Thursday, 23 May 2013
Home Myanmar Others အခြား ဆောင်းပါးများ အားလုံးကိုယ်စီ မှတ်ကျောက်တင် ခံမယ့်ပွဲ

အားလုံးကိုယ်စီ မှတ်ကျောက်တင် ခံမယ့်ပွဲ PDF Print E-mail
Written by မိုးဝေ   
Friday, 01 June 2012 12:55
Share |

လာမယ့် ဇွန်လ ၂၃ရက်နေ့ ဆိုရင် ရန်ကုန်က ဘောလုံး ၀ါသနာရှင် ပရိသတ်တွေ အတွက် ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှု အားပေးခွင့် ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတစ်ခု လက်ခံ ကျင်းပဖို့ ရှိနေပါတယ်။ ပြိုင်ပွဲက အာရှတိုက် အတွင်း လက်ရွေးစင် အဆင့် ပြိုင်ပွဲတွေထဲက ဒုတိယ အမြင့်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ အာရှဖလား အသက် (၂၂)နှစ်အောက် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနဲ့ သုဝဏ္ဏ ကွင်းတွေမှာ လက်ခံ ကျင်းပမယ့် ပွဲတွေကတော့ အုပ်စုအဆင့် ခြေစစ် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။


မြန်မာ ယူ-၂၂ အသင်းနဲ့ အတူ အုပ်စု (G) မှာ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အသင်းတွေက တောင်ကိုရီးယားလို အာရှထိပ်သီး နိုင်ငံမျိုး အပါအ၀င် မြန်မာ အသင်းနဲ့ ခြေစွမ်းချင်း သိပ်မကွာလှတဲ့ ဗီယက်နမ်၊ မလေးရှား၊ တရုတ်တိုင်ပေ၊ ဖိလစ်ပိုင် စတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယား အသင်းကတော့ ဒီအုပ်စုမှ စူပါဖေးဘရိတ် အသင်းလို့ ဆိုနိုင်ပြီး အိမ်ရှင် မြန်မာအသင်း အနေနဲ့ ကျန်တဲ့ အသင်းတွေ အားလုံးနဲ့ ပွဲစဉ်တွေမှာ အမှားအယွင်း မရှိ ကစားနိုင်မယ် ဆိုရင်တော့ အုပ်စု အဆင့်ကို ကျော်ဖြတ်လို့ ခြေစစ်ပွဲ အောင်မြင်မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလတုန်းက ရန်ကုန်မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတုန်းကတော့ ပရိသတ်တွေ မျှော်လင့် ထားသလို ဖြစ်မလာခဲ့ပါဘူး။ အဲဒီတုန်းက မြန်မာ ယူ-၁၉ အသင်းဟာ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဆီမီးမှာ ထိုင်းကိုရှုံးခဲ့ပြီး တတိယ လုပွဲမှာလည်း မလေးရှားကို ထပ်ရှုံးခဲ့ရပါတယ်။ ဒါကြောင့် အခုပြိုင်ပွဲမှာ မြန်မာ လူငယ်လေးတွေ ဘယ်အဆင့် ဘယ်အတိုင်းအတာထိ ခြေစွမ်းပြ ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့် ရဦးမှာပဲ ဖြစ်ပါတယ်။


ဆီးဂိမ်းစ်အသင်း


တာဝန် ရှိသူတွေရဲ့ ဆိုစကားတွေ အရတော့ ဒီယူ-၂၂ အသင်းဟာ လာမယ့် ၂၀၁၃ ဆီးဂိမ်းစ်မှာ ပြိုင်ပွဲဝင်မယ့် အမျိုးသား ဘောလုံးအသင်း ဖြစ်လာဖို့ ရှိနေပါတယ်။ နှစ်ပေါင်းများစွာ ကြာမှ မြန်မာတွေ အိမ်ရှင်လုပ်မယ့် ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲကြီးမှာ မြန်မာ ပရိသတ်တွေရဲ့ အဓိက မျှော်လင့်ချက်က ဒီဘောလုံး အသင်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း အခု ခြေစစ်ပွဲတွေမှာ ဒီလူငယ်လေးတွေ ဘယ်လိုဘယ်ပုံ ကစားပြမလဲ၊ အမှန် တကယ်ပဲ ဆီးဂိမ်းစ်မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်မယ့် အရည်အသွေးမျိုး ရှိနေလားဆိုတာ စောင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။

