|
Written by မိုးဝေ
|
|
Saturday, 11 June 2011 13:37 |
|
မြန်မာနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ဖူဆယ်လိဂ် ပြိုင်ပွဲ "MFF Tiger Futsal League" ဟာ လာမယ့် ဇွန်လ ၁၅ရက်နေ့မှာ စတင် ကျင်းပတော့မှာပါ။ ကလပ်အသင်း ၈သင်း ပါဝင်မယ့် ဒီပရော်ဖက်ရှင်နယ် ဖူဆယ်လိဂ် ပြိုင်ပွဲမှာ ပါဝင်တဲ့ အသင်းတွေ အနေနဲ့ ပရော်ဖက်ရှင်နယ် ကလပ်တွေအဖြစ် ရပ်တည်ရမှာ ဖြစ်ပြီး နိုင်ငံခြားသား ကစားသမား နှစ်ဦးကျစီ ခေါ်ယူခွင့် ပြုထားတယ် လို့လည်း သိရပါတယ်။ "ဖူဆယ် ပရိုလိဂ်" ဆိုတဲ့ လှိုင်းက မြန်မာဘောလုံး လောကထဲ ရိုက်ခတ်ဝင်ရောက် လာခဲ့ချိန် "ဖူဆယ်" ဆိုတာ ဘယ်လို ကစားနည်းမျိုးလဲ သိချင်စိတ် ပေါ်လာရာမှတဆင့် ဒီဆောင်းပါးလေးကိုပါ ပရိသတ်ထံ ရေးသားတင်ပြ ဖြစ်ခဲ့ပါတယ်။
ဖူဆယ်အစ ဥရုဂွေးက
ဖူဆယ် ကစားနည်းကို ၁၉၃၀ ခုနှစ်က ဥရုဂွေးနိုင်ငံရဲ့ မြို့တော် မွန်တီဗီဒီယိုမြို့မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၃၀ ဆိုတာဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့တဲ့ နှစ်ဖြစ်ပြီး မွန်တီဗီဒီယိုမြို့ ဆိုတာက ပထမဆုံး ကမ္ဘာ့ဖလား ပွဲစဉ်တွေကို လက်ခံ ကျင်းပခဲ့တဲ့ မြို့ပါပဲ။ အဲဒီ ပထမဆုံး ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံအသင်းက ဥရုဂွေးပါပဲ။ အဲ့ဒီနှစ်မှာပဲ YMCA "Young Men's Christian Association" မှ ဂျူအန် ကားလို့စ် ဆာရီယာနီ ဆိုသူက တစ်ဖက် ၅ယောက်စီ ယှဉ်ပြိုင် ကစားရတဲ့ လူငယ် ဘောလုံးပြိုင်ပွဲ ပုံစံသစ် တစ်မျိုးကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဘတ်စကက်ဘော ကွင်းအရွယ်မှာ စတင် ကစားခဲ့ပြီး ရုံတွင်း ရုံပြင်တွေမှာ ဘေးဘီဝဲယာ တံတိုင်းတွေ မကာရံစေဘဲ ကစားခဲ့ကြပါတယ်။
ဒီလိုပါပဲ၊ ဘရာဇီးလ်ရဲ့ ဆော်ပေါ်လို မြို့ရဲ့ လမ်းတွေ ပေါ်မှာလည်း ဖူဆယ် ကစားနည်းကို ကစားလာခဲ့ ကြပါတယ်။ နောက်ဆုံးမှာတော့ ဖူဆယ် စည်းမျဉ်းစာအုပ် ထွက်ပေါ် လာခဲ့ပြီး တောင်အမေရိကမှာ ကျယ်ကျယ်ပြန့်ပြန့် ဆော့ကစား လာခဲ့ကြ ပါတော့တယ်။
အမည်နာမ
ဖူဆယ် "Futsal" ဆိုတဲ့ နာမည်က Soccer ကို စပိန်စကား FUTbol နဲ့ ပေါ်တူဂီ စကား FUTebol က "FUT" ကို ယူခဲ့ပြီး Indoor ကို ပြင်သစ်စကား SALon နဲ့ စပိန်စကား SALa က "SAL" ကို ယူထားတယ်လို့ သိရပါတယ်။
 နိုင်ငံတကာ အသိအမှတ်ပြုလာ
ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲက ၁၉၆၅မှာ ဖြစ်ပါတယ်။ တောင်အမေရိက ဖူဆယ်ဖလား ပွဲမှာ ပါရာဂွေးက ပထမဆုံး အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ တောင်အမေရိက ဖူဆယ် ဖလားပွဲကို သမိုင်းတစ်လျှောက် အကြိမ် ၂၀တိတိ ကျင်းပခဲ့ဖူးပါတယ်။ အံ့သြဖွယ် ကောင်းလောက်အောင် ဘရာဇီးလ် တစ်သင်းတည်းက ၁၈ကြိမ် အနိုင်ရဗိုလ်စွဲ ထားတာကို တွေ့ရပါတယ်။
၁၉၇၁ခုနှစ် အရောက်မှာတော့ နိုင်ငံတကာ ဖူဆယ် အဖွဲ့ချုပ် FIFUSA (Federación Internacional de Fútbol de Salón) ကို စတင် ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ၁၉၈၂ခုနှစ်မှာတော့ FIFUSA ကကြီးမှူးပြီး ကမ္ဘာ့ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမှာ ပထမဆုံး စတင် ကျင်းပခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ ဘရာဇီးလ်က အနိုင်ရ ဗိုလ်စွဲပြီး ၁၉၈၅ စပိန်၊ မက်ဒရစ်ပွဲမှာလည်း ဘရားဇီးလ်ပဲ အောင်ပွဲ ရခဲ့တာပါ။ ၁၉၈၈ ခုနှစ် သြစတြေးလျ၊ မဲလ်ဘုန်းမှာတော့ အိမ်ရှင် သြစတြေးလျက အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
၁၉၈၉ မှာတော့ ဖူဆယ်ပြိုင်ပွဲဟာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ လက်အောက်ကို ရောက်လာခဲ့ပြီး ၁၉၈၉ နယ်သာလန်၊ ၁၉၉၂ တရုတ်၊ ၁၉၉၆ စပိန် ဖူဆယ် ကမ္ဘာ့ဖလားပွဲတွေမှာ ဘရာဇီးလ်က တောက်လျှောက် အောင်မြင်မှု ရရှိခဲ့ပါတယ်။ ၂၀၀၀နဲ့ ၂၀၀၄ ခုနှစ် ဖူဆယ် ကမ္ဘာ့ဖလား ပွဲတွေမှာတော့ စပိန်က ကြီးစိုးနိုင်ခဲ့ပြီး နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၀၈ ဘရာဇီးလ် ဖူဆယ် ကမ္ဘာ့ဖလား ပွဲမှာတော့ ဘရာဇီးလ်တို့ ပြန်လည် အောင်ပွဲ ရရှိခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၁၂ ထိုင်း
သမိုင်းအရတော့ ဘရာဇီးလ်ဟာ အောင်မြင်မှု အများဆုံး ရရှိထားတဲ့ နိုင်ငံပါပဲ။ သို့ပေမယ့် လက်ရှိ ကမ္ဘာ့အဆင့်မှာတော့ စပိန်တွေက နံပါတ်တစ် နေရာမှာ ရပ်တည်နေနိုင်ပါတယ်။ ထူးခြားချက်က မြန်မာတွေရဲ့ ဒေသတွင်း ပြိုင်ဘက် ထိုင်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂နေရာမှာ ရပ်တည်နေတာပါပဲ။ ထိုင်းတွေဟာ ဖူဆယ်လိဂ် ပြိုင်ပွဲကို ၂၀၀၆ ခုနှစ်မှာ စတင်ကျင်းပ ခဲ့ကြပါတယ်။ အမျိုးသား ဖူဆယ်လိဂ်မှာ ၁၂သင်း၊ အမျိုးသမီး ဖူဆယ်လိဂ်မှာတော့ ၈သင်း ရှိပါတယ်။ အာရှရဲ့ အကောင်းဆုံး