Wednesday, 22 May 2013
Home Myanmar SEA Games Articles ယုံကြည်ချက် တစ်ခုအတွက် ညီညွတ် ကြဖို့သာ…
ယုံကြည်ချက် တစ်ခုအတွက် ညီညွတ် ကြဖို့သာ… PDF Print E-mail
Written by အိုကိုချာ   
Wednesday, 09 November 2011 11:36
Share |

ကိုမိုးဝေရေ... (၂၆) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် သတင်းရယူဖို့ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ကို ရောက်နေတာ ဒီနေ့နဲ့ဆိုရင် (၆)ရက် မြောက်ပါပြီ။ ဒီအတော အတွင်းမှာ ၀မ်းမြောက်စရာ သတင်းတွေလည်း မြင်ရကြားရတော့ ပြည်ပလိုက်ပြီး သတင်းယူတဲ့ အကြိမ်တွေမှာ ဒီတစ်ကြိမ်ဟာ ကျွန်တော့်အတွက် စိတ်ချမ်းသာစရာ ကောင်းဆုံးပဲ ဖြစ်မယ် ထင်ပါတယ်။


မြန်မာဘောလုံး အသင်းရဲ့ အုပ်စုတက်ရေး ရည်မှန်းချက် အလားအလာ ကောင်းသလို ဖီဖာအယူခံ ကလည်း အောင်မြင်ခဲ့တယ် မဟုတ်လား။ ဖီဖာမှာ အယူခံဝင် တယ်ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးဗျနော်။ တော်တော်များများ အယူခံ မအောင်တာ များတယ်။ ဘာအမှုဖြစ်ဖြစ် ဖီဖာမှာ ရှုံးရင် နိုင်ငံတကာ အားကစား ခုံရုံး(CAS) အထိ ဆက်တက် ကြရတာပေါ့။ ခုတော့ အဲဒီအဆင့် မလိုတော့ပါဘူး။ ဒါက ကျွန်တော်တို့ ဘောလုံး လောကရဲ့ ကံပေါ့လေ။ အခုတော့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားခွင့် ပြန်ရလာခဲ့ပြီ။ ဒါကတစ်ချက်။ နောက်တစ်ခုက မြန်မာယူ-၂၃ အသင်းရဲ့ ဆီးဂိမ်းစ် မျှော်လင့်ချက်ပါ။ ကိုမိုးဝေတို့ သိတဲ့ အတိုင်းပဲ မြန်မာအသင်း ရင်ဆိုင်ရမယ့် လက်ကျန် ပွဲစဉ်တွေဟာ အစဉ်အလာ ပြိုင်ဘက် မဟုတ်တဲ့ အသင်း (၃)သင်းနဲ့ (အခုတော့ အဲဒီ(၃)သင်းမှာ (၂)သင်းက အစဉ်အလာ ပြိုင်ဘက်များ ဖြစ်တော့မလား မသိဘူး။) ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်း အနေနဲ့ လာအိုကိုနိုင်၊ ဗီယက်နမ်ကို သရေ ကစားထားခဲ့တာ ဆိုပြီး ခပ်ပေါ့ပေါ့ လုပ်လို့မရပါဘူး။ ဘရူနိုင်း၊ အရှေ့တီမော၊ ဖိလစ်ပိုင်တို့ဟာ မြန်မာအသင်း အတွက် နိုင်သင့် နိုင်ထိုက်တဲ့ အသင်းတွေ ဖြစ်တာကြောင့်၊ ခပ်ပြတ်ပြတ် ပြောရင် နိုင်ကို နိုင်ရမယ့်ပွဲတွေ (must win games) ဖြစ်တာကြောင့် မပေါ့ဆကြဖို့ လိုနေပါတယ်။