ဒီတစ်ကြိမ် အသင်းမှာ ထုံးစံအတိုင်း အသက်ကျော်နေတဲ့ ကစားသမား အချို့ ပါဝင်နေလို့ ဝေဖန်သံတွေ ထွက်ပေါ်နေတာလည်း တွေ့ရပါတယ်။ အတည် မပြုနိုင်သေးပေမဲ့ တောင်ကိုရီးယား ခရီးစဉ်ကို လိုက်ပါသွားတဲ့ အသက်ကျော် ကစားသမား တချို့ကို ချန်လှပ်ထားဖို့ စီစဉ်နေကြောင်း ကြားသိရပါတယ်။ အသင်းရဲ့ အဓိက ကစားသမား အများစုဟာ မြန်မာ နေရှင်နယ်လိဂ် ကလပ် အသင်းတွေရဲ့ အဓိက ကစားသမားတွေပါ။ လူငယ် အသင်းတစ်သင်း ဆိုပေမယ့်လည်း အတွေ့အကြုံ နည်းပါးလွန်းတဲ့ အသင်းမျိုးတော့ မဟုတ်ပါဘူး။ လက်ရှိ ယူ-၂၂ အာရှဖလား ခြေစစ်ပွဲ အုပ်စု အနေအထား အရတော့ မြန်မာတွေ ခြေစစ်ပွဲ အောင်ဖို့ အခွင့်အလန်း ရှိနေပါတယ်။ ကြိုးစားမှုနဲ့ စိတ်ဓာတ် စည်းကမ်းသာ မှန်ခဲ့မယ်ဆိုရင် မြန်မာ လူငယ်အသင်း အောင်မြင်ဖို့ နောက်ထပ် လိုအပ်တာ ကံကြမ္မာပဲလို့ ဆိုရမှာပါ။ ဒီပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင် ပေးနိုင်ရင်ပဲ ဆီးဂိမ်းစ် ပြိုင်ပွဲဝင်မယ့် မြန်မာ ဘောလုံးအသင်း အပေါ် ပရိသတ်ရဲ့ ယုံကြည်မှုနဲ့ ထောက်ပံ့ အားပေးမှုက အံ့မခန်း တိုးပွားလာဖို့ ရှိနေတယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။

ပတ်ဆောင်ဟွာ

တပြိုင်တည်းမှာပဲ ဒီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာ အတွက်လည်း ဒီပွဲက အရေး ပါနေပြန်ပါတယ်။ စပြီး ခန့်အပ်စဉ်တုန်းက လက်ရွေးစင်အသင်း နည်းပြချုပ်လို့ ဆိုခဲ့ကြပေမယ့် အခုထိတော့ လက်ရွေးစင် အသင်းကြီးကို တစ်ပွဲတောင် ကိုင်တွယ်ခွင့် မရသေးပါဘူး။ သူ့ရဲ့ ပွဲဦးထွက် ပွဲစဉ်ကတော့ ဘရူနိုင်း ဖိတ်ခေါ်ဖလား ပွဲပဲ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ဘဲ အခုပြိုင်ပွဲက ဒုတိယ အကြိမ် အစမ်းသပ် ခံရမယ့်ပွဲ ဖြစ်လာပါတယ်။