ဖူဆယ် အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ထိုင်းအသင်းဟာ အရှေ့တောင် အာရှ ဒေသတွင်း ပြိုင်ပွဲ ၈ကြိမ် ကျင်းပခဲ့ရာမှာ ၇ကြိမ် ၀င်ရောက် ယှဉ်ပြိုင်ပြီး ၇ကြိမ်လုံး အနိုင်ရ ဗိုလ်စွဲထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ မြန်မာအသင်းကတော့ ၂၀၀၆ ဖူဆယ်ပွဲမှာ တတိယ ရခဲ့ဖူးတာကပဲ အအောင်မြင်ဆုံးလို့ ဆိုရမှာပါ။
 ဘောလုံးနဲ့ ဖူဆယ် ဘာတွေ ကွာသလဲ
ဖူဆယ်ရဲ့ သမိုင်းကြောင်းကို ဆွေးနွေး အပြီးမှာ ဖူဆယ်ဆိုတာ ဘာလဲ၊ သာမန် ဘောလုံးပွဲတွေနဲ့ ဘယ်လို ကွာဟသလဲ ဆိုတာကို ဆက်လက်ပြီး တင်ပြဆွေးနွေး လိုပါတယ်။ ဖူဆယ်ဟာ သာမန် ဘောလုံးပွဲတွေလို နှစ်သင်းယှဉ်ပြိုင် ကစားရပြီး ပြိုင်ဘက် အသင်းရဲ့ ဂိုးပေါက်ထဲ ဂိုးပိုသွင်းနိုင်တဲ့ အသင်းက အနိုင်ရတယ် ဆိုနိုင်ပေမယ့် မတူညီ ကွဲပြားနေတဲ့ အချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ရှိနေပါတယ်။ ဒီအချက်တွေကပဲ ဘောလုံးအားကစားကို ချစ်မြတ်နိုး အားပေးကြတဲ့ ပရိသတ်တွေ အတွက် မတူညီတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။
ကစားသမား အရေအတွက်
ဘောလုံးပွဲ တစ်ပွဲမှာ တစ်ဘက်ကို ကစားသမား ၁၁ယောက် ပါဝင်ကစားပြီး အရန်ကစားသမား ၇ယောက်နဲ့ လူစားလဲခွင့် ၃ကြိမ် ခွင့်ပြုထားပါတယ်။ ဖူဆယ်မှာတော့ တစ်ဘက်ကို ဂိုးသမားတစ်ဦး အပါအ၀င် ကစားသမား ၅ယောက် ပါဝင်ကစား ရပါတယ်။ အရန် ကစားသမားကိုတော့ အများဆုံး ၇ဦးအထိ ထားခွင့်ရှိပြီး ပွဲချိန်အတွင်း အကန့်အသတ် မရှိ အလဲအထုတ် လုပ်ခွင့်ရှိပါတယ်။ လူစားလဲတာကို ပွဲကစား နေချိန်မှာတောင် လဲခွင့်ပေးထားတာ တွေ့ရပြီး အသင်းတစ်သင်းဟာ ကစားသမား ၃ဦးထက် နည်းသွားမယ် ဆိုရင်တော့ ပွဲကို ဖျက်သိမ်းပါတယ်။
ဝတ်စုံနှင့် တန်ဆာပလာများ
သာမန်ဘောလုံးပွဲ တစ်ပွဲမှာ ကစားသမားတွေ ၀တ်ဆင်ရလေ့ ရှိတဲ့အတိုင်း လက်ပါတဲ့ ဂျာစီ (သို့) ရှပ်ကို ၀တ်ဆင်ရပါတယ်။ ဘောင်းဘီတို၊ ခြေအိတ်၊ ရာဘာ (သို့မဟုတ်) ပလတ်စတစ်နဲ့ လုပ်ထားတဲ့ Shinguards ကို ၀တ်ဆင်ခွင့် ရှိပါတယ်။ ဖိနပ်ကိုတော့ ရာဘာနဲ့ လုပ်ထားတဲ့ ရှူးကိုပဲ စီးရပါတယ်။ ဂိုးသမားကို ဘောင်းဘီရှည် ၀တ်ခွင့်ပေးထားပြီး အသင်းဖော်တွေ၊ ဒိုင်တွေနဲ့ မတူညီတဲ့ အရောင်ကို ၀တ်ဆင်စေပါတယ်။ ထိခိုက် အနာတရ ဖြစ်စေနိုင်တဲ့ လက်ဝတ်ရတနာ ကိုတော့ သာမန်ဘောလုံး ပွဲတွေလိုပဲ ၀တ်ဆင်ခွင့် မပေးပါဘူး။
ဒိုင်လူကြီးများ
