|
Written by Admin Team
|
|
Friday, 17 February 2012 09:41 |
|
ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အဝေးကွင်းတွင် မန်ချက်စတာ ယူနိုက်တက် အသင်းက အေဂျက်စ် အမ်စတာဒမ် အသင်းကို (၂-၀)ဖြင့် အနိုင် ရပြီးနောက် နောက်တစ်ဆင့် တက်ရေး အခြေအနေ ကောင်းသွားပြီ ဖြစ်သည်။
အိမ်ရှင် အေဂျက်စ် အသင်းတွင် ဒီမီထရီ ဘူလီကင်၊ ဆီယမ် ဒီဂျောင်၊ အစ္စမေးလ် အိုင်ဆက်တီ၊ ဂျန် ဗာတွန်ဂန်စသည့် ကစားသမားကောင်းများ အပြင် မန်ယူက အနီးကပ် လေ့လာ စောင့်ကြည့်နေသည့် ကွင်းလယ် ဖန်တီးရှင် ခရစ္စတီယန် အီရစ်ခ်ဆင်လည်း ၀င်ကစားခဲ့သည်။ မန်ယူ အသင်းမှာမူ ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ၀ိန်းရွန်နီကို ရှေ့တင်ကာ ကွင်းလယ်တွင် တွမ်ကလီဗာလေ ပြန်လည် ပါဝင်လာပြီး လူးဝစ်နာနီ၊ အက်ရှ်လေယန်း၊ ရီယိုဖာဒီနန်၊ ဖီးလ်ဂျုံးစ်တို့ဖြင့် လူစုံခဲ့သည်။ ယခုပွဲတွင် ဒဏ်ရာကြောင့် နားနေရသူ ကလီဗာလေ၊ နာနီနှင့် ဂျုံးစ်တို့ (၃)ဦးလုံးကို အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ခင်းကျင်း ပွဲထုတ်ခဲ့ခြင်းဖြစ်သည်။
 မန်ယူသည် ပထမပိုင်းတွင် ပွဲကို အတန်ငယ် ထိန်းကစားနေသဖြင့် အေဂျက်စ်တို့ ထိုးဖောက် ဂိုးသွင်းခွင့်များ ရရှိခဲ့သည်။ (၁၇)မိနစ်တွင် ဒီကို ကော့ပါးစ်၏ ကန်ချက်ပျော့၍ ဒီဂီယာ အလွယ်တကူပင် ဖမ်းမိသွားသည်။ (၂၉)မိနစ်တွင် ဧရိယာထဲ၌ ရွန်နီရော၊ ဟာနန်ဒက်ဇ်ပါ ရှိနေသော်လည်း ညာခြမ်းမှ နာနီ ဂိုးကန်သွင်းရန် ကြိုးစားမှုကြောင့် မန်ယူတို့ အခွင့်အရေးတစ်ခု နစ်နာခဲ့ရသည်။ (၃၃)မိနစ်တွင် အေဂျက်စ် ကွင်းလယ်လူ ဒီဂျောင်၏ လှပသေသပ်သော အဝေးကန်ချက်ကို မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာ အကောင်းဆုံး လက်စွမ်းပြ ကာကွယ် သွားခဲ့သည်။ မန်ယူသည် ပထမပိုင်းတွင် အေဂျက်စ်အသင်း၏ ကစားအားကို ထိန်းချုပ်ရန်သာ အဓိက အာရုံစိုက် ကစားနေခဲ့ပြီးနောက် ဂိုးမရှိသရေဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်း တိုက်စစ်ကို မြှင့်တင်လာခဲ့ပြီး ပွဲပြန်အစ (၁)မိနစ်ကတည်းက ဟာနန်ဒက်ဇ် ဆွဲပြေးပြီး ဂိုးရှေ့သို့ လှမ်းကန်သည့်ဘောလုံး ထောင့်ကန်ဘော ဖြစ်သွားသည်။ (၅၂)မိနစ်တွင် ရွန်နီပေးသော ဘောလုံးကို ဟာနန်ဒက်ဇ် ဧရိယာထဲ ဆွဲဝင်သွားသော်လည်း ဂိုးသမား ကင်နက်သ် ဗာမီယာ ခပ်ရဲရဲ တားဆီးနိုင်ခဲ့သည်။ (၅၃)မိနစ်တွင် နာနီ၏ အနိမ့်ဖြတ်တင် ပေးပို့မှုကို ရွန်နီ ဂိုးသွင်းရန် ကြိုးစားမှုကို ဗာမီယာ အကောင်းဆုံး ကာကွယ်သွားသည်။ (၅၉)မိနစ်တွင် မန်ယူတို့ ဂိုးစရသွားသည်။ အေဂျက်စ်၏ ခံစစ်အမှားမှတစ်ဆင့် ဘောလုံးရလာပြီးနောက် ညာခြမ်းမှ နာနီ ဖြတ်ပို့သော ဘောလုံးကို အေဂျက်စ်နောက်တန်းက မရှင်းနိုင်ဘဲ ဘယ်ခြမ်းမှ ယန်းဆီ ရောက်သွားရာ ယန်းက အတွင်းသို့ ပြန်ဆွဲယူပြီး ဂိုးရှေ့တွင် လူအများ ရှုပ်နေသည့်ကြားမှ အပြင်းကန်သွင်းသွားခြင်းဖြစ်သည်။
ညာခြမ်းမှ နာနီ ဖြတ်ပို့သော ဘောလုံးကို အေဂျက်စ်နောက်တန်းက မရှင်းနိုင်ဘဲ ဘယ်ခြမ်းမှ ယန်းဆီ ရောက်သွားရာ ယန်းက အတွင်းသို့ ပြန်ဆွဲယူပြီး ဂိုးရှေ့တွင် လူအများ ရှုပ်နေသည့်ကြားမှ အပြင်းကန်သွင်းသွား... မန်ယူသည် အဝေးကွင်းတွင် ဂိုးစရပြီးနောက် ကလီဗာလေကို ထုတ်ကာ ပေါလ်စခိုးလ်ကို ထည့်ပြီး ကွင်းလယ် ကစားကွက်ကို ပြောင်းလဲခဲ့သည်။ (၆၅)မိနစ်တွင် ဂျုံးစ်၏ ပေးပို့မှုကို နာနီက ဖြုန်းတီးခဲ့ပြန်သည်။ (၇၄)မိနစ်တွင် တန်ပြန်တိုက်စစ်မှ အီရစ်ခ်ဆင်က ကန်သွင်းခဲ့သော်လည်း ဒီဂီယာ ပုတ်ထုတ် တားဆီးခဲ့ရသည်။ (၈၆)မိနစ်တွင် မန်ယူတို့ ဂိုးထပ်ရခဲ့သည်။ ဗလန်စီယာ အနာခံ ထိုးဖောက်ပြီး ထုတ်ပေးလိုက်သော ဘောလုံးကို ရွန်နီနှင့် အပေးအယူ ကစားပြီး ဟာနန်ဒက်ဇ်က ဗာမီယာ၏ ခြေထောက်များကြားမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ (၇၆)မိနစ်ကမှ လူစားဝင်လာသော ဗလန်စီယာသည် ယင်းဂိုးအတွက် ဒဏ်ရာရသွားဖြင့် ဒန်နီဝဲလ်ဘက်ခ်နှင့် လူစားလဲခဲ့ရသည်။ ပွဲအပြီးတွင် မန်ယူအသင်းက အဝေးကွင်း၌ (၂-၀)ဖြင့် အနိုင်ရခဲ့ပြီးနောက် နောက်တစ်ဆင့်တက်ရေး အလားအလာကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
|