ပတ်ဆောင်ဟွာဟာ မြန်မာ လူငယ် အသင်းတွေကို ကိုင်တွယ်တဲ့ နေရာမှာ စည်းစနစ်ကြီးတယ်။ ကစားသမားတွေနဲ့ တာဝန် ရှိသူတွေကို လိုအပ်ချက် မှန်သမျှ မခြွင်းမချန် အားမနာတမ်း ပြောဆို ဝေဖန်တတ်သူ တစ်ယောက်ပါ။ ဒါကြောင့်လည်း သူတောင်းဆိုတဲ့ တောင်ကိုရီးယား လေ့ကျင့်ရေး ခရီးစဉ် အတွက် အဖွဲ့ချုပ်က ငွေကုန်ကြေးကျခံပြီး ၃ပတ်ကြာ စေလွှတ်ပေးခဲ့တာ တွေ့ရပါတယ်။ ကေလိဂ် ကလပ်အသင်း တစ်သင်းအပါအ၀င် တောင်ကိုရီးယား ကလပ်တွေနဲ့ ခြေစမ်းခဲ့ပြီး မြန်မာ ကစားသမားတွေ အတွက် အတွေ့အကြုံသစ်တွေ ရစေခဲ့ပါတယ်။ သို့တစေ တောင်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှု အချို့နဲ့လည်း ရင်ဆိုင် ခဲ့ရပါတယ်။ ပတ်ဆောင်ဟွာကတော့ သူလုပ်စရာ ရှိတာတွေကို တစိုက်မတ်မတ် လုပ်နေခဲ့ပါတယ်။ မကြာမီ ရက်ပိုင်း အတွင်းမှာလည်း ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းအိုလံပစ် အသင်း၊ ထိုင်း ယူ-၂၂ အသင်းတွေနဲ့ ခြေစမ်းပွဲ သွားရောက် ကစားဖို့ ရှိနေပါတယ်။ သေချာတာကတော့ အခုလာမယ့် ပြိုင်ပွဲမှာ ပတ်ဆောင်ဟွာဟာ ဘယ်လို အရည်အချင်းမျိုးတွေနဲ့ နည်းပြလဲ ဆိုတာကို တွေ့မြင်ရဖို့ ရှိနေပါတယ်။

သူတို့လည်း အစမ်းသပ် ခံကြမယ်

ယူ-၂၂ အသင်းနဲ့ ပတ်ဆောင်ဟွာ တို့လိုပဲ သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းတို့ကလည်း အသီးသီး မှတ်ကျောက်တင် ခံရဖို့ ရှိနေပါတယ်။ အားလုံး မှတ်မိဦးမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဆီယံ ယူယ-၁၉ ပြိုင်ပွဲမှာ သုဝဏ္ဏကွင်းကြီး ဘယ်လို အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတယ် ဆိုတာ။ ဟုတ်ပါတယ်။ သုဝဏ္ဏကွင်း မြက်ခင်းပြင် အကုန်လုံး တစ်ကစ ပြန်ခင်းခဲ့ပါတယ်။ လာမယ့် ပြိုင်ပွဲ ကျင်းပမယ့် အချိန်က မိုးကောင်းမယ့် ကာလမျိုးပါပဲ။ ပွဲစဉ်တွေ ခပ်စိပ်စိပ် ကစားရဖို့ ရှိပေမယ့် ဒီတစ်ကြိမ်တော့ သုဝဏ္ဏကွင်း မြက်ခင်းပြင်က ခံနိုင်ရည် ရှိမယ့်ပုံတော့ ပေါက်နေပါတယ်။