ပွဲတစ်ပွဲကို Laws of the Game အတိုင်း ကိုင်တွယ် ကြီးကြပ်မယ့် ဒိုင်တစ်ယောက်လိုအပ်ပြီး အဲ့ဒီဒိုင်ဟာ အကြောင်းကြောင်းကြောင့် လိုအပ်လာတဲ့ အခါမျိုးမှာ ပွဲကို ရပ်နားဖို့ အခွင့်အာဏာ ရှိသူလည်း ဖြစ်ပါတယ်။ ပထမဒိုင်ကို ဒုတိယ ဒိုင်တစ်ဦးက ကူညီပေးရပါတယ်။ ဒုတိယဒိုင်ဟာ ပထမဒိုင် ရှိမနေတဲ့ ဘက်ခြမ်းမှာ နေရာယူရပြီး Laws of the Game က စည်းမျဉ်းတွေ အရ လိုအပ်တဲ့ အခါမျိုးမှာ ၀ီစီကို အသုံးပြုခွင့်လည်း ရှိပါတယ်။ ဒ့ါအပြင် တတိယဒိုင်နဲ့ အချိန်မှတ်သားသူ တစ်ယောက်လည်း လိုအပ်ပါသေးတယ်။ ပွဲချိန်အတွင်း ပြစ်ဒဏ်ဘောတွေကို မှတ်သားထားဖို့နဲ့ လိုအပ်တဲ့အခါမှာ ပထမဒိုင်နဲ့ ဒုတိယ ဒိုင်နေရာ အစားဝင်ဖို့ပါ။ အချိန်မှတ်သားသူဟာ ပထမပိုင်း၊ ဒုတိယပိုင်း၊ အချိန်ပို၊ ရပ်နားခွင့် ပြီးဆုံးချိန်တွေကို ညွှန်ကြားဖို့လည်း တာဝန်ယူ ရပါတယ်။
ကစားကွင်း အမျိုးအစား
ဘောလုံးဟာ လဟာပြင် ကွက်လပ်မျိုးမှာ ကစားရတာ ဖြစ်ပြီး ဖူဆယ်ကတော့ အားကစားရုံတွင်းမှာပဲ ယှဉ်ပြိုင်ရတာပါ။ လဟာပြင်မှာ ကစားတဲ့ ဘောလုံးကွင်း အရွယ်အစားက ရုံတွင်း ဖူဆယ်ကွင်းတွေထက် အများကြီး ပိုကျယ်ပါတယ်။ ဘောလုံးကွင်း တစ်ကွင်းရဲ့ အလျားဟာ ၉၀မီတာကနေ ၁၂၀မီတာအတွင်း ကျယ်ဝန်းရမယ်လို့ သတ်မှတ်ထားပေမယ့် ဖူဆယ်ကွင်း တစ်ကွင်းရဲ့ အလျားဟာ ၃၈မီတာကနေ ၄၂မီတာပဲ ရှိပါတယ်။ အနံမှာတော့ ဘောလုံးကွင်းတွေဟာ ၄၅မီတာကနေ မီတာ ၉၀ကြားရှိပြီး ဖူဆယ်ကွင်းကတော့ ၁၈မီတာကနေ ၂၅မီတာ အထိပဲ ကျယ်ဝန်းပါတယ်။
 မျက်နှာပြင် အမျိုးအစား
ဘောလုံးကွင်း အများစုဟာ မြက်ခင်းကွင်းတွေသာ ဖြစ်ပြီး ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ထိန်းသိမ်းရ ခက်တဲ့နေရာ မျိုးမှာတော့ မြက်ခင်းတု ကွင်းအမျိုးအစားကို အသုံးပြုကြပါတယ်။ ဖူဆယ်ကွင်း မျက်နှာပြင်ကတော့ ပွန်းရှတတ်တာမျိုး မဟုတ်ဘဲ ညီညာချောမွတ်ရမယ်။ သစ် (သို့) သစ်သားတုတွေနဲ့ လုပ်တာ ရှိသလို Yinghui Court အမျိုးအစား (သို့) အခြား အမျိုးအစားတူ ကွင်းတွေလည်း ရှိပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ပြန့်ပြူးပြီး ချောမွတ်တဲ့ ထိရှနိုင်ခြင်း မရှိတဲ့ ကွင်းမျိုးကိုလည်း အသုံးပြု နိုင်ပါတယ်။ အဓိက ရှောင်ရမှာက ကွန်ကရစ်နဲ့ ကတ္တရာခင်းတွေ ပါပဲ။ ဖူဆယ်ကွင်း လုပ်မယ့် အားကစားရုံ တစ်ရုံရဲ့ အမိုးအမြင့်ဟာ အနိမ့်ဆုံး ၄မီတာ ရှိရမယ်လို့လည်း သတ်မှတ်ထားပါတယ်။
ကွင်းအကျယ်၊ စည်းဆွဲပုံနဲ့ ပြစ်ဒဏ်ဘော သတ်မှတ်ပုံ
