|
Written by မိုးဝေ
|
|
Sunday, 06 November 2011 23:28 |
|
အိုကိုချာရေ... ကျွန်တော်တော့ မနေနိုင် မထိုင်နိုင် ဆောင်းပါးတစ်ပုဒ် ရေးချင်စိတ် ပြင်းပြလာတာကြောင့် ဆရာသမားကိုပဲ ဦးတည်ပြီး ရေးချလိုက်မိပြီဗျာ။ မနေ့က ဗီယက်နမ်နဲ့ ပွဲမတိုင်မီက ဟန်မှ ဟန်ပါ့မလား စိုးရိမ်စိတ် ၀င်ခဲ့မိပေမယ့် ကျွန်တော်တို့ ညီငယ်လေးတွေ ပွဲကြောင်နေတာ၊ ပြိုင်ဘက်ကို ရှိန်နေတာမျိုး လုံးလုံး မတွေ့ရဘဲ ပွဲစကတည်းက ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ခြေစွမ်း ကိုယ်ထုတ်ပြီး အသင်းစိတ်ဓာတ် အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့တာ တွေ့ရတော့ တကယ့်ကို အားရ ကျေနပ်မိတယ်ဗျာ။
အိုကိုချာရေ... မြန်မာအသင်း အကြောင်း မပြောခင် ကျွန်တော်က ဘာလို့ အိုကိုချာဆီ ဦးတည်ရေးနေရသလဲ ဆိုတာလေး ပရိသတ် သိအောင်လည်း ရှင်းပြချင်ပါသေးတယ်။ မြန်မာအသင်း ရန်ကုန်လေဆိပ်က ထွက်ခွာမယ့် နေ့တုန်းက ကျွန်တော်တို့တတွေ လေဆိပ်မှာ အတူတူရှိနေခဲ့တာ၊ ဆရာသမား အနေနဲ့လည်း အဲဒီအချိန် အဲဒီအခါအထိ ဂျာကာတာကို ပါသွားဖို့ မသေချာတာ၊ နောက်ဆုံး အချိန်ကျမှ ဆီးဂိမ်းစ်ကို လိုက်ပါခွင့် ရခဲ့တာတွေဟာ ပြန်တွေးကြည့်တော့ အံ့သြဖို့ ကောင်းပါတယ်။ ပိုပြီး အံ့သြမိတာက Daily Sports က အိုကိုချာက Soccer Myanmar အတွက် သတင်းဆောင်းပါးတွေ ပံ့ပိုးပေးဖို့ ဖြစ်လာတာပါပဲ။ နောက်တစ်ခုက ဆီးဂိမ်းစ်ကို လိုက်ပါမယ်လို့ သိရပြီးကာမှ အကြောင်း အမျိုးမျိုးကြောင့် အိုကိုချာတို့ရဲ့ Daily Sports (၂)ပတ် ရပ်နားမယ် ဆိုပြန်တော့ ဆရာသမား ဘယ်လို ခံစားရမလဲ ကောင်းကောင်းကြီး ကိုယ်ချင်းစာမိပါတယ်ဗျာ။ ဒါပေမဲ့ Soccer Myanmar ပရိသတ်အတွက် သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ အချက်အလက်တွေ အချိန်နဲ့ တပြေးညီ ပံ့ပိုးပေးမယ် ဆိုတဲ့ စကားသံကို ကြားမိတော့ ကျွန်တော် ဖော်မပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပြီး ကျွန်တော်တို့ရဲ့ ပရိသတ်ကြီး ကိုယ်စား ကျေးဇူးတင်နေမိတာပါ။
သတင်းသမား တစ်ယောက်၊ သတင်းကို ချစ်တဲ့ သူတစ်ယောက် အနေနဲ့ သတင်းတွေ ကြားမှာပဲ ရှင်သန်လို ကြတာပါ။ အခု ဆီးဂိမ်းစ်မှာ မြန်မာမီဒီယာတွေ အရင်ကလောက် လိုက်ပါ သတင်းရယူမှု အားနည်းတယ် ဆိုပေမယ့် ခက်ခက်ခဲခဲ ကြိုးပမ်းပြီးမှ လိုက်ပါခွင့် ရခဲ့သူတွေလည်း ပါနေတာကြောင့် သူတို့အတွက်တော့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ နောက်ပြီး