ကွင်းဘေး ပတ်ပတ်လည်က ပွဲကြည့်စင်တွေ အနေအထားကတော့  စိုးရိမ်စရာ ဖြစ်နေပါတယ်။ စိုးရိမ်တယ် ဆိုတာက ကွင်းတိုးချဲ့မှု ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ထိုင်ခုံသစ်တွေ တပ်ဆင်ရေး လုပ်ငန်းတွေပါ။ သုဝဏ္ဏကွင်း ရိုးရိုးတန်း ပွဲကြည့်စင်တွေကို တိုးချဲ့မှုတွေ လုပ်နေတာ အခုချိန်ထိ မပြီးပြတ်သေးပါဘူး။ အရင်ကတော့ ဒီ ယူ-၂၂ ပွဲအမီ အားလုံး ပြီးစီးမယ် ဆိုခဲ့ပေမယ့် လက်ရှိ အနေအထားတွေ အရတော့ ဘယ်လိုမှ ပြီးမှာ မဟုတ်ပါဘူး။ ထိုင်ခုံတွေကလည်း ဒီပြိုင်ပွဲ မတိုင်မီ အားလုံးပြီးအောင် တပ်မယ်လို့ ဆိုထားပေမယ့် လက်ရှိ အချိန်အထိ ထိထိရောက်ရောက် တပ်ဆင် နေတာမျိုး မတွေ့ရပါဘူး။ နဂိုမူလ ထိုင်ခုံ ကျောက်ပြားတွေကိုလည်း ခွာထားတာမို့ ထိုင်စရာ နေရာက သိပ်ပြီး အဆင်မပြေ လှသလို တချို့နေရာတွေမှာ သံချောင်းတွေ ထိုးထိုးထောင်ထောင် ဖြစ်နေတာကတော့ ပြဿနာ ရှိနိုင်ပါတယ်။ ပြီးတော့ ပွဲကောင်းရင် အလုံးအရင်းနဲ့ ကွင်းပြည့်ကွင်းလျှံ လာရောက် အားပေးတတ်တဲ့ ပရိသတ်တွေနဲ့ တိုးချဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မပြီးပြတ်သေးတဲ့ သုဝဏ္ဏကွင်းတို့ ဆုံကြရဖို့ ရှိနေပါတယ်။ ဒီလို အနေအထားမှာ အိုမန်နဲ့ ပွဲတုန်းကလို ဆောက်လုပ်ရေး လုပ်ငန်းတွေက ပစ္စည်း အတိုအစတွေနဲ့ ကွင်းထဲ ပစ်ပေါက်ကြတာမျိုး ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရဖို့ပဲ ရှိပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မွန်ဂိုးလီးယားကို အနိုင် ရတုန်းက ကွင်းအတွင်းက "မြန်မာဟေ့" ဆိုတဲ့ သံပြိုင်ဟစ်ကြွေးသံကြောင့် ကြက်သီး ထခဲ့ဖူးပါတယ်...
အောင်ဆန်းကွင်း မြက်ခင်းပြင်ကတော့ ဒီရက်ပိုင်းမှာ ဝေဖန်သံတွေ ရှိနေပါတယ်။ ပြည်တွင်း ပွဲစဉ်တွေမှာ အပေါက်အပြဲ များစွာနဲ့ အောင်ဆန်းကွင်း မြက်ခင်းအပေါ် အပြစ်ဖို့သံတွေ ရှိနေပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ ပိုးကိုက်လို့ အခုလိုဖြစ်တာပါလို့ ဆိုပေမယ့် လက်ရှိ အနေအထားမှာတော့ နိုင်နိုင်နင်းနင်း ရှိပုံ မပေါ်ပါဘူး။ ဒါကြောင့် ကွင်းတာဝန်ခံတွေနဲ့ တာဝန် ရှိသူများ အနေနဲ့ တခြားနိုင်ငံ အသင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့တာမျိုး မခံရဖို့ သေချာပြင်ဆင် ထားစေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပွဲကို မြန်မာလိုပဲ အိမ်ရှင် လုပ်ချင်တဲ့ နိုင်ငံတွေက များခဲ့လို့ပါ။ ဒီလိုကွင်းမျိုးနဲ့ အိမ်ရှင်ဘာလို့ လုပ်ချင်ရတာလဲ ဆိုတဲ့ ဝေဖန်သံတွေ နောက်လထဲမှာ မကြားရပါစေနဲ့လို့တော့ ဆန္ဒပြုမိပါရဲ့။

လော့တိုဂျာစီ

ဥရောပ အခြေစိုက် အားကစား ၀တ်စုံတံဆိပ် တစ်မျိုးဖြစ်တဲ့ လော့တို (Lotto) က မြန်မာ့ လက်ရွေးစင် အသင်းတွေအတွက် ၀တ်စုံ ထောက်ပံ့ ပေးသွားဖို့ ရှိနေပါတယ်။ ပထမဆုံး အနေနဲ့ ဒီယူ-၂၂ ပြိုင်ပွဲမှာ မြန်မာ လူငယ်တွေ စတင် ၀တ်ဆင်ခွင့် ရဖို့ ရှိနေပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းသာ အားလုံး အချိန်မီ ပြီးစီးခဲ့မယ် ဆိုရင်တော့ မြန်မာ ယူ-၂၂ အသင်းအပြင် မြန်မာ ဘောလုံးချစ် ပရိသတ်တွေပါ မြန်မာအသင်း ဂျာစီကို ၀တ်ဆင် အားပေးခွင့် ရတော့မှာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အနေနဲ့ မြန်မာအသင်း ဂျာစီ ၀ယ်ဝတ်ချင်သော်လည်း ရောင်းချပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ ဒီအခွင့်အရေး ရဖို့အတော်လေး နီးစပ်နေပါပြီ။ ကိုယ်ပိုင် ဒီဇိုင်းတစ်ခုနဲ့ လက်ရွေးစင် အသင်း ဂျာစီတွေကို အဖိုး မမြင့်လှတဲ့ နှုန်းထား တစ်ရပ်နဲ့ ဘောလုံး အဖွဲ့ချုပ်က ရောင်းချပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အစီအမံ တစ်ခုဖြစ်ပြီး လော့တို အနေနဲ့ ဘယ်လို အရည်အသွေးမျိုးနဲ့ မြန်မာအသင်း ဂျာစီတွေကို ရောင်းချသွားမလဲ ဆိုတာရယ်၊ ပရိသတ်တွေ အနေနဲ့လည်း လော့တိုတံဆိပ် မြန်မာအသင်း ဂျာစီတွေကို ဘယ်လောက် အတိုင်းအတာထိများ စိတ်ဝင်တစား ၀ယ်ယူ ၀တ်ဆင်ကြမလဲ ဆိုတာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြန်ပါတယ်။