ဘောလုံးပွဲတွေရဲ့ ဂိုးပေါက် အကျယ်ဟာ ဂိုးတိုင်နှစ်တိုင် အကြားမှ ၇.၃၂မီတာ (၈ကိုက်တိတိ) ဖြစ်ပြီး အမြင့်ကတော့ ၂.၄၄မီတာ (၈ပေတိတိ) ရှိပါတယ်။ ဖူဆယ်ဂိုးရဲ့ ဂိုးပေါက် အရွယ်အစားက ဂိုးတိုင်နှစ်တိုင် အကြား အကျယ် ၃မီတာနဲ့ အမြင့် ၂မီတာပဲ ရှိပါတယ်။
ဘောလုံးပွဲတွေမှာ ၁၈ကိုက်စည်းလို့ လူအများသိတဲ့ လေးထောင့်စပ်စပ် ပင်နယ်တီ ဧရိယာနဲ့ ၆ကိုက်စည်း ဖြစ်တဲ့ ဂိုးဧရိယာ အတွင်း ဆိုပြီး နှစ်ခု ပါဝင်ပါတယ်။ ဖူဆယ်မှာတော့ ဂိုးတိုင် တစ်တိုင်ချင်းကနေ ၆မီတာ အကျယ် စက်ဝိုင်းစိတ်စည်း နှစ်ခုဆွဲကာ အလယ်မှာ ဂိုးစည်းနဲ့ အပြိုင် ဖြစ်စေမယ့် ၃.၁၆မီတာ မျဉ်းဖြောင့်တစ်ခုနဲ့ ဆက်ပေးပြီး ပင်နယ်တီ ဧရိယာလို့ သတ်မှတ်ပါတယ်။
ပင်နယ်တီ တည်ကန်ဘော နေရာကတော့ ဂိုးပေါက်နဲ့ ၆မီတာတိတိ ကွာဝေးတဲ့ ပင်နယ်တီ ဧရိယာမျဉ်းပေါ် တည့်တည့်မှာ ရှိပါတယ်။ ပင်နယ်တီ ဧရိယာ အတွင်းမှာ ဂိုးသမားက ဘောလုံးကို လက်နဲ့ထိခွင့် ရှိတာချင်းတော့ တူပါတယ်။ မတူတာက ဖူဆယ်မှာ ဒုတိယမြောက် ပင်နယ်တီ အမှတ်အသား တစ်ခု ရှိသေးတာပါပဲ၊ သူဟာ ဂိုးတိုင်နှစ်တိုင်ကြား အလယ်တည့်တည့် စည်းပေါ်ကနေ ၁၀မီတာ အကွာအဝေးမှာ ရှိပါတယ်။
ပင်နယ်တီ စည်းပေါ်မှာ ရှိတဲ့ ပင်နယ်တီ အမှတ်အသားက ဘောလုံးပွဲတွေမှာလို ပင်နယ်တီ ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်တဲ့ အခါမျိုးမှာ အသုံးပြုတဲ့ ပင်နယ်တီ အမှတ်အသားပါ။ ၁၀မီတာ အကွာမှ ရှိတဲ့ ဒုတိယမြောက် ပင်နယ်တီ အမှတ်အသားကတော့ ကစားသမား တစ်ယောက်ဟာ သူ့အသင်းရဲ့ ၆ကြိမ်မြောက် ပြစ်ဒဏ် ကျူးလွန်တဲ့ အခါမှ အသုံးပြုရမယ့် ပင်နယ်တီ အမှတ်အသား ဖြစ်ပါတယ်။ ပုံမှန် ပြစ်ဒဏ်ဘော တွေကို ပြစ်ဒဏ်ဘော ကျူးလွန်တဲ့ နေရာကနေသာ ကန်ခွင့် ပြုပေမယ့် အသင်းတစ်သင်းဟာ ၆ကြိမ်မြောက် ပြစ်ဒဏ်ကို ကျူးလွန်တဲ့ အခါမှာတော့ ပြိုင်ဘက်အသင်းဟာ ဒုတိယ ပင်နယ်တီ အမှတ်အသားကနေ ပင်နယ်တီ ကန်ခွင့်ရပါတယ်။ တံတိုင်းကာခွင့် မရှိဘဲ ကစားသမား အားလုံးဟာ ဒုတိယ ပင်နယ်တီ အမှတ်အသားရှိတဲ့ စိတ်ကူးလိုင်း (ဒုတိယ ပင်နယ်တီ အမှတ်အသား အပါအ၀င် အစက် ၃စက်ဖြင့် စိတ်ကူး ပုံဖော်နိုင်သည့်စည်း) ရဲ့ နောက်မှာသာ နေခွင့်ရှိပါတယ်။ ဂိုးသမားကတော့ ဒုတိယ ပင်နယ်တီ အမှတ်အသားရဲ့ အနည်းဆုံး ၅မီတာအကွာ ဂိုးဧရိယာအတွင်း နေရာယူရမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ဘော ၅ကြိမ်ကျော်သွားပြီ ဆိုတာနဲ့ နောက်ထပ် ဆက်ဖြစ်တဲ့ ပြစ်ဒဏ်ဘော အားလုံးဟာ ပင်နယ်တီပါပဲ။ ဒါပေမဲ့ ပထမပိုင်းပြီးလို့ ဒုတိယပိုင်း ပြန်စတဲ့အခါမှာတော့ ဒီအရေအတွက်ဟာ သုညက ပြန်စရပါတယ်။
