|
Written by Admin Team
|
|
Thursday, 01 December 2011 09:59 |
|
နိုဝင်ဘာလ (၃၀)ရက်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ပွဲစဉ်များတွင် တော့တင်ဟမ် ဟော့စပါးနှင့် ဘာမင်ဂမ်စီးတီးတို့ ပြိုင်ဘက်များကို အသီးသီး အရေး နိမ့်ခဲ့ကြသည်။
တော့တင်ဟမ်ဟော့စပါး ၁ - ၂ PAOK ဆလိုနီကီ ၀ှိုက်ဟတ်လိန်းမှ ရှုံးပွဲသည် စပါးအသင်း ပရိသတ်များကို အကြီးအကျယ် တုန်လှုပ် သွားစေသည့် ကမောက်ကမ ရလဒ် တစ်ခုလည်း ဖြစ်လာသည်။ ပရီးမီးယား လိဂ်တွင် ခြေမှန်ရကာ အကောင်းဆုံး အနေအထား ရှိနေသည့် စပါးသည် အိမ်ကွင်း ပရိသတ်ရှေ့တွင်ပင် ဆယ်ယောက်တည်းဖြင့် ကစားရသည့် ဂရိကလပ် PAOK ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ စပါးသည် အဓိက တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို အနားပေးကာ ဂျာမိန်းဒီဖိုးကို ဟယ်ရီကိန်းနှင့် တွဲကာ တိုက်စစ်ကို ခင်းကျင်းခဲ့သည်။ ကွင်းလယ်တွင် စကော့ပါကားနှင့် ဂါရတ်သ်ဘေးလ်တို့ကို အနားပေးကာ ဂျိတ်လစ်ဗာမောနှင့် စတီဗင်ပီနာတို့ကို ပွဲထုတ်ခဲ့သည်။ PAOK က စတီဖနော့စ် အီသာဆီယာဒစ်ကို ရှေ့တင်ကာ ကွင်းလယ်မှ ဂျော်ဂျီယော့စ် ဖိုတာကစ်၏ ပံ့ပိုးမှုများဖြင့် စပါးကို တန်ပြန် တိုက်စစ် ဆင်ခဲ့သည်။
 ပွဲအစ(၆)မိနစ် ကတည်းက စပါး အသင်းသည် မမျှော်လင့်ဘဲ အဖွင့်ဂိုး ပေးလိုက်ရပြီး ရုန်းကန်ခဲ့ရသည်။ ဂျော်ဂျီယော့စ် ဂျော်ဂျီယာဒစ် ဖြတ်တင်ပေးသော ဘောလုံးကို ဒီမီထရီယော့စ် ဆယ်လ်ပီဂျီဒစ်က ခေါင်းတိုက် သွင်းယူ သွားခဲ့သည်။ အဖွင့်ဂိုးပေးရသဖြင့် တည်ငြိမ်မှု ပျက်ပြားသွားသော စပါးကို PAOKက ဆက်လက် ဖိအားပေးကာ (၁၃)မိနစ်တွင် ဒုတိယဂိုး သွင်းယူသည်။ ဂျော်ဂျီယာဒစ်ကပင် ကန်တင်ပေးလိုက်သည့် ဘောလုံးကို Marking လွတ်နေသည့် တိုက်စစ်မှူး အီသာဆီယာဒစ်က လျှောထိုး ကန်သွင်းသွားသည်။ အဆိုပါ နှစ်ဂိုးလုံးသည် စပါးတောင်ပံ ခံစစ်မှူး ဗာဒန်ကော်လူကာ၏ အားနည်းမှုများကြောင့် ပေးလိုက်ရခြင်း ဖြစ်သည်။
(၃၇)မိနစ်တွင် PAOK အသင်းမှ နောက်ခံလူ ကွန်စတန်တီနော့စ် စတက်ဖီလီဒစ် ဂိုးဧရိယာထဲတွင် ဘောလုံးကို လက်နှင့်ပုတ်သဖြင့် အနီကတ် ထိခဲ့ပြီး စပါးတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့သည်။ ထိုပင်နယ်တီကို စပါး ကွင်းလယ်လူ လူကာမိုဒရစ်က ကန်သွင်းပြီး စပါးတို့ ချေပဂိုးရသည်။ ထို့နောက်တွင် စပါးသည် ဆယ်ယောက်ကျန် PAOKကို အိမ်ကွင်းတွင် တောက်လျှောက် ဖိကစားခဲ့ပြီး (၇၇)မိနစ်တွင် ဂိုးသွင်းခဲ့သော်လည်း အငြင်းပွားဖွယ် အခြေအနေဖြင့် ဒိုင်က ဂိုးပေးရန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် စပါးက ချေပဂိုး ရရန် ကြိုးစားခဲ့သော်လည်း PAOK နောက်တန်းနှင့် ဂိုးသမားတို့၏ ကြံ့ကြံ့ခံ တားဆီးမှုများကြောင့် ဂိုးမသွင်းနိုင်ဘဲ အိမ်ကွင်းတွင် အရေး နိမ့်သွားခဲ့သည်။
စပို့တင်း ဘရာဂါ ၁ - ၀ ဘာမင်ဂမ်စီးတီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကလပ်အသင်း ဘာမင်ဂမ်သည် ပေါ်တူဂီမြေတွင် ဘရာဂါအား ဟူဂိုဗီယာနာ၏ သွင်းဂိုးကြောင့် အရေး နိမ့်ခဲ့သည်။ ဘာမင်ဂမ်သည် နီကိုလာဇီဂစ်ကို ရှေ့တင်ကာ ဂျိုနသန်စပက်တာ စတီဗန်ကာ့ဒ်ဝဲလ်စသော ကစားသမား အစုံအလင်နှင့် ပွဲထွက်လာသည်။ ဘရာဂါဘက်တွင် ဗီယာနာက ကွင်းလယ်ကို ထိန်းကျောင်းကာ တိုက်စစ်တွင် လီမာ၊ အလန်တို့ ပါဝင်ကစားခဲ့သည်။ ယခုပွဲတွင် ဘာမင်ဂမ်သည် တိုက်စစ်ကို ဖွင့်ကစားခဲ့သော်လည်း ဇီဂစ်၏ ဖြုန်းတီးမှုများက အရှုံး ရလဒ်သို့ ဦးတည်စေခဲ့သည်။
ထို့အပြင် ဘရာဂါ ဂိုးသမား ကွမ်မှာလည်း အထူး လက်စွမ်း ပြနိုင်ခဲ့ပြီး (၁၀)မိနစ်တွင် ဇီဂစ်ကန်သွင်းသော ပင်နယ်တီကို ကာကွယ်သွားသည်။ နောက်ထပ်(၄)မိနစ်တွင် ဇီဂစ်၏ အပိုင် ခေါင်းတိုက်ချက်ကိုလည်း ကွမ်ကပင် တားဆီး သွားပြန်သည်။ မိနစ်(၅၀)တွင် အိမ်ရှင်အသင်း ဦးဆောင်ဂိုး ရသွားသည်။ ဗီယာနာ၏ ကန်ချက်သည် လူထိကာ လမ်းကြောင်းချော်ပြီး ဂိုးဝင်သွားခြင်း ဖြစ်သည်။ ထိုဂိုးကို ချေပရန် ကြိုးစားရင်း ပွဲပြီးသွားသဖြင့် ဘာမင်ဂမ်တို့ ခြေစွမ်း သာသော်လည်း အရှုံး ရလဒ်ကိုသာ လက်ခံခဲ့ရသည်။
|