"မြန်မာဟေ့"

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မွန်ဂိုးလီးယားကို အနိုင် ရတုန်းက ကွင်းအတွင်းက "မြန်မာဟေ့" ဆိုတဲ့ သံပြိုင် ဟစ်ကြွေးသံကြောင့် ကြက်သီး ထခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ် ယူ-၂၂ ပွဲစဉ်မှာလည်း ဒီအသံတွေကို ထပ်ပြီး ကြုံရကြားရမယ်လို့ မျှော်လင့်မိပါတယ်။ လက်ရွေးစင် အဆင့် ပွဲစဉ်တွေမှာ ပွဲကောင်းပြီဆိုရင် နေ့လည်ခင်းပိုင်းထဲက ကွင်းပြည့်နေတတ်တဲ့ သုဝဏ္ဏ ကွင်းကြီးထဲ ဒီတစ်ကြိမ်မှာရော ဘယ်အတိုင်းအတာ အထိ ပရိသတ်တွေ လာရောက်ကြမလဲ စောင့်ကြည့် ရမှာပါ။ ပထမဆုံး အဖွင့်ပွဲမှာ ဖိလစ်ပိုင်ကို အနိုင် ရလိုက်မယ် ဆိုရင်ဖြင့် ရွှေမြန်မာတွေ သုဝဏ္ဏကွင်းဘက် ခြေဦး လှည့်လာကြဦးမှာပါ။ "မြန်မာဟေ့" ဆိုတဲ့ အသံတွေ သံပြိုင ဟစ်ကြွေးကြဦးမှာပါ။ ရလဒ်ကောင်းတွေ ရဖို့အတွက် တွန်းအားတွေ ပေးကြဦးမှာပါ။ ရလဒ်ကောင်းတွေနဲ့ အတူ တူပျော် ကခုန်ကြဦးမှာပါ။

တကယ်လို့များ မျှော်လင့် ထားသလို မဟုတ်ဘဲ ရလဒ်တွေ ယိမ်းယိုင်ခဲ့မယ် ဆိုရင်လည်း အိုမန်နဲ့ ပွဲစဉ်တုန်းက အဖြစ်အပျက်၊ အတွေ့အကြုံတွေကြောင့် အရင်လို ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြမယ်တော့ မထင်ပါဘူး။ မြန်မာတွေဟာ ရင့်ကျက်တန်သလောက် ရင့်ကျက် ခဲ့ပါပြီ။ တာဝန် ရှိသူတွေ အနေနဲ့လည်း အိုမန်နဲ့ ပွဲတုန်းကထက် ပိုပြီးပြည့်စုံ ကောင်းမွန်တဲ့ အစီအမံတွေ ရေးဆွဲ ထားမယ်လို့ မျှော်လင့်မိပါတယ်။ စာရေးသူ အနေနဲ့ကတော့ "မြန်မာ လူငယ်အသင်း ယူ-၂၂ အာရှဖလား ခြေစစ်ပွဲအောင်ပြီ" ဆိုတဲ့ သတင်း ခေါင်းစဉ်မျိုး ရေးသားခွင့် ရဖို့အတွက် ကြိုတင်ရင်ခုန် စိတ်လှုပ်ရှား နေတယ်ဆိုတာ တင်ပြရင်း...

မှတ်ချက်။   ။ SM Journal Vol.1 No.32 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.