 ပွဲကစားချိန် ကာလအပိုင်းအခြား
ဘောလုံးပွဲ တစ်ပွဲမှာ သာမန်ပွဲကစားချိန်က ပထမပိုင်း ဒုတိယပိုင်း ၄၅မိနစ်စီ ကစားရပါတယ်။ ပွဲချိန်အတွင်း လေလွင့်ချိန်တွေကို ပထမပိုင်း ဒုတိယပိုင်း ပြီးခါနီးမှာ ကွင်းလယ်ဒိုင်က ထပ်ပေါင်းဖြည့်စွက်ပြီး နာကျင်အချိန်ပို ဆိုပြီး သတ်မှတ်ပေးပါတယ်။ ဖူဆယ်က ပုံမှန်အားဖြင့် ဆိုရင်တော့ မိနစ် ၂၀စီ ကစားရတဲ့ ပထမပိုင်း၊ ဒုတိယပိုင်း ဆိုပြီး သတ်မှတ်ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ခုကြား အားလပ်ချိန်က ၁၅မိနစ်ပါပဲ။ အရှုံးအနိုင်မပေါ်တဲ့ ရှုံးထွက်လို ပွဲစဉ်တွေမျိုးမှာတော့ အဝေးဂိုး၊ အချိန်ပို၊ ပင်နယ်တီ ဆုံးဖြတ်ချက်တွေနဲ့ပဲ ဆုံးဖြတ်ပါတယ်။ အချိန်ပိုကို ပထမပိုင်း ဒုတိယပိုင်း ၅မိနစ်စီ ကစားရပါတယ်။ အရှုံးအနိုင် မပေါ်တဲ့အခါ ပုံမှန် ဘောလုံးပွဲတွေ ကလိုပဲ တစ်ဖက် ၅ယောက်စီ အဆုံးအဖြတ် ပင်နယ်တီ ကန်ကြရပြီး အနိုင်အရှုံး မပေါ်မချင်း တစ်လှည့်စီ ကန်ကြရပါတယ်။
ပွဲကစားချိန်ကို အချိန်မှတ်သားသူ တစ်ဦးက အချိန်အလွန် တိကျသော နာရီ (Chronometer) နဲ့ သေချာ မှတ်သားပေးထားပြီး ကစားနေခြင်း မရှိတဲ့ အချိန်တွေမှာ နာရီကို ရပ်တန့်ထားရမှာ ဖြစ်ပါတယ်။ ပွဲပြန်စတင် ကစားပြီ ဆိုမှ အချိန်ကို ပြန်လည် ရေတွက်စေပြီး အမှန်တကယ် ယှဉ်ပြိုင် ကစားတဲ့ အချိန်ကို ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ပိုင်းစီမှာ မိနစ် ၂၀စီ တိတိကျကျ ရှိစေရပါတယ်။ အသင်းတစ်သင်းဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ခုစီမှာ တစ်မိနစ်ကြာ ရပ်နားခွင့် (Time-out) တစ်ကြိမ်စီ တောင်းဆိုခွင့် ရှိပါတယ်။
ပြစ်ဒဏ်ဘော၊ အပြစ်ပေးခြင်း
တိုက်ရိုက် ပြစ်ဒဏ်ဘော၊ တဆင့် ပြစ်ဒဏ်ဘောတွေ၊ အ၀ါကတ်၊ အနီကတ် အသုံးပြုတာတွေ ကတော့ သာမန်ဘောလုံးပွဲ တစ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ သိပ်မကွာလှတာ တွေ့ရပါတယ်။ သို့ပေမယ့် ဖူဆယ်မှာ ထူးခြားတာ တစ်ချက်က အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ကစားသမား နေရာမှာ အခြား ကစားသမား တစ်ဦးနဲ့ အစားထိုးခွင့် ရှိတာပါပဲ။ အထုတ်ခံရပြီး နှစ်မိနစ် ကြာတဲ့အချိန်မှာ အရန် ကစားသမား တစ်ဦးက ပြန်ပြီး အစားထိုး ၀င်ရောက်ကစား နိုင်ပါတယ်။ ဖူဆယ်မှာ ဘေးထွက်ဘော တွေကိုတော့ လက်ပစ်ဘောလို့ မသတ်မှတ်ဘဲ တည်ကန်ဘောနဲ့ပဲ ပြန်လည် စတင်ရပါတယ်။ Laws of the Game အရတော့ အသေးစိတ် စည်းမျဉ်းစည်းကမ်းတွေ အများကြီး ထပ်ပြီး ရှိနေသေးတာလည်း တွေ့ရပါတယ်။
