့တယ်။ ပုံမှန်အချိန်တွေမှာဆိုရင်တော့ ပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ စစ်တွေမြို့ရဲ့ အလှကို ကောင်းကောင်းခံစားခွင့် ရမယ်လို့ ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ လေယာဉ် အပေါ်က မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ဒေသခံတွေအတွက် စိုးရိမ်စိတ်တွေသာ ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ မီးလောင်မှုနှစ်ခုကို အပေါ်က မြင်တွေ့ခဲ့ရပြီး ဒေသခံတွေနဲ့ စကားပြောဖြစ်ခဲ့ချိန်မှာလည်း "အကြမ်းဖက်တဲ့ အုပ်စုတွေက မနက်အစောပိုင်းဆို မလာသေးဘူး။ ၁၁နာရီ၊ ၁၂နာရီလောက်မှ စတာ" လို့ ဆိုခဲ့တာကြောင့်ပါ။

ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က "မြင်တွေ့ လိုက်ရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ တကယ်ကို ဒေသအတွက် လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ ပဋိပက္ခ ကိုလည်း အမြန်ဆုံး ပြီးသွား စေချင်ပါတယ်" လို့ ဂရုဏာသက်စွာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ရက္ခပူရအသင်း ပိုင်ရှင်ဖြစ်တဲ့ ဦးဇော်မင်းသိန်းကလည်း "ပုံတွေ အင်တာနက်က ကြည့်ရတာထက် တကယ် သွားတွေ့ရတော့ စိတ်ထဲမှာ မကောင်းပါဘူး။ အခုလို ကိုယ်ထိလက်ရောက် ကူညီလိုက်ရတဲ့ လှူဒါန်းလိုက်ရတဲ့ အတွက်တော့ စိတ်ထဲမှာ တော်တော်ဝမ်းသာမိပါတယ်။ ပီတိဖြစ်မိပါတယ်။ အခုလို ကူညီမှုမျိုးတွေ ထပ်ရပြီးတော့ ရခိုင်ပြည်နယ်သားတွေ အရင်ကလိုပဲ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်းလေး ပြန်ဖြစ်စေချင်ပါတယ်။ ကူညီမှုတွေဟာ နောက်ထပ်လည်း ထပ်ပြီးတော့ လိုအပ်နေဦးမှာပါ" လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း "ရခိုင်ပြည်နယ်ကို အရင်တုန်းကလို ပုံစံလေးနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်စေချင်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အာဃာတတွေ ထားနေရင်တော့ ပြဿနာက ပြီးတော့မှာ မဟုတ်ပါဘူး။ တိုင်းပြည် အနေနဲ့ရော၊ ပြည်နယ်အနေနဲ့ရော ငြိမ်းချမ်းမှု ရှိနေမှသာ တိုးတက်နိုင်မှာပါ။ ဒီလို ပြဿနာတွေသာ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်အနေနဲ့ အများကြီး တိုးတက်မှု နောက်ကျသွားနိုင်ပါတယ်။ ငြိမ်းချမ်းဖို့ကိုပဲ လိုလားပါတယ်" လို့ သူ့အမြင်ကို သုံးသပ်ပြခဲ့ပါတယ်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကလပ်အသင်းများ၊ ပြေတီဦး၊ ၀ိုင်းအစရှိသည့် အနုပညာရှင်များနဲ့ လုပ်ငန်းရှင်အချို့၊ သတင်းနဲ့ အားကစား မီဒီယာအချို့ရဲ့ စုစုပေါင်း လှူဒါန်းငွေဟာ ကျပ်သိန်း ၅၀၀၀ကျော် ခဲ့ပါတယ်။ ဒီငွေပမာဏနဲ့ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းတွေနဲ့ ဒုက္ခရောက်နေသူ အပေါင်းကို အတိုင်းအတာတစ်ခုအထိ ကူညီထောက်ပံ့ပေးနိုင်မှာတော့ အသေအချာပါပဲ။ အခုခရီးစဉ်မှာ ဦးစီးဦးဆောင် ပြုခဲ့တဲ့အပြင် ငွေကျပ် သိန်း ၁၅၀၀ကျော် ပါဝင်လှူဒါန်းခဲ့တဲ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ "ကျွန်တော့်မှာလည်း အကြွေးဆိုတာ ရှိတာပါပဲ။ ပိုပြီး ချမ်းသာဖို့အတွက်၊ ရှိတဲ့အကြွေး လျော့သွားဖို့ ဆိုပြီး စဉ်းစားမနေနိုင်ပါဘူး။ အဓိကရည်မှန်းတာက ဒေသမှာ ရှိနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ အမြန်အဆင်ပြေ သွားစေချင်တာပါပဲ။ ကျွန်တော် တတ်နိုင်တဲ့ ငွေကြေး ပမာဏကို လှူဒါန်းတာပါ။ အခုလို ငွေတွေ လှူတဲ့အခါမှာ ဝေဖန်ခံရတာလည်း ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ဝေဖန်ခံရမှာစိုးလို့ ဆိုပြီး နည်းနည်းပဲ လှူမယ်ဆိုရင် လိုအပ်နေတဲ့သူတွေ နည်းနည်းပဲ ရမှာပေါ့။ ဝေဖန်မှုခံရတာထက် တကယ် ဒုက္ခရောက်နေတဲ့သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ပဲ ရည်ရွယ် လှူဒါန်းခဲ့တာပါ" လို့ စာရေးသူထံ ဖွင့်ဟခဲ့ပါတယ်။


