|
Written by Admin Team
|
|
Wednesday, 25 April 2012 09:17 |
|
တစ်ဦး လျော့နေသော်လည်း၊ ပင်နယ်တီ တစ်လုံး ပေးခဲ့ရသော်လည်း သူရဲကောင်း ဆန်ဆန် တိုက်ပွဲဝင် စိတ်ဓာတ်နှင့် အတူ လက်ရှိ ချန်ပီယံ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချယ်လ်ဆီးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက် သွားခဲ့သည်။
နူးကမ့်တွင် ကစားသော ပွဲစဉ်တွင် အိမ်ရှင် ဘာစီလိုနာသည် လီယွန်နယ်လ် မက်ဆီ၊ အလက်ဆစ် ဆန်းချက်ဇ်၊ အိုင်ဆက်ကွန်ကာ၊ အန်းဒရက်စ် အင်နီယေစတာ၊ ဇာဗီဟာနန်ဒက်ဇ်၊ ဆက်စ်ဖာဘရီဂက်စ်၊ ဆာဂျီယို ဘက်စ်ကွက်စ်၊ ဂျာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေး၊ ကားလက်စ်ပူယိုးလ်၊ ဗစ်တာဗဲလ်ဒက်စ် တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမ အကျော့က (၁-၀)ဖြင့် အနိုင် ရထားသည့် ဧည့်သည် ချယ်လ်ဆီးမှာမူ ဒီဒီရာဒရော့ဂ်ဘာ၊ ရာမီရက်စ်၊ ဖရန့်ခ်လမ်းပတ်၊ ဂျူအန်မာတာ၊ ရောလ်မီရာလက်စ်၊ ဂျွန်အိုဘီမီခေးလ်၊ အက်ရှ်လေကိုးလ်၊ ဂျွန်တယ်ရီ၊ ဂယ်ရီကာဟေးလ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ် တို့ဖြင့် ဘာစီလိုနာအား တုံ့ပြန် ရင်ဆိုင်ခဲ့သည်။
 ပွဲစသည်နှင့် ပရိသတ်များ မျှော်လင့်ထားသည့် အတိုင်း ဘာစီလိုနာက တစ်ဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ ချယ်လ်ဆီးကို ထိုးဖောက် တိုက်စစ် ဆင်ခဲ့သည်။ ပွဲစပြီး (၄)မိနစ်တွင် ဆန်းချက်ဇ် ချပေးလိုက်သည့် ဘောလုံးကို မက်ဆီ ညာခြေဖြင့် ချိုးကန်မှု ဂိုးတိုင်ဘေးမှ ကပ်ထွက်ခဲ့သည်။ (၁၉)မိနစ်တွင် ဘာစီလိုနာ၏ ညက်ညောသော အနီးကပ် တွဲလုံးဖြင့် ထိုးဖောက်မှုကို ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ် နိုင်ခဲ့သည်။ ချယ်လ်ဆီး နောက်ခံလူများ ကြားထဲတွင် ဆန်းချက်ဇ်နှင့် မက်ဆီ အပေးအယူ ကစားကာ ထိုမှတစ်ဆင့် ဖာဘရီဂက်စ်ထံ ဘောလုံးရပြီး ၎င်းက နောက်ပေါက်ဖြင့် လှလှပပ ချပေးလိုက်သည်ကို မက်ဆီ ပိတ်သွင်းသော်လည်း ဆက်ခ်ျက အမှားအယွင်းမရှိ ပိတ်ဆို့နိုင်ခဲ့သည်။ (၂၆)မိနစ်တွင် ဒရော့ဂ်ဘာက ပီကေးနှင့် ဘောလုံးယှဉ်၍ ရယူကာ အနိမ့် ကန်သွင်းသော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ပီကေးလည်း ဒဏ်ရာရပြီး ဒန်နီအဲလ်ဗက်စ်နှင့် လူစားလဲလိုက်ရသည်။