ကိုမိုးဝေရေ...
ကျွန်တော်တို့တွေ ပေါ့ပေါ့ဆဆ နေလာခဲ့ကြလို့ ယနေ့အချိန်မှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အစစ အရာရာ နောက်ကျ ကျန်နေသေးတယ် ဆိုတာ ကိုမိုးဝေလည်း သိပြီးသားပါ။ ကျွန်တော်တော့ ဂျာကာတာ ရောက်တော့မှ ပိုပြီး နားလည်လာတယ်။ လူဦးရေ (၉.၅)သန်းကျော် နေထိုင်တဲ့ အင်ဒိုနီးရှား မြို့တော် ဂျာကာတာဟာ ကမ္ဘာ့ လူဦးရေ အများဆုံးမြို့များ စာရင်းမှာ နံပါတ်(၁၃) ချိတ်ထားသလို မိုးမျှော်တိုက်တာ တွေနဲ့ ဖွံ့ဖြိုးမှု အရှိန်ကောင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေ (၂၃၇)သန်း ကျော်မှာ နေထိုင်တဲ့နေရာ ဒေသအလိုက် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပေမယ့် လက်ရှိ ဖွံ့ဖြိုးမှုနှုန်းနဲ့ ဆိုရင် သိပ်မကြာတော့တဲ့ ကာလမှာ ဒီကွာဟမှုကို လျှော့ချနိုင်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ကရော… ကိုမိုးဝေ။ ကျွန်တော်တို့လည်း လုပ်တော့ လုပ်နေကြပါပြီ။ လုပ်လို့ရတဲ့ အချိန်လည်း ဖြစ်နေပြီလေ။ အရင်က လုပ်လို့မလွယ်၊ လုပ်လို့မရ၊ ခုတော့ လုပ်ခွင့်ရသလို လုပ်နိုင်တဲ့ လမ်းကြောင်းလည်း တဖြည်းဖြည်း ရောက်လာ ပါတော့မယ်။ ဒါပေမဲ့ တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့နဲ့တော့ လုပ်နေလို့ မပြီးပါဘူး။သမ္မတကြီး ပြောသလို အမြင်တူတာ မတူတာ ပေါင်းလုပ်ရမယ့် အနေအထားပါ။ ကျွန်တော်တို့ ဘောလုံးလောက အကြောင်းလည်း ကိုမိုးဝေ သဘောပေါက် မှာပေါ့။ ဘောလုံး အဖွဲ့ချုပ်၊ ကလပ်တွေ၊ မီဒီယာတွေ၊ပရိသတ်တွေ ဆိုတာ သဘောထားချင်း ဘယ်တုန်းက တိုက်ဆိုင်တာ ရှိခဲ့ဖူးသလဲ။ တစ်ခါမဟုတ် တစ်ခါတော့ ကွဲလွဲကြ တာပဲလေ။ဒါဟာ ခုမှမဟုတ်ဘူး နောင်လည်း ဒီလိုပဲ ဖြစ်နေကြဦးမှာ။ သို့ပေမယ့် ဒီထောက်တိုင် (၄)ခုစလုံးရဲ့ အန္တိမ ရည်ရွယ်ချက်က ဘာလဲ။ မြန်မာ့ ဘောလုံးလောက တိုးတက်ဖို့၊ အရင်လို အာရှကျား တစ်ကောင် ပြန်ဖြစ်ဖို့ မဟုတ်လား ခင်ဗျာ။

စကားစပ်မိတုန်း ပြောပါဦးမယ် ။ပြီးခဲ့တဲ့ ဆီးဂိမ်းစ် ဘောလုံးပွဲစဉ် ဖြစ်တဲ့ မြန်မာနဲ့ ဗီယက်နမ်ပွဲမှာ ကျွန်တော်လည်း ကွင်းထဲဆင်း ဓာတ်ပုံရိုက် မနေတော့ဘဲ ပွဲကြည်စင်ပေါ် ကနေ အားပေးခဲ့တယ်။ မီဒီယာကတ်က မရသေးတော့ ပရိသတ် တစ်ယောက် အနေနဲ့ ကိုယ့်အသင်းကိုယ် စိတ်လွတ်ကိုယ်လွတ် အားပေးခဲ့တယ်ဗျာ။ အသံတွေ နာအောင်အော်တယ်။ ပွဲကြည့်စင် တစ်ဘက်ခြမ်းက ဗီယက်နမ် အယောက်(၂၀၀) နီးပါး ကျွန်တော်တို့ မြန်မာ အယောက်(၅၀) သာသာရဲ့ကမ္ဘာမကျေ နိုင်ငံတော် သီချင်းသံအောက် ရောက်သွားတယ်။ ကွင်းထဲမှာ တစ်ယောက်လျော့နဲ့ ဗီယက်နမ်ကို အရှုံးမပေးဖို့ အတူတူ အားပေးနေတဲ့သူ တွေက ဘယ်သူတွေများ ထင်လဲ ကိုမိုးဝေ။ MNL ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေ၊ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူ၊ အယူအဆ မတူသူတွေ မဟုတ်လားဗျာ။ ဒါပေမဲ့ အားလုံးရဲ့ စိတ်ထဲမှာတော့ မြန်မာအသင်း တစ်သင်းပဲ ရှိပါတော့တယ်။ အဲဒီအချိန်မှာ ရန်ကုန် မရှိဘူး၊ ရတနာပုံ မရှိဘူး။ ဇေယျာရွှေမြေ မရှိဘူး၊ ဆောက်သမ်း၊ မနောမြေ၊ ကေဘီဇက်၊ ဧရာဝတီ၊ မကွေး၊နေပြည်တော်.. ဘာမှ မရှိတော့ဘူး။ ကုန်ကုန်ပြောရင် MFF ဆိုတာလည်း မရှိတော့ဘဲနဲ့ အားလုံး မြန်မာ အသင်း တစ်သင်းတည်း ဖြစ်သွားတယ် ကိုမိုးဝေရေ။ ဒေါက်တာစိုင်း၊ ဦးလှဌေး၊ ဦးသူရိန်၊ ဦးဇော်မင်းသိန်းတို့ အသင်းပိုင်ရှင်တွေ မဟုတ်တော့သလို ဦးဇော်ဇော်လည်း ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မဟုတ်တော့ဘဲနဲ့ မြန်မာအသင်း ပရိသတ်တွေ ဖြစ်သွားပါရောလား။