ယခုခရီးစဉ်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းမှုမရမချင်း ဒုက္ခသည် အရေအတွက် ဆက်ပြီးတိုးတက်လာမှာ ဖြစ်သလို ထောက်ပံ့မှုတွေလည်း ပိုပြီးတော့တောင် လိုအပ်လာဦးမှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးတစ်ခု အမြန်ဆုံးပြန်လည်ရရှိဖို့ ဆန္ဒပြုမိပါတယ်။ ဒါမှလည်း ဒေသတွင်း ငြိမ်းချမ်းလာတာနဲ့အမျှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ အားကစားကလောင်ရှင် တစ်ဦးဖြစ်တဲ့ ဆရာဇော်သက်ထွေးကတော့ "တကယ်ဒုက္ခရောက်တဲ့ သူတွေဆီကို တကယ်ရောက်ပြီး အကူညီပေးခဲ့ ရတာကပဲ အရေးအကြီးဆုံးပါ။ အမြင်တွေ ကန့်သတ်ချက်တွေက ဘာမှ အရေးမပါတော့ပါဘူး။ အခုဖြစ်တဲ့ ပဋိပက္ခတွေ အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့နဲ့ နောက်တစ်ခုက တိုင်းပြည်ရဲ့ Transition Period ကို အထိအခိုက် မရှိအောင် သွားဖို့ အရမ်းအရေးကြီးတယ် ဆိုတာကို ပြည်သူပြည်သားများ အားလုံး သိစေချင်ပါတယ်" လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာဇော်သက်ထွေး ပြောသွားတဲ့ အချက်က တိုင်းပြည်အတွက် တကယ့်ကို အရေးပါတဲ့ Message တစ်ခု၊ သတိပေးချက် တစ်ခုလို့ မြင်မိပါတယ်။ အားကစားနည်း တစ်ခုသက်သက် ဖြစ်ပေမယ့် တိုင်းပြည်အတွက် ကိုယ့်လူမျိုး တိုင်းရင်းသားတွေ အတွက် လိုအပ်တဲ့အချိန်မှာ ကျရာအခန်းကဏ္ဍက ပါဝင်ကူညီထောက်ပံ့ပေးတဲ့ ဘောလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနဲ့တကွ ဘောလုံးကလပ်အသင်း ပိုင်ရှင်များရဲ့ စိတ်ရင်းစေတနာနဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးမိပါတယ်။ တကယ့်ကို လိုအပ်နေတဲ့အချိန်မှာ ကယ်ဆယ်ရေးစခန်းတွေ အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တဲ့ သူတို့တတွေလိုပဲ နောက်ထပ် နောက်ထပ် အလှူရှင်တွေ ပေါ်ပေါက်လာပါစေ၊ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းသွားပါစေလို့ ဆုတောင်းဆန္ဒပြုရင်း....

မိုးဝေ (၁၄၊ ဇွန်၊ ၂၀၁၂)

 

Last Updated on Thursday, 14 June 2012 15:21
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.