ဘောလုံး အမျိုးအစား
ဘောလုံးပွဲတွေမှာ သုံးတဲ့ ဘောလုံးနဲ့ ဖူဆယ်မှာ သုံးတဲ့ ဘောလုံးက မတူညီပါဘူး။ ဖူဆယ်ဟာ စံနှုန်း Size 4 ဘောလုံးမျိုးကို အသုံးပြုပြီး ဘောလုံးပွဲ တွေမှာတော့ Size 5 ကို သုံးပါတယ်။ ဖူဆယ် ဘောလုံးရဲ့ အ၀န်းဟာ ၆၂စင်တီမီတာနဲ့ ၆၄စင်တီမီတာ ကြားမှာ ရှိရမယ်လို့ Laws of the Game က သတ်မှတ်ထားပါတယ်။
အထက်ပါ အချက်တွေကို ယှဉ်ထိုးကြည့်မယ် ဆိုရင် ဘောလုံးနဲ့ ဖူဆယ် ကွာဟချက်တွေ အများကြီး ရှိတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဘောလုံးပွဲတွေကတော့ ကွင်းကြီးကြီးမှာ အဝေးပေးဘောတွေ၊ အမြောက်ကန်တင် ပေးမှုတွေ၊ အကွက်ကျဲကျဲ ကစားမှုတွေ ဦးစားပေးကစားတတ်ပြီး ကစားသမား တစ်ယောက်အတွက် နေရာလွတ်တွေ ပိုပြီး ရှိနေတတ်ပါတယ်။ သို့ပေမယ့် ဖူဆယ်ကတော့ ကျွမ်းကျင်မှုကို ဦးစားပေး ကစားရတဲ့ ပွဲမျိုးပါ။ ကွင်းကျဉ်းကျဉ်းမှာ ဘောလုံး ကျွမ်းကျင်မှု မပိုင်နိုင်ဘူး ဆိုရင် ပြိုင်ဘက်အသင်းကို ယှဉ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကစားသမား တစ်ယောက် အချိန်ဆွဲခွင့် မရအောင် စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားတဲ့ ဖူဆယ်ပွဲတွေဟာ ဘောလုံးပွဲတွေမှာ ကြုံနေ တွေ့နေရတဲ့ စိတ်ပျက်စရာ အချိန်ဆွဲ ကစားခြင်းမျိုးနဲ့လည်း ကင်းကွာနေတာ အမှန်ပါပဲ။ အလှအပ၊ အတို့အဆိတ်၊ အနှုတ်အသိမ်း၊ အပေးအယူ၊ နားလည်မှု ဟန်ချက်ညီညီနဲ့ Team Work နဲ့ ယှဉ်ပြိုင်ရတဲ့ ဖူဆယ် ပွဲတွေဟာ ဘောလုံး အားကစားအပေါ် စိတ်ဝင်စားကြတဲ့ ပရိသတ်တိုင်းကို သေချာပေါက် ခုံမင်နှစ်သက် စေနိုင်မယ့် ကစားနည်းမျိုးပဲ ဖြစ်ပါတယ်။
၂၀၁၃ ဆီးဂိမ်းနဲ့ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ဖူဆယ်လိဂ်ပြိုင်ပွဲက ပေါ်ထွက်လို့ လာပါပြီ။ ပြိုင်ပွဲ မိတ်ဆက်ပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က အခုလို မိန့်ကြားခဲ့ပါတယ်။ "မြန်မာတွေ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၁၃ ဆီးဂိမ်းမှာ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွေ ထည့်သွင်း ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလိဂ်က နိုင်ငံအသင်း အောင်မြင်မှု ရရှိအောင် အများကြီး ပံ့ပိုးပေးနိုင်မယ်လို့ ထင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။
