|
Written by Admin Team
|
|
Wednesday, 25 April 2012 14:26 |
|
ဧရာဝတီ ယူနိုက်တက် အသင်းအား သုဝဏ္ဏကွင်းတွင် (၃)ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ ပြီးနောက် အရီမာ နည်းပြချုပ် အန်တိုနစ် ဒီဂျန်က ၎င်း၏ နည်းဗျူဟာနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့သည်။
"ပွဲမတိုင်ခင်က ဘယ်လို ကစားမယ် မေးတော့ မပြောနိုင်ခဲ့ပါဘူး။ အခုတော့ ပွဲပြီးသွားပြီ ဆိုတော့ ကျွန်တော် ပြောပါ့မယ်။ ဧရာဝတီ ကစားခဲ့တဲ့ ပွဲတွေကို သေချာ လေ့လာခဲ့ပြီးတော့ ပြင်ဆင်ခဲ့ပါတယ်။ သူတို့ အသင်းက နံပါတ် (၂၁)ကို အဓိက အားပြု ကစားတဲ့ အသင်းဖြစ်တာကြောင့် သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် ဗဟို နောက်ခံလူ နှစ်ယောက်က ခြေစွမ်းပြ ကစားနိုင်တော့ အဆင်ပြေ ခဲ့ပါတယ်။ အလယ်ကို ပိတ်ပြီး တောင်ပံတွေကပဲ ထိုးစစ်ဆင် စေခဲ့တာပါ။ ဒါကြောင့် ထင်သလောက် အခွင့်အရေး မရဘဲ ဖြစ်သွားပါတယ်" ဟု အန်တိုနစ် ဒီဂျန်က ဆိုသည်။
 ထို့အတူ ကစားသမား များအတွက် ဂုဏ်ယူကြောင်း၊ ပွဲမတိုင်မီက ကြိုပြောထား သကဲ့သို့ နိုင်ပွဲရရှိအောင် စွမ်းဆောင် နိုင်ခဲ့၍ ၀မ်းသာမိကြောင်း၊ အိမ်ရှင် အသင်း အနေဖြင့် အခွင့်အရေး များအား အသုံးမချနိုင်၍ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘောလုံးတွင် ရလဒ်အား ကြိုပြောရန် မဖြစ်နိုင်ကြောင်း၊ နောက်တစ်ကြိမ် ကစားပါက ဧရာဝတီအား အနိုင်ရရန် မသေချာကြောင်း စသဖြင့် ပြောကြားခဲ့သည်။
ဧရာဝတီ နည်းပြချုပ် ဂျိုးဇက်ဟီရယ်ကမူ ၎င်း၏ ကစားသမားများ အနေဖြင့် ယခုပွဲတွင် အနိုင်ရမည် ဆိုပါက နောက်တစ်ဆင့် တက်မည် ဖြစ်သဖြင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကစားသမား များ၏ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲပါ။ ဒီပွဲကို နိုင်ရင် နောက်တစ်ဆင့် တက်မှာကြောင့် ကစားသမားတွေ စိတ်လှုပ်ရှားပြီး ဖိအားဝင် နေခဲ့ပါတယ်။ ဒီပွဲ ရလဒ်မကောင်းတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတယ် ဆိုတာထက် အတွေ့အကြုံပိုင်း အားနည်းလို့သာ ရှုံးခဲ့တာပါ။ နောက် အသင်းမှာ ကစားသမားတွေ ဒဏ်ရာ ရနေတာကလည်း အခက်တွေ့ စေခဲ့ပါတယ်" ဟု ဆိုခဲ့သည်။
|