အိုကိုချာ အနေနဲ့ ဂျာကာတာမှာ အခက်အခဲတွေ ရှိတဲ့ကြားကပဲ ကြိုးစားပမ်းစား သတင်းဓာတ်ပုံတွေ ပို့ပေးနေတာ တွေ့ရတော့ အားရမိသလို အားလည်း အားကျမိပါတယ်။ အမှန်တော့ ဒီနှစ် ကျွန်တော်တို့ Soccer Myanmar အနေနဲ့ ကိုယ်တိုင် သတင်း လိုက်မယူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းကိုချစ်တဲ့၊ သတင်းတွေနဲ့ ပျော်နေတတ်တဲ့၊ ကာတွန်းလေးတွေ ဆွဲပြီး ဘောလုံးလောက ဖြစ်ရပ်တွေကို ရယ်စရာအဖြစ် ဖန်တီးပေးရင်း ပရိသတ်နဲ့ ရင်းနှီးထိတွေ့ခွင့် ရခဲ့တဲ့ အိုကိုချာလို အယ်ဒီတာ တစ်ဦးက Soccer Myanmar အတွက် ကူညီပေးနေတယ် ဆိုတာကိုတော့ ပရိသတ်တွေ အားလုံးကို ဒီနေရာကပဲ အသိပေး ချင်ပါတယ်ဗျာ။
 အိုကိုချာရေ... ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာအသင်း အကြောင်း ပြန်ဆက်ပါရစေဗျာ။ ကျွန်တော်တို့ မြန်မာအသင်း အနေနဲ့ ဒီနှစ် အုပ်စုအဖွင့် ပွဲစဉ်တွေမှာ ရလဒ်ပိုင်း မဆိုးဘူးလို့ ပြောရမှာပါ။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ရလဒ်မျိုးတွေ ရနေတာကြောင့် စိတ်မ၀င်စား ပါဘူးဆိုတဲ့ ပရိသတ်တွေတောင် မြန်မာအသင်း ရလဒ်တွေ အပေါ် စိတ်ဝင်တစား စောင့်ကြည့်လာကြတဲ့ အထိပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပရိသတ်နဲ့ မြန်မာဘောလုံး အသင်းတွေကို သဟဇာတ ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးဟာ မြန်မာဘောလုံး အောင်မြင်မှု ရရှိစေဖို့ လိုလားနေကြသူတွေ ဖြစ်နေတာကြောင့် ပါပဲ။ တာဝန်ရှိသူတွေ၊ နည်းပြတွေ၊ အသင်းသားတွေ အောင်မြင်မှု ရချင်သလိုပဲ၊ ပရိသတ်တွေကလည်း အောင်မြင်မှုကို လိုလားကြတာပါ။ နောက်ဆုံး ကျွန်တော်တို့ မီဒီယာတွေ အနေနဲ့လည်း အောင်ပွဲသတင်းမျိုးကို အားရပါးရ ရေးချင်ကြတာ မဟုတ်ပါလားဗျာ။ ဒါကြောင့် တူညီတဲ့ မျှော်လင့်ချက် တစ်ခုအတွက် အားလုံးကို သဟဇာတ ဖြစ်စေချင်ပါတယ်ဗျာ။
ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်။ မြန်မာ ဘောလုံးအသင်းတွေက အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာ နှစ်တွေလည်း မနည်းတော့ဘူး၊ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လည်း ရလဒ်ဆိုးတွေကြုံ၊ ကမ္ဘာ့အဆင့်တောင် ဖိလစ်ပိုင် အသင်းအောက် ရောက်နေပြီ ဆိုတော့ ပရိသတ်ကလည်း နာကျည်း မုန်းတီးစိတ်လေးတွေ စွဲကပ်လာတာပေါ့ဗျာ။ သူတို့ဘက်က ကြည့်ပြန်တော့လည်း မမှားဘူးလေ။ သူတို့က ရင်နဲ့ရင်းပြီး အားပေးလိုက်တိုင်း အရှက်တကွဲ ရလဒ်တွေပဲ ထွက်ထွက် လာခဲ့တာဆိုတော့ ကျွန်တော်တော့ အပြစ်မဆိုရက်ပါဘူး။ ဒီတစ်ခါတော့ ပရိသတ်တွေရဲ့ အမြင်လေး ပြောင်းစပြုလာပြီလို့ ဆိုချင်ပါတယ်။ ကျွန်တော် တစ်ခုတော့ စိုးရိမ်မိတယ် အိုကိုချာရေ...