|
Written by အောင်မိုးဇော်
|
|
Tuesday, 27 September 2011 17:07 |
|
တစ်ပတ်ဆိုတဲ့ အချိန်ကာလ အတွင်းမှာ ဘောလုံးပွဲ ပေါင်းများစွာ ရှိပါတယ်။ အဲဒီ များပြားလှတဲ့ ပွဲတွေထဲကမှ ပွဲကောင်းတွေကို အရသာခံ ကြည့်ရှုလိုတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးနဲ့ တစ်စုံတရာ ဖြည့်ဆည်း ပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ ရုပ်ရှင်အညွှန်း၊ ဗွီဒီယိုအညွန်း၊ စာအုပ်အညွှန်း၊ ဂီတအညွှန်း တွေလိုမျိုးပဲ လာမယ့် တစ်ပတ်တာ ကာလအတွက် ဘောလုံး အညွန်းလို့ပဲ ဆိုချင်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပွဲကောင်းများ အညွှန်းမှာတော့ ချန်ပီယံလိဂ် (၁)ပွဲ၊ ပရီးမီးယားလိဂ် (၂)ပွဲ၊ လာလီဂါ(၁)ပွဲနဲ့ စီးရီးအေက(၁)ပွဲတို့ကတော့ ပရိသတ်အာရုံကို ဖမ်းစား ထားနိုင်ဦးမှာတော့ အသေအချာ ပါပဲ။
ဘိုင်ယန်မြူးနစ် - မန်စီးတီး
နေ့ရက် - စက်တင်ဘာလ ၂၈ရက်နေ့ အချိန် - ၁:၁၅
ဒီပွဲစဉ်ဟာ ချန်ပီယံလိဂ် ပွဲစဉ်(၂)မှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး မလွတ်တမ်း စောင့်ကြည့်ရမယ့် ပွဲပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်တွေကို Ch3 Ch7 ဆိုတဲ့ ထိုင်းရုပ်သံ လိုင်းတွေက ပြသနေရာမှာ ပရီးမီးယားလိဂ် အသင်းတွေက ဦးစားပေး ဖြစ်တာကြောင့် ကြည့်ရဖို့ သေချာတဲ့ ပွဲပါ။ ပွဲဦးထွက် ပွဲစဉ်တုန်းက ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ နိုင်ပွဲ ရထားလို့ (၃)မှတ် ရထားပြီး မန်စီးတီးက သရေကျလို့ (၁)မှတ်ပဲ ရထားပါတယ်။ ဒီပွဲနိုင်တဲ့ အသင်းဟာ အတော့်ကို အခြေအနေ ကောင်းမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းဆိုတော့ သာနေတာ အမှန်ပါပဲ။ (၁၂)ယောက်မြောက် ကစားသမား ဆိုတဲ့ ပရိသတ်အားက ဘိုင်ယန်မြူးနစ် ဘက်မှာ ရှိနေမှာပါ။