(၃၅)မိနစ်တွင် ဘာစီလိုနာတို့ ဦးဆောင်ဂိုး စတင်သွင်းယူသွားသည်။ ဘယ်ခြမ်းမှ ကွန်ကာ ဘောလုံးရယူပြီး ကန်သွင်းမည့်ဟန် ခြေယောင်ပြကာ ချိုးပေးလိုက်သည်ကို ဘက်စ်ကွက်စ်က အကာအကွယ်မဲ့နေသည့် ဂိုးပေါက်ထဲ အသာအယာ ကန်သွင်းသွားခဲ့သည်။ နောက်(၁)မိနစ်အတွင်း ချယ်လ်ဆီးတို့အတွက် ကြီးမားသော ထိုးနှက်ချက်အဖြစ် အသင်းခေါင်းဆောင် တယ်ရီ တိုက်ရိုက် အနီကတ်ဖြင့် ထွက်ခဲ့ရသည်။ တယ်ရီက ဆန်းချက်ဇ်အား ဘောလုံးမရှိချိန်တွင် နောက်ဘက်မှ ဒူးနှင့်တိုက်သည်ဟု ယူဆရသော အနေအထားကြောင့် ဒိုင်က တိုက်ရိုက် အနီကတ် ပြသရန် ဆုံးဖြတ်လိုက်သည်။ (၄၃)မိနစ်တွင် ဘာစီလိုနာတို့ နောက်တစ်ဂိုး ထပ်သွင်းသည်။ မက်ဆီနှင့် ဆန်းချက်ဇ်တို့ ပူးပေါင်း တိုက်စစ် ဆင်လာပြီး မက်ဆီ အသာအယာ ထိုးပေးလိုက်သည့် ဘောလုံးကို အင်နီယေစတာက ဂိုးတိုင်အောက်ခြေထောင့်ထဲ သပ်ရပ်စွာ ကန်သွင်းသွားခြင်း ဖြစ်သည်။ နှစ်ကျော့ပေါင်း ရလဒ်အရ ဘာစီလိုနာ၏ အသာစီး ရသွားမှုသည် (၃)မိနစ်သာ ခံခဲ့ပြီး ရာမီရက်စ်က ချယ်လ်ဆီးအတွက် (၁)ဂိုး ပြန်သွင်းသည်။ လမ်းပတ်၏ ပြည့်စုံတိကျသော ဘောလုံးထုတ်ပေးမှုကို ညာခြမ်းမှ ဆွဲပြေးသွားသော ဘရာဇီးလ်သားက ရှေ့တက်နေသည့် ဂိုးသမား ဗဲလ်ဒက်စ်အပေါ်မှ လှပသပ်ရပ်စွာ ကျော်ကန် သွင်းယူသွားခဲ့သည်။ ထိုဂိုးသည် ရာမီရက်စ်၏ နည်းစနစ် ပိုင်နိုင်မှုနှင့် သွေးအေးမှုတို့ကြောင့် ရရှိသွားခြင်း ဖြစ်သည်။ ပထမပိုင်း အပြီးတွင် ဘာစီလိုနာတို့ (၂-၁)ဖြင့် ဦးဆောင်နေသည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီမှာပင် ချယ်လ်ဆီးတို့ ပင်နယ်တီ ပေးခဲ့ရသည်။ (၄၈)မိနစ်တွင် ဒရော့ဂ်ဘာနှင့် ထိခိုက်ပြီး ဖာဘရီဂက်စ် ချယ်လ်ဆီး ဂိုးဧရိယာထဲ လဲကျသွားခြင်းကြောင့် ဘာစီလိုနာတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ခြင်းဖြစ်သည်။ ထိုပင်နယ်တီကို မက်ဆီ ကန်သွင်းရာ ဂိုးဘားတန်းတည့်တည့် ထိမှန်ကာ ပြန်ထွက်သွားသဖြင့် ဘာစီလိုနာတို့ အကောင်းတကာ့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရသည်။ အဝေးဂိုး စည်းမျဉ်းအရ ချယ်လ်ဆီးတို့ ဗိုလ်လုပွဲတက်မည့် အခြေအနေများကြောင့် ဘာစီလိုနာသည် တိုက်စစ်ကို သွန်ကစားခဲ့ပြီး (၆၁)မိနစ်တွင် အဲလ်ဗက်စ်နှင့် မက်ဆီတို့ ပူးပေါင်း ထိုးဖောက်ရာမှ ကွန်ကာထံ ရောက်လာသည့် ဘောလုံးကို