ပွဲပြီးတော့ (၁၀)ယောက်ကျန် မြန်မာကို ဗီယက်နမ်တို့ ဂိုးမသွင်းနိုင်ဘဲ တစ်မှတ်ခွဲ ပေးလိုက်ရတယ်။ဗီယက်နမ် ပရိသတ် အချို့က ကျွန်တော်တို့ မြန်မာတွေ ပွဲကြည်စင်ပေါ်က ဆင်းတော့ လက်ခုပ်တီး ကြိုကြပါတယ်။ (တော်တော်အော် နိုင်တဲ့ကောင်တွေ ဆိုပြီး ဂုဏ်ပြုတာနေမှာ) အပြန်ကား ပေါ်မှာလည်း ကျွန်တော်တို့အဖွဲ့ ဇာတိမာန် သီချင်းကို သံပြိုင် ဆိုလိုက်ကြတာ ကားပေါ်ပါတဲ့ လူအားလုံး လိုလိုပါပဲ။ နောက်နေ့တွေမှာ မြန်မာအသင်း အနိုင်ရရေး အတွက် ၀ိုင်းဝန်း အကြံပြုကြ၊နှီးနှောဖလှယ် လိုက်ကြတာ နောက်ဆုံး ကစားသမားတွေ စားဖို့သောက်ဖို့ ၀ိုင်းလုပ်ပေးကြ ရအောင်ဆိုတဲ့ အထိပေါ့ဗျာ။ ဘောလုံး အဖွဲ့ချုပ်နဲ့ ကလပ်အသင်း တာဝန်ရှိသူတွေ မြန်မာအသင်း အတွက် အတူတူ ပူးပေါင်း ဆောင်ရွက်နေကြတဲ့ မြင်ကွင်းဟာ မြန်မာ့ဘောလုံး လောကအတွက် တကယ်ကို အားတက်စရာပါ။ ကျွန်တော် ပြောချင်တာတော့ ကိုမိုးဝေ သဘောပေါက်ပြီ ထင်ပါတယ်။အားလုံး အခုအချိန်မှာ ယုံကြည်ချက် တစ်ခုအတွက် ညီညွတ်ကြပါမှ ကျွန်တော်တို့ ဘောလုံး လောကတိုး တက်မယ်လို့ ယုံကြည်ပါတယ်။