 မန်စီးတီးရဲ့ မန်စီနီဟာ ဒီပွဲကို အနိုင် ကစားဖို့ထက် သရေရအောင် ကစားဖို့ပဲ ဦးစားပေးမယ် ထင်ပါတယ်။ အင်တာမီလန်နဲ့ တုန်းက ချန်ပီယံလိဂ် အတွေ့အကြုံ ရထားလို့ အသင်းရဲ့ လူအင်အား တောင့်တင်းမှုကို အသုံးချပြီး တိုက်စစ်ဖွင့် ကစားမယ်တော့ မထင်ပါဘူး။ အဲဒီတော့ ဘိုင်ယန်ရဲ့ တိုက်စစ်နဲ့ မန်စီးတီးရဲ့ ခံစစ်တို့ အားပြိုင်ပုံကို အရသာခံ ကြည့်ရုံပဲ ရှိပါတယ်။ မန်စီးတီးရဲ့ ကွင်းလယ်က ယာယာတိုရေး၊ ဘယ်ရီ။ နာဆရီ၊ ဆေးလ်ဗားတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ စတိုင်ဂျာ၊ ကရူး၊ သောမတ်မူလာ၊ ရီဘာရီတို့ရဲ့ ကွင်းလယ်ကို အားပြိုင်ကြမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ အဓိက စောင့်ကြည့်ရဖို့ ရှိတာက မန်စီးတီး ဘယ်လို တုံ့ပြန် ကစားမလဲ ဆိုတာပါပဲ။နှစ်ဘက် ကစားသမား ကွာလတီတွေက မကွာကြလ နည်းပြတွေရဲ့Game Plan က ဒီပွဲရဲ့ အရသာ ဖြစ်လာဖို့ ရှိပါတယ်။
အဲဗာတန် - လီဗာပူးလ်
နေ့ရက် - အောက်တိုဘာလ ၁ရက်နေ့ အချိန် - ၆း၁၅
ပရီးမီးယား လိဂ်မှာ ပြိုင်ဆိုင်မှု ကြီးမားလွန်းတဲ့ ဒါဘီပွဲ တစ်ပွဲပဲ ဖြစ်ပါတယ်။ လန်ဒန် ဒါဘီ၊ မန်ချက်စတာ ဒါဘီတို့လိုပဲ ဒီပွဲကိုတော့ မာဆေးဆိုက်ဒ် ဒါဘီလို့ ခေါ်တွင်ကြပါတယ်။ အသင်း တောင့်တင်းမှု၊ အင်အား ကွာဟချက် ရှိနေခဲ့ရင်တောင် ဒီမာဆေးဆိုက်ဒ် ဒါဘီပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဒီဒါဘီပွဲ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း ရလဒ်က ကစားသမားတွေ အထုတ်ခံ ရတဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ရင်းနှီးတဲ့ ကစားသမားတွေ ဖြစ်နေလင့် ကစား ဒီအချိန် ရောက်ရင်တော့ မညှာတမ်း ရေကုန်ရေခန်း ကစားကြလို့ အငြင်း ပွားစရာ၊ အချင်း များစရာတွေ တပွေ့တပိုက်နဲ့ ရသ ပေးစွမ်းနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။
 အဲဗာတန်နဲ့ လီဗာပူးလ်ဟာ အောင်မြင်မှု အတိတ် ရလဒ်တွေ အရ ဆိုရင်တော့ လီဗာပူးလ်ကို အဲဗာတန် မယှဉ်နိုင်ပါဘူး။ မျက်မှောက်ခေတ် ကာလတွေမှာတော့ အဲဒီလို လုံးဝ မဟုတ်တော့ပါဘူး။ အဲဗာတန်တို့ လီဗာပူးလ်ကို ယှဉ်နိုင်တဲ့ အနေအထား ရောက်ခဲ့တာ ကြာခဲ့ပါပြီ။ ဖီးလ်နဗီးလ်၊ လေတန်ဘိန်းစ်နဲ့ ဂျရတ်၊ ကာရေဂါတို့ရဲ့ စကား စစ်ထိုးပွဲတွေဟာ ဒီပွဲစဉ် နီးကပ်လာတာနဲ့ အမျှ ကြားရလာဖွယ် ရှိပါတယ်။ အခုနောက်ပိုင်း အဲဗာတန်ရဲ့လူငယ် အကယ်ဒမီက လီဗာပူးလ် လူငယ် အကယ်ဒမီထက် ပိုပြီး ကစားသမား