|
Written by Admin Team
|
|
Wednesday, 04 April 2012 09:42 |
|
ဘိုင်ယန်မြူးနစ်သည် အိုလံပစ် မာဆေးလ်ကို အိမ်ကွင်းတွင် (၂)ဂိုးပြတ် အနိုင်ယူကာ နှစ်ကျော့ပေါင်း ရလဒ် (၄-၀)ဖြင့် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲသို့ ရောက်ရှိ လာခဲ့သည်။
ဘိုင်ယန် အသင်းတွင် အိုင်ဗီကာ အိုလစ်၊ ဖရန့်ခ် ရစ်ဘာရီ၊ တိုနီခရူးစ်၊ သောမတ်စ် မူလာ၊ လူးဝစ်ဇ် ဂူစတာဗို၊ အန်တိုလီ တိုင်မိုရှက်ခ်၊ ဒေးဗစ် အလာဘာ၊ ဟိုလ်ဂါ ဘက်စတူဘာ၊ ဂျရိုမီ ဘိုတန်၊ ဖိလစ်လမ်းတို့ ပါဝင် ကစားခဲ့သည်။ မာဆေးလ် အသင်းဘက်တွင်မူ လွိုက်ရီမီ၊ ဘရန်ဒါအို၊ အန်ဒရီအေယူး၊ မက်သရူး ဗယ်လ်ဘူနာ၊ ဘန်နွိုက်ချေရူး၊ စတီဖန် အမ်ဘီယာ၊ ဂျရီမီ မိုရဲလ်၊ နစ်ကိုလက်စ် အန်ကူလူ၊ ရော့ဒ်ဖန်နီ၊ ဆီဇာ အက်ဇ်ပီကျူတာတို့ ပါဝင် ကစားသွားသည်။
 ဘိုင်ယန်သည် အဝေးကွင်းတွင် ဂိုးပြတ် အနိုင်ရထားသည့် အတွက် ယခုပွဲကို သက်တောင့်သက်သာ ထိန်းကစားခဲ့သလို အာဂျန်ရော်ဘန်နှင့် မာရီယို ဂိုမက်ဇ်တို့ ကဲ့သို့ အဓိက တိုက်စစ် အင်အားစုများကိုပင် အနားပေးထားခဲ့သည်။ ယခုပွဲတွင် ခရိုအေးရှား တိုက်စစ်မှူး အိုလစ် ခြေစွမ်းပြကာ ဘိုင်ယန်အတွက် (၂)ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့သည်။ (၁၂)မိနစ်တွင် မာဆေးလ်မှ မိုရဲလ်၏ ထိုးဖောက် ဂိုးသွင်းရန် ကြိုးစားမှုကို ဘိုင်ယန် ဂိုးသမား မန်နျူရယ်လ် နျူအာ ကာကွယ်နိုင်ခဲ့သည်။ နောက်(၁)မိနစ်အကြာတွင် ဘိုင်ယန်တို့ ဦးဆောင်ဂိုး စရသွားသည်။ ညာခြမ်းမှ ရစ်ဘာရီ ဖောက်ထွက်လာပြီး ဂိုးရှေ့သို့ ချိုးပေးလိုက်သည်ကို အိုလစ်က လျှောထိုး ပိတ်သွင်းသွားခြင်း ဖြစ်သည်။ (၁၇)မိနစ်တွင် ဧရိယာထိပ်မှ မာဆေးလ် ကစားသမား အမ်ဘီယာ ကန်သွင်းသော ဘောလုံးကို ဘိုင်ယန် ဂိုးသမား နျူအာ ကာကွယ်ခဲ့ရပြန်သည်။
(၂၇)မိနစ်တွင် တိုင်မိုရှက်ခ်၏ (၂၅)ကိုက် အကွာမှ ပြင်းထန်သော ကန်ချက်ကို မာဆေးလ် ဂိုးသမား စတိဗ် မန်ဒန်ဒါ တားဆီး သွားခဲ့သည်။ (၂၈)မိနစ်တွင် အိုလစ်၏ အနီးကပ် ပိတ်သွင်းမှုကို မန်ဒန်ဒါပင် ကာကွယ်ခဲ့ရပြန်သည်။ (၂၉)မိနစ်တွင် ထောင့်ဖြတ်ဘောမှ လမ်းကြောင်းချော်ပြီး ဂိုးတိုင် အောက်ခြေထောင့်ထဲ ၀င်လာသည့် ဘောလုံးအား မန်ဒန်ဒါပင် ပုတ်ထုတ်သွားခဲ့သည်။ မန်ဒန်ဒါ တစ်ယောက် တစ်မိနစ် တစ်ကြိမ်မျှ အလုပ်များသော ကာလသည် မကုန်ဆုံးသေးဘဲ မိနစ်(၃၀)တွင် ထောင့်ကန်ဘောမှ တစ်ဆင့် မူလာ၏ ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့ရသည်။ (၃၃)မိနစ်တွင် ကရူးစ်က (၂၅)ကိုက် အကွာမှ အပြင်း ကန်သွင်းသော ဘောလုံး ဂိုးတိုင် ထိထွက်သွားသဖြင့် မာဆေးလ်တို့ သက်သာရာရခဲ့သည်။ (၃၇)မိနစ်တွင် ဘိုင်ယန်တို့ ဒုတိယဂိုးကို သွင်းယူသည်။ တန်ပြန် တိုက်စစ်မှ တစ်ဆင့် အလာဘာနှင့် ရစ်ဘာရီတို့ အချိတ်အဆက် ကစားလာပြီး ရစ်ဘာရီ ဆွဲပြေးကာ ထုတ်ပေးလိုက်သော ဘောလုံးကို အလာဘာက ဂိုးရှေ့သို့ တိတိကျကျ ဖြတ်ပို့ပြီး အိုလစ်က အနီးကပ် ၀င်ပိတ်ကာ ဂိုးသွင်းသွားခြင်းဖြစ်သည်။
ညာခြမ်းမှ ရစ်ဘာရီ ဖောက်ထွက်လာပြီး ဂိုးရှေ့သို့ ချိုးပေးလိုက်သည်ကို အိုလစ်က လျှောထိုးပိတ်သွင်း... ဒုတိယပိုင်းတွင်မူ ပွဲရလဒ်မှာ အဖြေပေါ်နေပြီဖြစ်ခြင်းကြောင့် နှစ်သင်းလုံး သာမန်မျှသာ ကစားတော့သည်။ မာဆေးလ်သည် ဘိုင်ယန်ဘက်သို့ ထိုးဖောက် ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဘိုင်ယန် ခံစစ်စည်းကို မကျော်ဖြတ်နိုင်တော့ချေ။ (၅၈)မိနစ်တွင် အေယူး ထိုးဖောက်လာပြီး ကန်သွင်းရန် ကြိုးစားသော်လည်း ဘိုင်ယန် နောက်ခံလူများက လက်ဦးမှုယူကာ ရှင်းထုတ်သွားသည်။ (၇၈)မိနစ်တွင် မာဆေးလ်၏ ထိုးဖောက်မှုကို နျူအာ ရှင်းထုတ် နိုင်ခဲ့ပြန်သည်။ ထို့နောက် ဒုတိယပိုင်းတွင် နှစ်ဖက်စလုံး ဂိုးသွင်းနိုင်ခြင်း မရှိတော့ဘဲ ဘိုင်ယန် အသင်းသာ အကြို ဗိုလ်လုပွဲ အဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်း သွားနိုင်ခဲ့လေသည်။ Ref: Eurosport
|