ကိုမိုးဝေရေ...
ဆီးဂိမ်းစ် ဘောလုံးအကြောင်း ပြောကြပါစို့ရဲ့။ မြန်မာအသင်း ဒီနှစ်ဆီးဂိမ်းစ်မှာ သေချာပေါက် ဆီမီးဖိုင်နယ် တက်ဖို့ အခွင့်အရေး ရနေပြီနော်။ ဒါပေမဲ့ လက်ထဲက အခွင့်အရေးကို လွတ်မချမိဖို့တော့ အရေးကြီး နေတယ်ဗျ။ ဘယ်ပြိုင်ဘက်ကို မဆို လျှော့တွက်ရင် မှားသွားမှာ။ ခုပဲကြည့် အရှေ့တီမောလို အသင်းက (၂)ပွဲကစား (၂)ပွဲနိုင် (၆)မှတ်နဲ့ ဇယားထိပ် ရောက်နေတယ်လေ။ (၁၀)မှတ်ယူပြီး ဆီမီးတက်မယ်ဆိုတဲ့ ဖိလစ်ပိုင်ကို အနိုင်ယူ သွားတာသာကြည့်။ ဒီတော့ ကိုမိုးဝေ မြန်မာအသင်း အတွက် ဘယ်အဆင့် ရောက်ရောက်၊ ဘယ်အုပ်စု ကျကျ ချောင်တယ် မရှိပါဘူးဗျာ။ အရှေ့တီမောနဲ့ဘရူနိုင်း ကစားသွားတာ ကျွန်တော်တို့ အားလုံးစောင့်ကြည့် လိုက်ရပါတယ်။ ထင်မှတ် မထားဘဲ သူတို့ အသင်းတွေက ဖျတ်မြင်း ဖြစ်သွားတာပါ။ သိပ်အကောင်းကြီး မဟုတ်ပေမယ့် ပေါ့လို့ကတော့ ခံစားသွားရမယ်။ တီမော အသင်းဟာ(၂၀၀၉) ဆီးဂိမ်းစ်မှာ စတင် ပါဝင်လာပြီး (၄)ပွဲကစား (၄)ပွဲလုံး ရှုံးနိမ့်ခဲ့တယ်။ ဒီနှစ်ဆီးဂိမ်းစ်မှသာ နိုင်ပွဲစရ လာတာပါ။ နိုင်မယ့် နိုင်တော့လည်း နှစ်ပွဲဆက်နော်။ ကိုမိုးဝေရေ.. တီမော လူစာရင်းကို စာရွက်ပေါ်သာ ချပြမယ်ဆိုရင် အတော် လူအထင်ကြီး စရာဗျ။ ဘရာဇီးလ် ကလပ်တွေမှာ ကစားနေသူ (၇)ဦးနဲ့ သြစတြေးလျ ကလပ်တွေမှာ ကစားခဲ့သူ (၂)ဦးပါတယ် ဆရာ။ဒီအထဲက တစ်ချို့ (၂)နိုင်ငံသား ခံယူထား သူတွေတဲ့ဗျာ။ သိပ်တော့လည်း စိုးရိမ်နေစရာ မလိုပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နိုင်ရင် ဆီးမီးတက်ခွင့် လက်မှတ် ရနိုင်ပါတယ်။



ကိုမိုးဝေရေ...
မြန်မာ ပရိသတ်တွေတော့ ၂၀၁၁ ဆီးဂိမ်းစ် ဘောလုံး ပွဲစဉ်တွေကို အ၀ကြည့်ရ တော့မယ်နော်။ ဘာပဲဖြစ်ဖြစ် ရုပ်သံလိုင်း တွေကို ကျေးဇူးတင် ပါတယ်ဗျာ။ ဒီထက် ပိုပြီး တောင်းဆိုရရင် အခြား အားကစားပြိုင်ပွဲ တွေကိုလည်း တိုက်ရိုက် ပြသနိုင်ဖို့ ကြိုးစား ပေးကြပါဦးလို့။ ဒါမှ တို့နိုင်ငံ အားကစားကို ပိုစိတ်ဝင် လာတော့မပေါ့။ မျိုးချစ်စိတ် ဆိုတာကို   လောလောလတ်လတ် ခံစားချင်ရင် မြန်မာ ကစားသမားနဲ့ အခြားနိုင်ငံက ပြိုင်ဘက်တွေ ယှဉ်ပြိုင်တာကို ကြည့်ရင် သိနိုင်ပြီ မဟုတ်လား။ဆီးဂိမ်းစ် သွားပြိုင်တဲ့ ကိုယ့်နိုင်ငံသား ကစားသမား အားလုံးကို ပရိသတ် တွေရုပ်သံက အားပေးခွင့်ရရင် သွားပြိုင်တဲ့ ကစားသမားလည်း စိတ်ဓာတ် ခွန်အား ရှိလာမယ်၊ ပရိသတ်ကလည်း မြန်မာ့ အားကစားကို ပိုစိတ်ဝင်စား လာမှာပေါ့။ စကားမစပ် ကိုမိုးဝေရော ကြားပြီးပြီလား။ ဗီယက်နမ် ပရိသတ်(၁၇၅)ဦး လေယာဉ် စင်းလုံးငှားပြီး သူတို့ ဗီယက်နမ် အသင်း ဆီမီးဖိုင်နယ် တက်တာနဲ့ ဂျာကာတာကို လာအားပေးကြ မတဲ့ဗျာ။ တစ်ယောက်ကို ဒေါ်လာ(၈၀၀)လောက်ပဲ ကုန်မတဲ့...။ အခြားပံ့ ပိုးသူတွေလည်း ရှိမှာပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် ဒီလို အလေ့အထ မျိုးဟာ သိပ်ကို ဂုဏ်ပြုစရာပဲ မဟုတ်လား ကိုမိုးဝေ။