ကောင်းလေးတွေ ပိုမွေးထုတ် လာနိုင်တဲ့ အတွက် ကစားသမား တွေရဲ့ သန္ဓာန်မှာတော့ အဲဗာတန်က စိတ်ဓာတ် ပိုပြင်းထန်ဖွယ် ရှိပါတယ်။ လီဗာပူးလ်မှာ ဂျရတ်၊ ကာရေဂါ၊ ကယ်လီတို့ လောက်ပဲ ခံယူချက် ပြင်းပြင်း ရှိနေပေမယ့် အဲဗာတန်မှာက လေတန်ဘိန်းစ်၊ ကိုးလ်မင်း၊ ရော့်ဒ်ဝဲလ်၊ တိုနီအစ်ဘတ်၊ အော်စမန်တို့ ရှိနေသလို ကာဟေးလ်၊ ဖီးလ်နဗီးလ်၊ ဖယ်လိုင်နီတို့ အားလုံး ပြိုင်ဘက်ကောင်းဆို ပြန်ခွတ်နိုင်အောင် ကြိုးပမ်း တတ်သူတွေမို့ ဒီပွဲဟာ ဘောလုံးပွဲ ပရိသတ်တွေ အနေနဲ့ လက်လွတ်ခံလို့ မဖြစ်တဲ့ ပွဲပါ။
ဒီနှစ်ရာသီမှာ အရင်ကထက် ပိုပြီး ထူးခြားတာ တစ်ခုက လီဗာပူးလ်ရဲ့ နည်းပြဟာ အရင်က ဘင်နီတက်ဇ်၊ ရွိုင်းဟော့ဒ်ဆန် တို့လို ပြင်ပ နည်းပြတွေ မဟုတ်ဘဲ လီဗာပူးလ်ကို အောင်မြင်မှုတွေ ရှာဖွေပေးနိုင်တဲ့ အတိတ် ရှိခဲ့ဖူးသူ၊ လီဗာပူးလ် စိတ်ဓာတ် အပြည့် ရှိသူ ဖြစ်နေခြင်းပါပဲ။ ကင်နီ ဒဲဂလစ်ရှ်ဟာ နည်းပြ ဝတ္တရားထက် ပိုတဲ့ စိတ်ဓာတ်နဲ့ လီဗာပူးလ်ကို ဦးဆောင် ပါလိမ့်မယ်။ ပြီးတော့ နည်းပြ နှစ်ယောက်စလုံးဟာ စကော့တစ်တွေ ဖြစ်နေပြန်တော့ ဘယ်စကော့သွေး ပိုပြီး ရဲမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေ ပြန်ပါတယ်။ ဒေးဗစ်မိုယက်စ်က ဒဲဂလစ်ရှ်လောက်တော့ အောင်မြင်မှု မရှိပေမယ့် အဲဗာတန်ကို တည်တည်တံ့တံ့ ဖြစ်အောင် တည်ဆောက် ထားနိုင်သူ ဆိုတာကိုတော့ ငြင်းပယ်လို့ မရပါဘူး။ သူ့မှာ ထိပ်တန်း အရည်အသွေး ရှိထားတော့ စကော့တစ် နည်းပြ နှစ်ယောက်ကလည်း အားပြိုင် ကြဦးမှာမို့ စိတ်ဝင်စားစရာ အပြည့်နဲ့ နောက်ထပ် မာဆေးဆိုက်ဒ် ဒါဘီ တစ်ပွဲထပ်မံ ကြည့်ရှု ခွင့်ရမှာ သေချာပါတယ်။
စပါး - အာဆင်နယ်
နေ့ရက် -အောက်တိုဘာလ ၂ ရက်နေ့ အချိန် -၉:၃၀
တိုက်တိုက်ဆိုင်ဆိုင် မာဆေးဆိုက်ဒ် ဒါဘီအပြီး စပါး၊ အာဆင်နယ်တို့ရဲ့လန်ဒန် ဒါဘီပွဲကလည်း အညွှန်း ဖြစ်နေ ပြန်ပါတယ်။ လန်ဒန်မြို့ကြီး ထက်မှာ အခြေ စိုက်ထားတဲ့ ပရီးမီးယားလိဂ် အသင်းတွေက အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီး၊ ဖူဟမ်နဲ့ QPR (၅)သင်း ဒီရာသီမှာ ရှိနေပါတယ်။ အဲဒီ အထဲမှာမှ အခု စပါး - အာဆင်နယ် ဒါဘီပွဲဟာ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ သမိုင်းကြောင်း အရမှာကိုပဲ စပါးရဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်ဟာ ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေးမှာ အငြင်းအခုန် ဖြစ်ရာက ထွက်လာပြီး အာဆင်နယ်ကို တည်ထောင်ခဲ့တာ ဖြစ်လို့ ဒီနှစ်သင်းရဲ့ လန်ဒန် ဒါဘီပွဲဟာ တခြားလန်ဒန် ဒါဘီပွဲတွေထက် ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ နှစ်ဘက် ပရိသတ် အားပြိုင်မှုက (၁၂)ယောက်မြောက် ကစားသမား တစ်ဦးသဖွယ် ဖြစ်နေပါတယ်။ ဒါကြောင့် ကြာသေးတဲ့ ကာလအတွင်းက စပါး နောက်တန်းက ဆိုးလ်ကမ့်ဘဲလ်ကို အာဆင်နယ် အသင်းက ပြောင်းရွှေ့ကြေး မပေးဘဲ အလွတ်ရအောင် ခေါ်ခဲ့တော့ စပါး ပရိသတ်က နာကျည်းလွန်းလို့ သစ္စာဖောက်လို့ ခေါ်ခဲ့ကြတာ မှတ်မိ နေကြဦးမှာပါ။ အဲဒီလို ပရိသတ် အားကလည်း ပြင်းထန်တဲ့ ပွဲဖြစ်နေပါတယ်။
 ဟိုယခင်တုန်းက စပါးဟာ အာဆင်နယ်ကို မီခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ လုံးလုံးလျားလျား ယှဉ်နိုင်လာတဲ့ တိုးတက်နေဆဲ ကလပ် အသင်း တစ်သင်းပါ။ လွန်ခဲ့တဲ့ (၂)ရာသီကစပြီး စပါးဟာ အာဆင်နယ်ကို ယှဉ်လာ နိုင်ပါတယ်။ စပါးမှာ အာဆင်နယ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ အဒီဘာယောနဲ့ ဂါးလက်စ်တို့ ပါလာဖို့ ရှိပါတယ်။ စပါးဟာ အဒီဘာယော ရောက်လာပြီး နောက်ပိုင်း တိုက်စစ်အား ပိုကောင်း လာပါတယ်။ စပါး အသင်းကို ကြည့်ရင် အဒီဘာယော၊ ဒီဖိုး၊ ဗန်ဒါဗတ်၊ ဂါရတ်ဘေးလ်၊ မိုဒရစ်၊ စကော့ပါကား၊ ကရန်ဂျာ ဆိုတဲ့ အရည်အသွေး မြင့်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို မြင်တွေ့ ကြရမှာပါ။ အာဆင်နယ် ကတော့ အသက်ကြီးရင့် သွားတဲ့ ဆင်အိုကြီး တစ်ကောင်လို ဖြစ်နေပြီလို့ ဆိုချင်ပါတယ်။ အာဆင်နယ်ကိုတော့ နှစ်တိုင်း တောက်လျှောက် အားပေး လာခဲ့ရာက ဒီနှစ်မှာတော့ အားမရဆုံး ဖြစ်နေပါတယ်။ ဗန်ပါစီ၊ ဆောင်း၊ အာတီတာ လောက်နဲ့တော့ ထိပ်သီး (၄)သင်း ဝင်ဖို့ ဆိုတာ ဖြစ်နိုင်ခြေ အတော့်ကို နည်းတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ စပါးဟာ မန်ယူ၊ မန်စီးတီးတို့ကို ရှုံးခဲ့ပေမယ့် လီဗာပူးလ်ကိုတော့ အနိုင်ကစား ထားခဲ့ပါတယ်။ အခု အာဆင်နယ်နဲ့ ထပ်တွေ့ နေတာပါ။ စပါးရဲ့ ကွင်းလယ်က အာဆင်နယ်ရဲ့ ကွင်းလယ်ထက်ကို မြင့်နေတဲ့ အတွက် လန်ဒန် ဒါဘီပွဲဟာ အကြိတ်အနယ် ရှိပြီး ဂိုးတွေ များများသွင်းတဲ့ အရသာရှိတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖွယ် ရှိပါတယ်။
အက်သလက်တီကို - ဆီဗီလာ
နေ့ရက် - အောက်တိုဘလ ၂ရက်နေ့ အချိန် - ၁၀း၃၀
ဒီပွဲကတော့ လာလီဂါ ပွဲတွေထဲမှာ ခြေညီတဲ့ ထိပ်တန်း နှစ်သင်းရဲ့ ပွဲလို့ ယူဆ ထားပါတယ်။ အက်သလက်တီကို၊ ဆီဗီလာ၊ ဗလန်စီယာ၊ ဗီလာရီးရဲလ် တို့ဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် ပြီးရင် ဒုတိယ အုပ်စု အဖြစ်နဲ့ အဆင့်(၃)၊ (၄) နေရာတွေ ရဖို့ ကြိုးပမ်းနေကြတဲ့ အုပ်စုတစ်ခု ဖြစ်နေ ခဲ့ကြတာတော့ အစဉ် အလာလို ဖြစ်နေပါပြီ။ ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ် ပြီးရင် ဒီအုပ်စုထဲက အသင်း တွေပဲ ချန်ပီယံလိဂ် ဝင်ခွင့် နေရာတွေကို ရခဲ့ကြပါတယ်။ ဒီနှစ်မှာ အက်သလက်တီကိုက အတော်လေး ပြောင်းလဲထားတဲ့ အသင်း ဖြစ်နေပါတယ်။ အခုပွဲမှာ ထူးခြားတာက လက်ရှိ အက်သလက်တီကို နည်းပြ မန်ဇာနိုဟာ မနှစ်က ဆီဗီလာကို ကိုင်တွယ်ခဲ့သူ ဖြစ်နေတာပါ။ မန်ဇာနိုနဲ့ အသင်းဟောင်း ဆီဗီလာတို့ တွေ့တဲ့ သဘောပေါ့။
အက်သလက်တီကိုဟာ ဖော်လန်၊ အဂွေရို တို့ကို ရောင်းလိုက်ပြီး ဖယ်လ်ကာအို၊ ဒီယေဂို၊ ဂါဘီ၊ တူရန်တို့ကို ဝယ်ယူ အားဖြည့် ထားတာကြောင့် ကွင်းလယ်မှာ ဂါဘီ၊ ဒီယေဂို၊ ရီယက်စ်တို့ အဓိက ကစားနေ ကြပါတယ်။ အခု နောက်ဆုံး ကစားထားတဲ့ ပွဲတွေမှာ ဖယ်လ်ကာအိုဟာ ခြေစွမ်းပြ ဂိုးတွေ သွင်းလာ နိုင်နေပါတယ်။ အက်သလက်တီကိုဟာ သူ၌ရဲ့ ဟန်ပန်ကိုက အိမ်ကွင်းဆိုရင် ထူးထူးကဲကဲ ကစားနိုင်စွမ်း ရှိတာကြောင့် ဒီနှစ် အိမ်ကွင်း ပွဲတွေမှာလည်း ခြေစွမ်းပြ ကစားနေပါတယ်။ ဒီပွဲဟာ အက်သလက်တီကိုရဲ့ ဖယ်လ်ကာအို၊ ဒီယေဂို၊ ဆဲလ်ဗီယိုတို့ အစမ်းသပ် ခံကြရမယ့် ပွဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီလာ ရီးရဲလ်ကွင်းမှာ ဆီဗီလာက(၂-၂) သရေ ကစား သွားခဲ့တာက