 "Something is better than nothing" ဆိုတဲ့ စကားလိုပါပဲ။ အားကစားနည်း တစ်ခုခုမှာ အောင်မြင်မှု ရရှိဖို့၊ တိုးတက်လာဖို့ ဆိုတာက ပြိုင်ပွဲတွေကို အစဉ်သဖြင့် ကျင်းပပေးနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတ၀န်း ပြိုင်ပွဲတွေ များများ ကျင်းပနိုင်ပါမှလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ များများ ပေါ်ထွက်လာပြီး လက်ရွေးစင် အသင်း ရွေးချယ်ယှဉ်ပြိုင် စေရာမှာလည်း ပိုပြီး အထောက်အကူ ဖြစ်စေမှာပါ။ အားကစားသမား ဆိုတာ ပုံမှန်လေ့ကျင့်မှု ရှိနေပါမှ၊ ပုံမှန် ပြိုင်ပွဲတွေ ကစားနေနိုင်ပါမှ၊ သင်ယူ လေ့လာခွင့်တွေ ရရှိပါမှ ပို၍ပို၍ တိုးတက်လာမှာပါ။ အခု ဖူဆယ်လိဂ် ပြိုင်ပွဲမှာ နိုင်ငံခြားသား ပရော်ဖက်ရှင်နယ် ကစားသမားတွေ ပါဝင်ခွင့် ပေးထားတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုလို့ မြင်မိပါတယ်။
ကမ္ဘာကျော် ဘရာဇီးလ် ဘောလုံးသမားတွေ ဖြစ်တဲ့ ပီလီ၊ ဇီကို၊ ဆိုကရေးတီး၊ ဘီဘီတိုနဲ့ တခြား ဘရာဇီးလ် စူပါစတား ကစားသမားတွေဟာ ဖူဆယ်ပွဲတွေမှာ ပါဝင် ကစားရင်းက သူတို့ရဲ့ ဘောလုံး စွမ်းရည်တွေကို တိုးတက် စေခဲ့ကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံအတွင်း ဖူဆယ်ကို စိတ်ဝင်စားမှု မြင့်တက်လာစေဖို့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြတဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ၊ ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် အဓိက နေရာက ပံ့ပိုးကူညီပေးခဲ့တဲ့ မြန်မာဘရူဝါရီမှ တာဝန်ရှိသူတွေကို ကျေးဇူးတင်မိပါတယ်။
ဒီပြိုင်ပွဲက အစပြုပြီး မြန်မာတွေ ဖူဆယ်ကို ယခင်ကထက် ပိုပြီး စိတ်ဝင်တစား ရှိလာကြဖို့နဲ့ လက်ရွေးစင်အဆင့် ဖူဆယ် ကစားသမားတွေ ပိုပြီး ထွက်ပေါ်လာဖို့ ဆန္ဒပြုမိပါတယ်။ ဖူဆယ်လိဂ် ပြိုင်ပွဲဟာ လက်ရွေးစင် ဖူဆယ်အသင်းရဲ့ အရည်အသွေးနဲ့ ပြိုင်ပွဲဝင်မှု စွမ်းရည်ကို ပိုမို တိုးတက်စေပြီး ၂၀၁၃ မြန်မာဆီးဂိမ်းမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်မိပါကြောင်း တင်ပြရင်း....
|