ကိုမိုးဝေရေ...
ဒီနေ့ ညနေကစားမယ့် ပွဲကိုတော့ ကျွန်တော် ကွင်းထဲဆင်း ဓာတ်ပုံရိုက်ဖို့ ရှိပါတယ်။ ကွင်းထဲဆင်းဖို့ အတွက် Photographer Card ရအောင်တော့ လုပ်ရဦးမှာ ပေါ့ဗျာ။ မြန်မာအသင်း ပါဝင်တဲ့ အုပ်စု(ခ) ပွဲစဉ်တွေ ကစားရမယ့် Lebak Bulus ကွင်းက သိပ်တော့ အကောင်းစားကြီး မဟုတ်ဘူး ကိုမိုးဝေ။ ပြောရရင် ရန်ကုန်က အောင်ဆန်းကွင်း လောက်တောင် ကြီးတာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အိမ်ရှင် အသင်း ပါဝင်တဲ့ အုပ်စု(က) ပွဲစဉ်တွေ ကစားတဲ့ ဘန်ကာနိုကွင်း ကတော့ သိပ်ကို ကောင်းလွန်းပါတယ်။ ပရိသတ် (၉)သောင်းနီးပါး ၀င်ဆံ့သလို သတ်မှတ်စံချိန် စံညွန်း အလုံးစုံ ပြည့်စုံအောင် ဆောက်ထားတဲ့ ကွင်းပါ။ ဒီ(၂)ကွင်း စလုံးမှာ လုံခြုံရေး အစီအစဉ်တွေ တင်းတင်း ကြပ်ကြပ် ဆောင်ရွက် နေတာလည်း တွေ့ရပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေကို သံချပ်ကာ ယာဉ်တွေနဲ့ အပြည့်ချထားတယ် ဆရာရေ။ အင်ဒိုနီးရှား ဆိုတာလည်း သိကြတဲ့ အတိုင်း မဟုတ်လား။



ကွင်းတိုင်းမှာ မီဒီယာတွေ အတွက် စီစဉ်ပေး ထားတာလည်း သိပ်ကို ကောင်းပါတယ် ကိုမိုးဝေ။ ဘန်ကာနိုကွင်းရဲ့ Media Tribune ကိုတော့ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း တော်တော်နေရာ ပေးထားတာ တွေ့ရတယ်ဗျ။ Main Media Centre ကတော့ နိုဝင်ဘာ (၁၁) ရက်နေ့မှ ဖွင့်မယ်လို့ သိရတယ်။ ဒါတွေ ဘယ်လိုစီစဉ် သလဲ၊ သိပ်ချီးကျူးစရာ ကောင်းတဲ့ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူ Volunteers နှစ်သောင်းကျော် လောက်ကို ဘယ်လို စီမံခန့်ခွဲ သလဲ၊ ဘာတွေ ဘယ်လိုသင်ပေးထား သလဲဆိုတာနဲ့ ပြိုင်ပွဲ တစ်ခုလုံးကို ထောင့်စေ့အောင် ဘယ်လိုစနစ်တကျ ဆောင်ရွက် နေကြသလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း လေ့လာထားရမှာပါ ကိုမိုးဝေ။ကျွန်တော်တို့ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းစ်အတွက် ခုကတည်းက ကြိုတင် လေ့လာထားရမယ် မဟုတ်လားဗျာ။ လေ့လာရေး အဖွဲ့ကို အဖွဲ့ဝင် များများနဲ့ လာပြီး လေ့လာ စေချင်ပါတယ်။ ကျွန်တော်ကသာ ပြောနေတာပါ။ ကိုယ့်ထက်တတ်သိ နားလည်တဲ့ သက်ဆိုင်ရာက စီစဉ်ပြီးသား ဖြစ်နေ လောက်ပါပြီ။

ကိုမိုးဝေရေ...
ဘောလုံးပွဲ သွားရတော့မယ့် အချိန်လည်း နီးပြီမို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက ပါတော့မယ်။ နောက်နေ့တွေမှာ ထူးရင် ထူးသလို ဆက်ပြီး လေရှည်ကြတာ ပေါ့ဗျာ။ ကိုမိုးဝေ အပါအ၀င် ရောင်ရင်း မီဒီယာ လောကသားများ အားလုံး စိတ်ရောကိုယ်ပါ ဒေါင်ဒေါင်မြည် ကျန်းမာချမ်းသာ ကြပါစေလို့ အဝေးကနေ ဆုတောင်း လိုက်ပါတယ်…။

 

Tags:
Last Updated on Wednesday, 09 November 2011 13:07
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.