။ တခြားတော့ မဟုတ်ပါဘူး။ တက်မထောင် စောမှာတော့ စိုးရိမ်မိတယ်ဗျာ။ လက်ရှိ အချိန်အထိတော့ ရသင့် ရထိုက်တဲ့ ရလဒ်တွေ ရနေတယ်။ ပရိသတ်တွေ ကျေနပ်နေတယ်။ လက်ကျန် ပွဲတွေ အားလုံးကလည်း မနိုင်စရာ အကြောင်းမရှိတဲ့ အသင်းတွေနဲ့ ကစားရမှာ။ ဒီအခွင့်အရေးကို အပိုင် အသုံးချမယ်ဆို ဆီမီးတစ်နေရာက လုံးဝ သေချာနေပြီလေ။ ဒါကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်ကျမှ ပြိုင်ဘက်ကို လျှော့တွက်မိပြီး ကမောက်ကမ ရလဒ်တွေ ထွက်မလာပါစေနဲ့လို့ ဆန္ဒပြုမိတယ်ဗျာ။
အိုကိုချာရေ... အားလုံး သိတဲ့အတိုင်းပဲဗျာ။ အသင်းတိုင်းက အကောင်သာ ငယ်မယ်၊ အဆိပ်လေးတွေ ကိုယ်စီနဲ့ မဟုတ်လားဗျ။ ဒီတော့ ဘရူနိုင်းလည်း လျှော့မတွက်နဲ့၊ အရှေ့တီမောလည်း သတိထားရမယ့် အနေအထားမျိုးဗျ။ နောာက်တစ်ချက် သတိထားသင့်တာက ကျွန်တော်တို့ အသင်း ဗီယက်နမ်ကို ခံစစ်ကစားကွက်နဲ့ ပိတ်ဆို့ ကစားခဲ့သလို တခြား အသင်းတွေက ကျွန်တော်တို့ အသင်းကို ကစားလာနိုင်တယ် ဆိုတာပါပဲ။ ဒီလို ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် မြန်မာတွေ ဂိုးမသွင်းတတ်ဘဲ ဖြစ်တတ်တာမို့ ဒီတစ်ချက်တော့ သတိထားစေချင်တယ်ဗျာ။ ဒါပေမဲ့ ဒီတစ်ကြိမ် မြန်မာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကြီး စတီဖန် ဟန်ဆန် အနေနဲ့ ဒီအချက်တွေကို စဉ်းစားထားတဲ့ပုံ ရှိနေတာကြောင့်တော့ တစ်ဖက်က စိတ်အေးရတယ်လို့ ဆိုချင်ပါတယ်။ ဘာလို့ ဒီလို ပြောရလည်း ဆိုတော့ သူနဲ့ စကားပြောဖြစ်တိုင်း သူဟာ တစ်ပွဲချင်းစီ အတွက် အသေးစိတ် ပြင်ဆင်မှုတွေ လုပ်လေ့ ရှိတယ်ဆိုတာ သိရလို့ပါပဲ။ သူဟာ ပြိုင်ဘက် အသင်း တစ်သင်းချင်းစီ အတွက် သီးသန့် အချိန်ပေးပြီး လေ့လာမှုတွေ လုပ်နိုင်တယ်။ အားနည်းချက်တွေ၊ အားသာချက်တွေ ဆွဲထုတ်ပြီး တစ်ပွဲထိုး အသေးစိတ် နည်းဗျူဟာတွေ ချမှတ်နိုင်တယ်။ ပွဲစဉ်တိုင်းမှာ နည်းစနစ် တစ်ခုတည်းကို တစ်သမတ်တည်း ကစားစေတာမျိုး မဟုတ်ဘဲ ပြိုင်ဘက် အသင်းပေါ် မူတည်ပြီး လူထုတ်ပုံတွေ ပြောင်းလဲတတ်တယ်။ နောက်ဆုံး တစ်ချက်ကတော့ လိုအပ်တဲ့ အချိန်မှာ မှန်ကန်တဲ့ လူစားလဲမှုမျိုး လုပ်နိုင်တယ် ဆိုတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဆွီဒင်နည်းပြကြီး အနေနဲ့ မြန်မာတွေ အတွက် ဘယ်အတိုင်းအတာအထိ ပေးဆပ်နိုင်မလဲ ဆိုတာကတော့ အဖြေထုတ်ဖို့ စောလွန်းသေးတယ် ဆိုတာလည်း မမေ့စေချင်ဘူးပေါ့ဗျာ။