ဆက်ခ်ျက ရဲရဲရင့်ရင့် ကာကွယ်ခဲ့သည်။ (၆၈)မိနစ်တွင် ချယ်လ်ဆီး၏ လူစားဝင် တိုက်စစ်မှူး ကာလူး အခွင့်အရေးတစ်ကြိမ် ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပြန်ချေ။ (၇၈)မိနစ်တွင် ဘက်စ်ကွက်စ် အနီးကပ် ကန်ခွင့်ရသော်လည်း အတန်ငယ် ဟန်ချက်ပျက်နေသဖြင့် ဂိုးပေါက်လွဲခဲ့သည်။
 (၈၂)မိနစ်တွင် အဲလ်ဗက်စ် ညာခြမ်းမှ ဆွဲပြေးလာပြီး ချိုးပေးသည့် ဘောလုံးကို ဆန်းချက်ဇ်က ဂိုးတိုင် အောက်ခြေထောင့်ထဲ ကန်ထည့်ခဲ့သော်လည်း အဲလ်ဗက်စ် လူကျွံနေသဖြင့် စည်းကြပ်ဒိုင်က အလံထောင်ပြကာ ဘာစီလိုနာ၏ သွင်းဂိုးကို ငြင်းပယ်ခဲ့သည်။ (၈၃)မိနစ်တွင် မက်ဆီ၏ ယခုပွဲတွင် ဒုတိယမြောက် တိုင်ထိသော ကန်ချက်ကို တွေ့မြင်ခဲ့ရသည်။ ဂိုးဧရိယာထဲ ၀င်ရောက်လာပြီး မက်ဆီ အနိမ့်လှမ်းကန်လိုက်သည့် ဘောလုံးသည် တိုင်တည့်တည့်မှန်ကာ ပြန်ထွက်သွားသဖြင့် ဘာစီလိုနာတို့ ကံခေပြီးရင်း ခေနေခဲ့ရသည်။ ထိုကံခေမှုသည် ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပို (၁)မိနစ်တွင် ကံဆိုးမိုးမှောင် ကျမှုအဖြစ် ပြောင်းလဲသွားသည်။ အဆုံးအဖြတ်ဂိုး ရရန်အတွက် တစ်သင်းလုံး တက်ဖိကာ တိုက်စစ်ဆင်နေသည့် ဘာစီလိုနာအသင်းသည် ချယ်လ်ဆီး၏ တန်ပြန်တိုက်စစ်တွင် ပေးဆပ်မှု ကြီးမားသွားခဲ့သည်။ နောက်တန်းမှ ရှင်းထုတ်လိုက်သော ဘောလုံးကို ချယ်လ်ဆီး၏ လူစားဝင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က တစ်ကိုယ်တော် ဆွဲပြေးကာ ဂိုးသမား ဗဲလ်ဒက်စ်ကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဟင်းလင်းဖြစ်နေသော ဂိုးပေါက်ထဲ အေးအေးလူလူ ကန်သွင်းသွားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးလက်ကျန် မိနစ်များတွင် ချယ်လ်ဆီးသည် (၁၀)ယောက်စလုံး ခံစစ်ကို ပိတ်ဆို့ကာ ကြံ့ကြံ့ခံရင်း နူးကမ့်တွင် သရေရလဒ်ကို ဆောင်ယူကာ နှစ်ကျော့ပေါင်း (၃-၂)ဖြင့် ဘာစီလိုနာအား အနိုင်ယူပြီး (၂၀၀၉)ခုနှစ်က ရာဇ၀င်ကြွေးကို အပြည့်ပြန်ဆပ်ကာ ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက် သွားနိုင်ခဲ့သည်။ Ref: Eurosport
လမ်းပတ်၏ ပြည့်စုံတိကျသော ဘောလုံးထုတ်ပေးမှုကို ညာခြမ်းမှ ဆွဲပြေးသွားသော ဘရာဇီးလ်သားက ရှေ့တက်နေသည့် ဂိုးသမား ဗဲလ်ဒက်စ်အပေါ်မှ လှပသပ်ရပ်စွာ ကျော်ကန် သွင်းယူ...
|