ဆီဗီလာ တိုက်စစ် ဦးစားပေး ကစားတာကို သတိ ပေးနေတယ်။ ဆီဗီလာမှာ သတိ ထားမိကြတာက ကနူတေးပါ။ ဒါပေမဲ့ မာဆယ်လင်ညို ဟာ သူ့လက်ထက်မှာ ကနူတေးထက် လူငယ် တိုက်စစ်မှူး နီဂရီဒိုနဲ့ ပါရော့တီ တို့ကို အဓိက ဦးစားပေးပြီး ပွဲထုတ် နေတာပါ။ ကွင်းလယ်မှာ ဘွန်ဒက်လီဂါ ကနေ မနှစ်က ရောက်လာတဲ့ ရာကီတစ်၊ ထရိုချောစကီး တို့ကို ဆီဗီလာရဲ့ အဓိက ကစားသမား နာဗက်စ်နဲ့ တည်ဆောက်ပြီး ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရည်မှန်းချက်နဲ့ အသင်းတွေ တွေ့နေ ကြတာဖြစ်လို့ တိုက်စစ်ကို ဦးစားပေး ကစားလာကြမယ့် ပွဲဖြစ်တာ သေချာ နေပါတယ်။
ဂျူဗင်တပ် - အေစီမီလန်
နေ့ရက် - အောက်တိုဘာလ ၃ရက်နေ့ အချိန် - ၁း၁၅
စီးရီးအေးရဲ့ Big Match ပါပဲ။ ဒီထက် ပြိုင်ဆိုင်မှုထက် ကြီးတဲ့ပွဲတော့ ရှိမယ် မထင်တော့ပါဘူး။ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ် သုံးပွင့်ဆိုင် ပြိုင်ဆိုင်မှုမှာ လာဇီယို၊ ရိုးမား၊ ဖီအိုရင်တီးနား တို့က ဝင်ပါရတာပါ။ အခုတော့ နာပိုလီပါ ပါလာနေပါပြီ။ ဂျူဗင်တပ်ဟာ လုပ်ပွဲ အရှုပ်တော်ပုံ ရိုက်ခတ်မှု ခံရပြီး ကျသွားလိုက်တာ ဒီနှစ်မှာမှ ထူထူထောင်ထောင် ဖြစ်လာတာပါ။ နည်းပြ ကွန်တီ လက်ထက်မှာ ဂျူဗင်တပ်ဟာ ငွေကြေး ရင်းနှီးမြုပ်နှံမှု အပိုင်းမှာပါ အများအပြား ရှိခဲ့တာပါ။ အသင်းကို ကြည့်လိုက်ရင် ကစားသမား တွေက လိုတာထက်ကို ပိုနေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒယ်ပီယာရို၊ အီယာကွင်တာ၊ မက်ထရီတို့ ရှိနေစဉ်မှာ ကိုပဲ ဗူချီနစ်ကို ထပ်ခေါ်ထားသလို ကွင်းလယ်မှာ အေစီမီလန်ရဲ့ ပီယာလိုနဲ့ အတူ လေဗာကူဆင်က ဗီဒဲလ်တို့ပါ ခေါ်ထားတော့ ဒီနှစ် ဂျူဗင်တပ်ဟာ မနှစ်ကနဲ့ မတူတာ သေချာ နေပါတယ်။ ဒီနှစ် သူတို့ရဲ့ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့်ဟာ နံပါတ်တစ် ဦးစားပေးပဲ ဖြစ်ပါတယ်။ ပီယာလိုနဲ့ အေစီမီလန် ပြန်တွေ့တဲ့ ပွဲမို့လည်း စိတ်ဝင်စားစရာပါ။ ဒီလိုပဲ ဂျူဗင်တပ် ကစားသမားဟောင်း အီဗရာဟီမိုဗစ်ကို ဂျူဗီ ပရိသတ်တွေ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာကိုလည်း ညွှန်းဆို လိုက်ပါရဲ့။
|