နောက်တစ်ချက် ကျွန်တော် ပြောချင်တာကတော့ အပျော်မစော စေချင်ဘူးဗျာ။ အားလုံးကို ပြောချင်တာပါ။ ကျွန်တော်တို့ ဒီနှစ်ပြိုင်ပွဲရဲ့ အဓိက ရည်မှန်းချက်က ဆုတံဆိပ်ပါ။ ယုတ္တိတန်သည် ဖြစ်စေ မတန်သည် ဖြစ်စေပါ။ ကျွန်တော်တို့ မြန်မာတွေ အားလုံး အနေနဲ့ မြန်မာဘောလုံးအသင်းက ရွှေတံဆိပ်ဆုလို ကြီးကြီးမားမား အောင်မြင်မှုကိုပဲ မက်မောကြတာပါ။ အားလုံးရဲ့ အောင်မြင်စေချင်တဲ့ လောဘအတွက်တော့ အပြစ်မဆိုချင်ဘူးဗျာ။ ဒါကြောင့် ပြီးခဲ့တဲ့ (၂)ပွဲက ရလဒ်က ကျွန်တော်တို့ ရသင့် ရထိုက်တဲ့ ရလဒ်မှန်ပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင် အတွက်တော့ ခရီးက အဝေးကြီး ကျန်သေးတယ်လို့ ဆိုချင်ပါတယ်။ အာရုံစူးစိုက်မှု စိုးစဉ်းမျှ လျော့မကျစေချင်ဘူးဗျာ။
ကျွန်တော်တို့ အသင်းဟာ ခြေစွမ်းပိုင်း အရ ဒေသတွင်း အကောင်းဆုံး မဟုတ်ဘူး ဆိုတာ အားလုံးက သိပြီးသားပါ။ ဒါပေမဲ့ စိတ်ဓာတ်၊ စည်းကမ်းပိုင်း ကောင်းမွန်ပြီး နည်းစနစ်ပိုင်း ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်မယ် ဆိုရင်တော့ အားလုံးက မျှော်လင့်နေတဲ့ အောင်မြင်မှုမျိုး ရယူနိုင်ဖို့ ရှိပါတယ်။ ဒါကြောင့်လည်း ပျော်သင့်သလောက်ပဲ ပျော်ပြီး နောက်လာမယ့် ပွဲတွေအတွက် အလုပ်ဆက်လုပ် ကြတာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ လက်ရွေးစင် ညီငယ်တွေ အနေနဲ့လည်း ပြန်လည် ရယူနိုင်ပြီဖြစ်တဲ့ ပရိသတ် ထောက်ခံ အားပေးမှုကို ဆက်ထိန်းထားနိုင်ဖို့ အတွက် လာမယ့် ပွဲစဉ်တွေမှာ အမှားအယွင်း မရှိ ချီတက်နိုင်ဖို့ပဲ အာရုံစိုက်ထား သင့်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော် ရေးခဲ့တဲ့ "လက်ချည်းဗလာ ပြန်မလာစေလိုပါ" ဆောင်းပါးထဲကလိုပဲ ဆီမီးတက်ဖို့က မဖြစ်မနေ လုပ်ဆောင်ရမယ့် အလုပ်ဖြစ်ပြီး တကယ်တမ်း ခြေစွမ်းထက်မထက် မှတ်ကျောက်တင် ခံရမယ့်ပွဲတွေက ဆီမီးကျမှ စမှာပါ။ ဒါကြောင့် မြန်မာ ယူ-၂၃ အသင်းအနေနဲ့ လက်ကျန် ရက်သတ္တပတ်တွေမှာ လက်ရှိ စံနှုန်းကို ဆက်ထိန်းထားနိုင်ဖို့ လိုကြောင်း သတိပေး လိုပါတယ်။
အိုကိုချာရေ… ပြီးခဲ့တဲ့ နိုဝင်ဘာ (၅)ရက်နေ့ နံနက်ပိုင်းက သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ အားလုံး ၀မ်းသာပီတိ ဖြစ်ခဲ့ရသေးတယ်နော်။ မြန်မာမြေမှာ အရုပ်ဆိုး အကျည်းတန်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဖြစ်ရပ်ကြောင့် ဖီဖာက ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့်ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းသွားတာကြောင့် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မင်္ဂလာရှိတဲ့ နေ့ရက်ဖြစ်ကြောင်း ၀မ်းပမ်းတသာ ဖွင့်ဟခဲ့တယ်လို့ ဆရာသမား ပေးပို့တဲ့သတင်းကတစ်ဆင့် သိရပါတယ်။ ဒီလို ပြန်လည် ရုတ်သိမ်းပေးဖို့အတွက် ဦးဇော်ဇော်နဲ့တကွ တာဝန်ရှိသူတွေ အနေနဲ့ အကောင်းဆုံး ကြိုးပမ်း အားထုတ်နိုင်ခဲ့တယ် ဆိုတာ အသေအချာပါပဲ။ မှားခဲ့တဲ့ အမှားတစ်ခုအတွက် ကျွန်တော်တို့ နိုင်ငံ သိက္ခာကျခဲ့ရပြီးပါပြီ။ ဒါပေမဲ့ အရှုံးထဲက အမြတ်တွေကို ထုတ်ယူကြရင်း နောက်တစ်ချိန် အလားတူ အမှားမျိုး ထပ်မမှားကြစေဖို့လည်း လိုအပ်တယ်ဆိုတာ ပရိသတ်တွေရော၊ တာဝန်ရှိသူတွေပါ သတိချပ်သင့်တဲ့ ကိစ္စပါ။
ဆက်စပ်ပြီး ပြောရမယ်ဆိုရင်တော့ နိုဝင်ဘာ (၅)ရက်နေ့ ညပိုင်းက ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ မြန်မာတွေ (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် စိတ်ဓာတ်ကောင်းကောင်းနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့လို့ အဖိုးတန် သရေတစ်မှတ် ရခဲ့တာကြောင့် အဲဒီနေ့လေးဟာ ဦးဇော်ဇော် ပြောခဲ့သလို တကယ့်ကို မင်္ဂလာရှိတဲ့နေ့လေး ဖြစ်ခဲ့ရပြီး ပရိသတ်တွေအားလုံး ပျော်ရွှင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီလို အပျော်မျိုးတွေကို ဖန်တီးပေးနိုင်တဲ့ မင်္ဂလာရှိတဲ့ နေ့လေးနဲ့တင် ရောင့်ရဲတင်းတိမ်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒီနှစ်ဆီးဂိမ်းစ်မှာ မြန်မာတွေ ကံအကြောင်းလှပြီး အုပ်စု ချောင်ခဲ့ပါတယ်။ အဖွင့်ရလဒ်တွေလည်း လှခဲ့ပြီးပါပြီ။ လက်ရှိ စိတ်ဓာတ်နဲ့ ခြေစွမ်းပိုင်းကို ဆက်ထိန်းထားပြီး ဆီမီးဖိုင်နယ်မှသည် ဖိုင်နယ်၊ ဖိုင်နယ်မှသည် ရွှေတံဆိပ်ဆု အမိအရ ဆွတ်ခူးနိုင်ဖို့ ကြိုးစားအားထုတ်ရင်း မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ကို ဖန်တီးပေးကြပါလို့ ဒီနေရာကနေပဲ တိုက်တွန်းပါရစေ။
အင်ဒိုနီးရှားရောက် တာဝန်ရှိသူများ၊ အသင်းသားများ၊ မီဒီယာများ အားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပြီး တိုင်းပြည်အတွက် အောင်မြင်မှုတွေ ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် အိုကိုချာရေ...။
|
|
Last Updated on Monday, 07 November 2011 01:13 |